“အပြတ်တိုက်ပြီး ရှင်းလို့ မရနိုင်ဘူး”

ထိုင်းမြန်မာနယ်စပ်ဒေသ အခြေစိုက် မွန်အမျိုးသားရေးရာ ယူနီယံ (Mon Affairs Union - MAU)သည် မွန်တိုင်းရင်းသား များ အရေးကို ဆောင်ရွက်နေသည့် အင်အားစုတရပ် ဖြစ်သည်။

MAU ကို ပညာရေး၊ နိုင်ငံရေး၊ စစ်ရေး စသည့် အလွှာ အသီးသီးသော မွန်တိုင်းရင်းသား ကိုယ်စားလှယ်များဖြင့် လွန်ခဲ့ သည့် ၂ နှစ်ကျော်က ဖွဲ့စည်းခဲ့သည်။

nai-sun-thornMAU ၏ သဘာပတိ အဖွဲ့ဝင် နိုင်ဆန်းထွန်းက ဧရာဝတီနှင့် တွေ့ဆုံရာတွင် စစ်အစိုးရအပေါ် သဘောထား၊ ၂၀၁၀ ရွေးကောက်ပွဲ၊ အပစ်ရပ် အဖွဲ့အစည်းတခုဖြစ်သည့် မွန်ပြည်သစ်ပါတီ ကြုံတွေ့နေရသော အခြေအနေတို့နှင့် ပတ်သက်ပြီး သူ၏ အမြင်များကို ပြောပြခဲ့သည်။

မေး။    ။ နအဖက အပစ်အခတ်ရပ်စဲရေး အဖွဲ့တွေအားလုံးကို နယ်ခြား စောင့်တပ်ပြောင်းပါ၊ ပါတီထောင်ပါ၊ ရွေးကောက်ပွဲဝင်ပါလို့ ကမ်းလှမ်းလာတာရှိတယ်။ ဒါပေမယ့် မွန်ပြည်သစ်ပါတီ အပါအ၀င် အပစ်ရပ်ထားတဲ့ တိုင်းရင်းသား အုပ်စု အတော်များများက ငြင်းဆိုထားတာရှိတယ်။ ဒီလိုအခြေအနေတွေ အပေါ် ဘယ်လိုရှုမြင် မိပါသလဲ။

ဖြေ။    ။ မွန်ပြည်သစ်ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမလုပ်ခင် စောစောပိုင်းကတည်းက ဖွဲ့စည်းပုံအခြေ ခံဥပဒေရေးဆွဲ တဲ့ အမျိုးသားညီလာခံကို တက်ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး လုပ်တုန်းကတိုင်းရင်းသားအရေးနဲ့ပတ်သက်ရင် အမျိုး သားညီလာခံမှာ ပြောပါလို့ ဗိုလ်ချုပ်ခင်ညွှန့်တို့ ပြောခဲ့တာရှိတယ်။ မွန်ပြည်သစ်ပါတီအနေနဲ့ သူတို့ပြောတဲ့အတိုင်း စနစ် တကျလုပ်ခဲ့ပါတယ်။ တိုင်းရင်သားအခွင့်အရေးနဲ့ ပတ်သက်ပြီး ဖယ်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်ပြီး အကြံပြုတင်ပြ ခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့ဘက်က ဘာမှ လျှော့ခဲ့ပါဘူး။ အဲ့ဒီတော့ မွန်ပြည်သစ်ပါတီက အမျိုးသားညီလာခံက နုတ်ထွက်ခဲ့တယ်။

လတ်တလော ပြီးခဲ့တဲ့ ဇူလိုင်၊ သြဂုတ်လတုန်းက နယ်ခြားစောင့်တပ်လုပ်ဖို့ဆိုပြီး မွန်ပြည်သစ်ပါတီကို ကမ်းလှမ်းလာတာရှိ တယ်။ မွန်ပြည်သစ်ပါတီကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ပြည်သူတွေရဲ့ သဘောထားကို တောင်းခံခဲ့တယ်။ ကျနော် တို့ဆီလည်း တောင်းခံခဲ့တာရှိတယ်။ ကျနော်တို့ကလည်း ကိုယ့်အဖွဲ့ရဲ့သဘောထားကိုပြန်ပေးခဲ့ပါတယ်။ ကျနော်တို့ ရည်မှန်းချက် တွေ ဘာတခုမှမရဘဲနဲ့ အာမခံချက်မရှိဘဲနဲ့ နယ်ခြားစောင့်တပ်အသွင်ပြောင်းတာ ဖြစ်နိုင်ပါ့မလား။ ကျနော် တို့ ရည်မှန်းချက် က မွန်လူမျိုးတွေကို ကာကွယ်စောင့်ရှောက်ဖို့ မွန်အမျိုးသားတပ်မတော်ကို ဖွဲ့စည်းထားတာပါ။ နယ်ခြား စောင့် တပ်ဖွဲ့ခိုင်းတော့ နားထောင်ရတာတောင် အတော်ခက်ပါတယ်။ မွန်ပြည်သစ်ပါတီအနေနဲ့ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တောင်းဆိုထားတဲ့ တိုင်းရင်းသားအခွင့်အရေးတွေ အာမခံချက်မရရှိတဲ့အတွက် ရွေးကောက်ပွဲမ၀င်ဘူး၊ ဒါပေ မယ့် အပစ်အခတ်ရပ်စဲထားတာကိုလည်း မဖျက်ဘူးလို့ အကြောင်းပြန်ခဲ့တယ်။ သူတို့ဘက်က ဘာမှထပ်ပြောလာတာ မရှိသေးပါဘူး။

မေး။    ။ မွန်ပြည်သစ်ပါတီရဲ့ရည်မှန်းချက်က မွန်လူမျိုးတွေကို အကာအကွယ်ပေးနိုင်တဲ့ ပြည်နယ်စောင့်တပ်ပေါ့။ ကချင် ကလည်း အလားတူတောင်းဆိုမှုမျိုးရှိတယ်။ တောင်းဆိုမှုတွေကဆင်တူနေတယ်။ တဘက်ကလည်း စစ်အစိုးရက တိုင်းပြည် မှာ စစ်တပ်တခုတည်းရှိရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြောထားတယ်။ အဲ့ဒီ ကွာဟချက်ကြီးကို စေ့စပ်လို့ ရနိုင်ပါ့မလား။

ဖြေ။    ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာသာ (တိုင်းရင်းသားအခွင့်အရေးတွေကို) အာမခံမယ်ဆိုရင်ဖြစ်နိုင်ပါတယ်။ နအဖက ပြောတဲ့အတိုင်း နယ်ခြားစောင့်တပ်ဖွဲ့စည်း၊ ကျန်တဲ့သူတွေက ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ဆိုတာက အခုအတိုင်း ဆိုရင် မဖြစ်နိုင်ပါဘူး။ တကယ်တော့ (နအဖ ဘက်က) ရိုးသားမှုရှိရပါမယ်။ မရိုးမသားနဲ့ အကျပ်ကိုင်ပြီး တပ်ဖွဲ့တွေကို ဖျက်သိမ်းရင် နောင်တနေ့ ပြန်ပေါ်လာမှာပါ။ ပြဿနာက ပြီးဆုံးမသွားပါဘူး။

မေး။    ။ မရိုးသားမှု လို့ ပြောခဲ့တယ်နော်။ အပစ်အခတ်ရပ်စဲထားတဲ့ ၁၅ နှစ်အတွင်းမှာရော မွန်ပြည်သစ်ပါတီအနေနဲ့ မျှော်မှန်းထားတာတွေ ဘာမှမရခဲ့ဘူးလို့ ထင်သလား။

ဖြေ။    ။ တချို့တော့ရခဲ့တာရှိတယ်။ ဥပမာဆိုပါတော့ အပစ်အခတ်ရပ်စဲခဲ့တဲ့အတွက် ပြည်သူတွေမှာ စစ်ပွဲတွေကြောင့် ဆင်းရဲဒုက္ခရောက်ရတာမရှိတော့ဘူး။ ပညာရေးပိုင်းမှာ အထိုက်အလျောက်ရခဲ့တာ ရှိတယ်။ မွန်ကျောင်းတွေမှာ ပညာ သင်ကြားနေတဲ့ကလေးတွေကို အစိုးရကျောင်းတွေဆီပြောင်းရွှေ့တဲ့ အခါ အသိအမှတ်ပြုတာမျိုးပေါ့။ ဒါကလည်း စေတနာ နဲ့ပေးလို့ရတာမဟုတ်ဘူး။ ကိုယ့်က ရုန်းကန်ပြီး ယူခဲ့ရတာ။ ဒါပေမယ့် နိုင်ငံရေးပိုင်းမှာ တိုးတက်မှု မရှိခဲ့ပါဘူး။

မေး။    ။ စီးပွားရေးအပိုင်းရော။ မွန်ပြည်သစ်ပါတီအနေနဲ့ ဒီ ၁၅ နှစ်အတွင်းမှာ ဘယ်လိုအခွင့်အလမ်း တွေရခဲ့သလဲ။

ဖြေ။    ။ စောစောပိုင်းက အနည်းအကျဉ်းရတာရှိတယ်။ ဒါပေမယ့် သူတို့ပေးတဲ့အခွင့်အရေးက ခေါင်းဆောင်ပိုင်းတွေကို ပေးတော့ သူတို့ (နအဖ) ရဲ့စေတနာကဘယ်လဲ။ တကယ်တော့ စီးပွားရေးအခွင့်အလမ်းဆိုတာ ပြည်သူလူထုကို ပေးရမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် မွန်ပြည်သစ် ပါတီဟာ စီးပွားရေးကုမ္ပဏီလား နိုင်ငံရေးပါတီလားလို့ ကျနော် နိုင်ရွှေကျင် (ကွယ်လွန်သူ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်)ကို မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ နိုင်ငံရေးပါတီဆိုရင် ဒီအခွင့်အရေးတွေကို ယူဖို့မလိုပါဘူး။ ပြည်သူလူထုကို ပေးလိုက်ပေါ့။ နောက်ဆုံးကျတော့ (နအဖက) အဲ့ဒီစီးပွားရေးအခွင့်အလမ်းတွေကို ပေးပြီးအကျပ်ကိုင်တယ်။ အခု တော့ဘာမှမကျန်တော့ဘူး။

မေး။    ။ အခုစစ်ဗိုလ်ချုပ်တွေက ပြောနေတာရှိတယ်။ ဘယ်ခေတ်ကမှ မတည်ဆောက်နိုင်တဲ့ ငြိမ်းချမ်းရေးကို သူတို့ လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တည်ဆောက်နိုင်ခဲ့တယ်။ အပစ်အခတ်ရပ်စဲထားတဲ့ ၁၅ နှစ် အတွင်း မှာ စစ်ဗိုလ်ချုပ်တွေဟာ လိမ်တယ်၊ ကတိမတည်ဘူး၊ အနိုင်ကျင့်တယ် လို့ မြင်မိပါသလား။

ဖြေ။    ။ စစ်ဗိုလ်ချုပ်တွေက သူတို့အာဏာတည်မြဲရေးကိုပဲ ဦးစားပေးတာပါ။ တိုင်းရင်းသားအရေးကို အမှန်တကယ် စိတ်ဝင်စားတာမဟုတ်ပါဘူး။ ကျနော့်အမြင်က တကယ်တော့ စစ်ဗိုလ်ချုပ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေ ပျောက်သွားမှာကိုတောင်စိုးရိမ်နေတာပါ။ မဟုတ်ရင် သူတို့စစ်တပ်ရဲ့အခန်းကဏ္ဍကို မြှင့်တင်လို့ရမှာမဟုတ် ဘူး။ တကယ့်စေတနာအမှန်နဲ့လုပ်ရင် သမိုင်းမှာ ဘယ်လိုပဲရှိခဲ့ရှိခဲ့ အခုဆို တိုင်းရင်းသားတွေမှာ အမြင်ကျဉ်းမြောင်းတာ မရှိပါဘူး။ မြန်မာတွေနဲ့ အတူတူနေရမှာပါပဲ။ ဒါပေမယ့် အပေးအယူတော့ ရှိရမှာပေါ့။

မေး။    ။ ၁၉၉၀ နှစ်များ အစောပိုင်းက အပစ်အခတ်ရပ်စဲရေး ဘာကြောင့်လုပ်ခဲ့ရသလဲဆိုတဲ့ အယူအဆတချို့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေမှာ ရှိခဲ့တယ်။ အဲ့ဒါတွေကတော့ စစ်ပွဲတွေရပ်တန့်သွားတဲ့အတွက် တိုင်းရင်းသား ဒေသတွေ မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်နိုင်မယ်၊ နယ်စပ်စီးပွားရေးက တဆင့် စီးပွားရေးအင်အားကို ထူထောင်နိုင်မယ်၊ လက်နက် ကိုင် အင်အားကိုလည်း ပြန်လည်တောင့်တင်းလာအောင် လုပ်နိုင်မယ်။ မွန်ပြည်သစ်ပါတီက အဲ့ဒါတွေလုပ်နိုင် ခဲ့လား။ ဘယ်လိုမြင်မိပါသလဲ။

ဖြေ။    ။ ကျနော်သိသလောက်က မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲစဉ်က ဒီလိုမျှော်မှန်းခဲ့တာမရှိဘူး။ ကျနော်တို့ နယ်မြေထဲဖြတ်ပြီး သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းတဲ့ကိစ္စမှာ ထိုင်းနိုင်ငံဘက်က ဖိအားပေးလာတယ်။ အဲ့ဒီလို အချိန်မှာ မလုပ်မဖြစ်လို့ လုပ်လိုက်ရတဲ့အခြေအနေပါ။

မေး။    ။ မွန်အမျိုးသားတပ်မတော် အခြေအနေရော။ အပစ်အခတ်ရပ်စဲထားတဲ့ ၁၅ နှစ်အတွင်းမှာ ပိုပြီးတောင့်တင်းလာ သလား၊ နဂိုအခြေအနေအတိုင်းပဲလား၊ ဒါမှမဟုတ် ပိုပြီးအားနည်းသွားလား။

ဖြေ။    ။ စစ်တပ်အခြေအနေက နဂိုအတိုင်းပဲလို့ထင်ပါတယ်။ မွန်စစ်တပ်ကို တိုးချဲ့တယ်ဆိုတာ မကြားရပါဘူး။ လျော့ သွားတာပဲရှိရင်ရှိမယ်။ ဒါပေမယ့် ရွာတိုင်းမှာ စစ်မှုထမ်းဟောင်းတွေကို စုစည်းထားတာတော့ရှိပါတယ်။

မေး။    ။ ရွေးကောက်ပွဲမ၀င်ရင် ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်လာနိုင်တဲ့အခြေအနေတွေက ဘာတွေလဲ။

ဖြေ။    ။ ကျနော့်အမြင်က အားလုံးက ဆန့်ကျင်သွားမယ်ဆိုရင် နအဖရဲ့ ကြံ့ဖွံ့တွေပဲ ပြည်သူ့ ကိုယ်စားလှယ်ဖြစ်သွား မှာပေါ့။ အဲ့ဒီအတွက်တော့ တကယ်စိုးရိမ်ရတယ်။ အဲ့ဒါကြောင့် မွန်ပြည်သူ တွေထဲက ရွေးကောက်ပွဲဝင်ကြရင်လည်း မကန့်ကွက်ဖို့ မွန်ပြည်သစ်ပါတီကို ကျနော်တို့ ပန်ကြားထားတာရှိပါတယ်။

မေး။    ။ တကယ်လို့ မွန်ပြည်သစ်ပါတီက ရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့ရင် မွန်ပြည်နယ်လွှတ်တော်မှာ အဓိကအင်အား ကြီးပါတီတခုဖြစ်လာနိုင်မယ့် အခြေအနေရှိပါသလား။

ဖြေ။    ။ အဲ့ဒီလိုမျှော်မှန်းလို့မရနိုင်ဘူး ထင်တယ်။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေအရကြည့်ရင် သူတို့က (နအဖ) ရွေး ကောက်ပွဲမ၀င်ဘဲ ၂၅ ရာခိုင်နှုန်းရထားပြီးသား ဖြစ်တယ်။ နောက်ပြီး အရေးပါတဲ့ရာထူးတွေကို သူတို့ပဲယူထားတယ်။ (လွှတ်တော်ထဲမှာ) ပြောဖို့ဆိုဖို့ အခွင့်အရေးတော့ အနည်းအကျဉ်း ရနိုင်တာလောက်ပဲရှိလိမ့်မယ်။

မေး။    ။ လက်ရှိ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်မှုပိုင်းကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။    ။ မွန်ပြည်သစ်ပါတီဟာ စစ်အာဏာရှင် သိပ်မဖြစ်ပါဘူး။ မွန်ပြည်သူတွေရဲ့အသံကို နားထောင်ပါတယ်။ မွန်အမျိုးသား ကွန်ဂရက်လိုမျိုး ကျနော်တို့မှာရှိပါတယ်။ တောမှာနေပေမယ့်လည်း ဒီမိုကရေစီစနစ်ကို လေ့ကျင့်ပျိုးထောင်နေပါ တယ်။ ဥပမာပြောရရင် မွန်ပြည်သစ်ပါတီက နယ်မြေထိန်းချုပ်ထားတော့ သူတို့က အစိုးရလိုမျိုးဖြစ်ပြီး ကျနော်တို့ မွန်အမျိုး သားရေးရာ ယူနီယံ (Mon Affairs Union) က အတိုက်အခံလိုမျိုးဖြစ်နေတာပေါ့။ မွန်ပြည်သစ်ပါတီခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေကို ကျနော်တို့က ဝေဖန်တင်ပြတာတွေ လုပ်ပါတယ်။

မေး။    ။ ရွေးကောက်ပွဲပြီးရင် အခြေခံဥပဒေအရ အစိုးရတရပ် ပေါ်ပေါက်လာမယ်။ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကို ပိုရ လာမယ်။ အဲ့ဒီအချိန်မှာ စစ်အစိုးရက နယ်စပ်ဒေသက တိုင်းရင်းသားတွေကို အမြစ်ပြတ်တိုက်လာရင် မွန်ပြည်သစ်ပါတီ အနေနဲ့ ခုခံနိုင်ပါ့မလား။

ဖြေ။    ။ အပြုတ်တိုက်တာ အပြတ်ရှင်းတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူး။ ထိုင်းနိုင်ငံတောင်ပိုင်းပြဿနာကို ကြည့်ပါ။ ခံစစ်အနေနဲ့ ကနေ ပြောက်ကျားစစ်အသွင်တော့ ပြောင်းသွားနိုင်တယ်။ အဲ့ဒါက တိုင်းပြည်အတွက်ပိုပြီး အန္တရာယ်ပိုများ လာလိမ့်မယ်။ စစ်ပွဲက တောထဲကနေ မြို့ထဲရောက်လာနိုင်တယ်။ ဗုံးဖောက်ခွဲမှုတွေ ပိုဖြစ်လာနိုင်ပါတယ်။ စစ်တပ်အနေနဲ့ ထိုင်းနိုင်ငံရဲ့သင်ခန်းစာယူသင့်တယ်။ ကွန်မြူနစ်တွေကို အမြစ်ပြတ်အောင်လုပ်တဲ့နေရာမှာ ထိုင်းအစိုးရက အခွင့်အရေး ပေးပြီး စည်းရုံးတယ်။ ဒေသဖွံ့ဖြိုးရေးကိုလုပ်တယ်။ အပြုတ်တိုက်ပြီးရှင်းခဲ့ရင် ဘယ်နည်းနဲ့မှ မရနိုင်ဘူး။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်