ရွေးကောက်ပွဲနိုင်မယ်လို့ ယုံကြည်ပါတယ်

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) သည် နိုင်ငံရေး ပါတီအဖြစ် ဆက်လက် ရပ်တည်ရန် ရွေးကောက်ပွဲ ကော်မရှင်သို့ မတ်လ ၂၉ ရက်နေ့တွင် လျှောက်ထား ခဲ့သည်။

တစည ပါတီသည် ကွယ်လွန်သူ ဦးနေဝင်း တည်ထောင် ခဲ့သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီကို ၁၉၈၈ ခုနှစ်တွင် အမည် ပြောင်းပြီး ပြန်လည် ဖွဲ့စည်း ထားခြင်း ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက် ပွဲတွင် ပါဝင်ယှဉ်ပြိုင် စဉ်က မဲဆန္ဒနယ် ၁၀ နေရာတွင် အနိုင်ရရှိ ခဲ့သည်။

ယခု ၂၀၁၀ ရွေးကောက်ပွဲ တွင်လည်း ပါဝင် ယှဉ်ပြိုင်ရန် တစည ပါတီက အသင့် ဖြစ်နေသည်။ တစည ပါတီ၏ လက်ရှိ အခြေအနေ များနှင့် ပတ်သက်ပြီး ပါတီ၏  ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဟန်ရွှေကို ဧရာဝတီ သတင်းထောက် စောရန်နိုင်က ဆက်သွယ် မေးမြန်းထားပါသည်။


မေး ။   ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်လိုက်ပြီလို့ ကြားရတယ်။ ဘယ်နေ့က တင်လိုက်တာလဲ။


ဖြေ
။  ။ ပါတီ မှတ်ပုံတင်ဖို့ ပထမ အဆင့်အနေနဲ့ ၂၉ရက်နေ့က ကျနော်တို့ လျှောက်လွှာတင်ပါတယ်။ ဥပဒေအရ ကျနော်တို့ တင်တဲ့ အပေါ်မှာ ကြည့်ပြီးတော့ ကော်မရှင်က နေပြီးတော့ ဒုတိယ အဆင့်အနေနဲ့ ကျနော်တို့ကို မှတ်ပုံတင်ခွင့် ပြုပြီ ဆိုတဲ့ အခါမှ ကျနော်တို့က မှတ်ပုံတင်တဲ့ ပါတီ ဖြစ်သွားပြီ။ ရက်ပေါင်း ၆၀ အတွင်းမှာ ကျနော်တို့ ပါတီက နိုင်ငံရေး ပါတီ တရပ် အဖြစ်နဲ့ ဆက်လက်ပြီးတော့ ရပ်တည်ချင်ပါတယ်ဆိုတဲ့ ကျနော်တို့ရဲ့ သဘောထားကို တင်ပြလိုက်တာပါပဲ။


မေး ။   ။  မဲဆန္ဒနယ် ဘယ်နှစ်နေရာလောက်မှာ ၀င်ပြိုင်မလဲ။

ဖြေ ။    ။ ရွေးကောက်ပွဲကို ကျနော်တို့က သုံးမျိုး ၀င်ရမယ့် သဘောရှိတယ်။ ပြည်သူ့လွှတ်တော်မှာက  ပြည်သူက ၃၃၀ ရွေးချယ်ပေးရမယ်။ အမျိုးသား လွှတ်တော်မှာ ပြည်သူက ၁၆၈ ယောက် ရွေးချယ်ပေးရမယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာက တမြို့နယ် ၂ယောက်နှုန်းနဲ့ မြို့နယ်ပေါင်း ၃၀၀ကျော် ဆိုတော့ ကိုယ်စားလှယ်ပေါင်း ၆၀၀ ကျော် ပြည်သူက ရွေးချယ်ပေးရမယ်။ အဲဒီတော့  ပြည်သူက ရွေးချယ်ပေးရမယ့် လွှတ်တော် ကိုယ်စားလှယ်ပေါင်း အားလုံးပေါင်း ၁၀၀၀ ကျော်တယ်ဗျ။ ကျနော်တို့ကလည်း တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ၀င်မှာ ဆိုတော့ အကုန်လုံး မြို့နယ် အပြည့်တော့ ကျနော်တို့ ၀င်နိုင်ချင်မှ ၀င်နိုင်လိမ့်မယ်။ ကျနော်တို့ ပါတီ အတွက် အခြေအနေပေးတဲ့ မြို့နယ်ဆိုရင်  အဓိကထားပြီး ၀င်မယ်။ ဒါ့အပြင် တခြား ပြိုင်ဘက် ပါတီတွေနဲ့ သူယှဉ် ကိုယ်ယှဉ် ရှိတဲ့ နေရာမျိုးတွေမှာ ကျနော်တို့ ၀င်ပါ့မယ်။ ကျနော်တို့ ပါတီ အတွက် အခြေ အနေ မပေးတဲ့ မြို့နယ်တွေလည်း ရှိချင်ရှိမယ်။ ဒီဟာတွေကိုတော့ ကျနော်တို့ စွန့်လွှတ်ချင် စွန့်လွှတ်ရမယ့် သဘော ရှိပါတယ်။ ကျနော်တို့ အများစု ၀င်ပြိုင်နိုင်မယ်လို့ ရည်မှန်းထားပါတယ်။ အခုတော့ အောက်ခြေဆင်းပြီး စစ်တမ်း ကောက်တာတွေ လုပ်နေပါတယ်။

မေး ။   ။ စစ်တမ်း အရ မဲဆန္ဒနယ် ဘယ်နှစ်ခုလောက်မှာ နိုင်မယ်လို့ ခန့်မှန်းထားသလဲ။

ဖြေ ။   ။ ကျနော်တို့က ၂၀၀ကျော်လောက် မှန်းထားပါတယ်။ သုံးနေရာလုံးမှာ ထက်ဝက်ကျော် လောက်တော့ မှန်းထားပါတယ်။

မေး ။   ။ နိုင်ဖို့ အတွက် ဘယ်လို ပြင်ဆင်ထားလဲ။

ဖြေ ။    ။ အဲဒါတော့ ကျနော်တို့ manifesto (ပါတီ၏ မူဝါဒ) အားလုံး လုပ်ထားပြီးပါပြီ။  election campaign (ရွေးကောက်ပွဲ မဲဆွယ်မှု) နဲ့ ပတ်သက်ပြီးတော့လည်း အချိန် တိတိကျကျ ပြောထားတာ မရှိသေးပါဘူး။ campaign အချိန် ကျရင်တော့ ဒါတွေကို ကျနော်တို့ တရားဝင် ထုတ်ပြန် ပြီးတော့ အသိပေး ဆောင်ရွက်သွားပါ့မယ်။

မေး ။   ။  တစညမှာ ရန်ပုံငွေ လုံလုံ လောက်လောက် ရှိသလား။ ရန်ပုံငွေ ဘယ်လို ရှာသလဲ။

ဖြေ ။   ။ ဥပဒေ အရ လွှတ်တော် ကိုယ်စားလှယ် တယောက်ကို ငါးသိန်း တင်ပြီးတော့ လုပ်ရမယ် ဆိုတော့ တော်တော်လေး များတဲ့ အနေအထား ရှိပါတယ်။  ပါတီရဲ့ ရန်ပုံငွေကလည်းပဲ တတ်နိုင်သမျှ သန့်သန့် ရှင်းရှင်း ဖြစ်မယ့် ရန်ပုံငွေမျိုးကို လိုချင်ပါတယ်။ အဲဒါကြောင့် ကျနော်တို့က ဒီဟာကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီးတော့ လုပ်သွားမယ် လို့ ရည်ရွယ်ထားပါတယ်။  ပါတီဝင်တွေကနေ ကျနော်တို့ကို ပါတီ စည်းမျဉ်း အရ ပေးရတဲ့ လစဉ်ကြေးတွေ ရှိပါတယ်။ စာရွက်စာတမ်းလေးတွေ ကျနော်တို့ ထုတ်ခွင့် ရတာ ရှိပါတယ်။ ဒီအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ သွားရမယ့် သဘော ရှိတယ်။ အထူးသဖြင့် ပါတီမှာ ရှိတဲ့ ရန်ပုံငွေတွေနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ ထည့်ဝင်ငွေနဲ့ ပေါင်းစည်းပြီးတော့ ဒီဟာတွေကို ကျနော်တို့ ကျော်လွှားဖို့ ရည်မှန်းထားပါတယ်။

မေး ။  ။ သက်ဆိုင်ရာ ပုဂ္ဂိုလ်ဆိုတာက ပါတီဝင်ထဲက ပဲလား။ တခြား စီးပွားရေး သမားထဲကလား။

ဖြေ ။   ။ သူတို့လည်း ကျနော်တို့ ပါတီကို လိုလား လို့ရှိရင် ထည့်ဝင်နိုင်တယ်။ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့။ အဓိကကတော့ ပါတီဝင်တွေပေါ့။ စီးပွားရေး သမားတွေထဲကလည်း ကျနော်တို့ ပါတီဝင်တွေ အများကြီး ရှိတာကိုး။ အခုဟာက မဲဆန္ဒနယ်တွေလည်း မကြေညာရသေးဘူး။ ဒါပေမယ့် ညွှန်ကြားချက်တွေ လုပ်ထုံး လုပ်နည်းတွေ ထပ်ပြီး ထွက်ဦးမယ်။ အဲဒီအခါ အသေးစိတ် ပါလာရင် ကျနော်တို့ နည်းနည်းလေး ခန့်မှန်း တွက်လို့ ရတယ်။

မေး ။   ။ ပါတီရဲ့ ဖွဲ့စည်းပုံကိုရော ရေးပြီးသွားပြီလား။

ဖြေ ။   ။ ကျနော်တို့ ပါတီက ၁၉၈၈ နောက်ပိုင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ဖွဲ့ကတည်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ လုပ်ထားတဲ့ ပါတီပဲ။ အဲဒါတွေ ကျနော်တို့ဆီမှာ အခိုင်အမာ ရှိပါတယ်။

မေး ။   ။ ပါတီရဲ့ မူဝါဒ၊ သဘောတရားတွေကဘယ်လိုမျိုးလဲ။

ဖြေ ။   ။ ကျနော်တို့က (မြန်မာ့ဆိုရှယ်လစ်) လမ်းစဉ် ပါတီကနေ အမွေခံလာတဲ့ ပါတီ ဖြစ်ပါတယ်။ ဒီ ၁၉၈၈ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ဖွဲ့တဲ့ အခါမှာ ကျနော်တို့က ဟိုတုန်းက တပါတီ စနစ်ကိုး၊ အခုက ပါတီစုံ စနစ်ဆိုတော့ ပါတီစုံ စနစ်နဲ့ ကိုက်မယ့် မူဝါဒ သဘောတရားတွေကို ကျနော်တို့ ပြန်ပြီးတော့ ပြောကြ ဆိုကြ ပြုပြင်ကြရတဲ့ သဘောရှိတယ်။ ကျနော်တို့ကတော့ အခုလောလော ဆယ်ဆယ် လူအများ ကောင်းစားရေး ၀ါဒပါပဲ။ နောက်ပြီးတော့ ပြည်သူ့ အကျိုးပြု မြန်မာ့ လမ်းစဉ်ပေါ့။  ကျင့်စဉ် အနေနဲ့ ကြည့်မယ် ဆိုရင်တော့ ဒါဟာ မဇ္ဈမ ပဋိပဒါ ဖြစ်တယ်။ ၉၂၊ ၉၃ ခုနှစ် လောက်ကတည်းက ၀ါဒလမ်းစဉ်၊ ကျင့်စဉ်နဲ့ ပတ်သက်လို့ ကျနော်တို့ စာအုပ် စာတမ်းတွေ မြန်မာလိုရော၊ အင်္ဂလိပ်လိုရော လုပ်ပြီးတော့ တတိုင်းပြည်လုံးကို ကျနော်တို့ ဖြန့်ဝေတာ ရှိပါတယ်။

မေး ။   ။  ပါတီ အလံကရော ဘယ်လိုပုံစံလဲ။

ဖြေ ။   ။ နဂိုကတည်းက ပါတီ အလံရှိပါတယ်။ ပါတီ အလံက အနီရောင်ပါ။ ဘယ်ဘက်ထောင့်မှာ အဖြူရောင် ကြယ်သုံးပွင့် ရှိပါတယ်။

မေး ။   ။ ပါတီ ခေါင်းဆောင်တွေက ဘယ်သူတွေလဲ။ ပါတီဝင် အရေအတွက် ဘယ်လောက်လောက် ရှိသလဲ။

ဖြေ ။   ။ ကျနော်တို့ ခေါင်းဆောင်က ဦးထွန်းရီ၊ အထွေထွေ အတွင်းရေးမှူးက ဦးသန်းတင်ပါ။ တွဲဖက် အထွေထွေ အတွင်းရေးမှူးက ဦးခင်မောင်ကြီး ပါ။  သူတို့ သုံးယောက် အပါအ၀င် CEC (ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်) ၂၃ ယောက် ရှိပါတယ်။  လမ်းစဉ်ပါတီတုန်းက ပါတီဝင် ၃သန်းလောက် ရှိတယ်ပေါ့ဗျာ။ (၁၉၉၀) ရွေးကောက်ပွဲ ဒီဘက်ပိုင်းမှာတော့ ပါတီဝင် ၅သိန်း လောက်ရှိပါတယ်။

မေး ။   ။ ၂၀၁၀ ရွေးကောက်ပွဲမှာ တစည ပါတီက နိုင်မယ်လို့ ယုံကြည်သလား။

ဖြေ ။   ။  နိုင်မယ်လို့ ယုံကြည်တာကြောင့် (ရွေးကောက်ပွဲ) ၀င်တာပေါ့ဗျာ။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်