ဆရာကြီး ဒေါက်တာဆလိုင်းထွန်းသန်းနှင့် တွေ့ဆုံခြင်း

ဇွန်လ (၉) ရက် သောကြာနေ့က ဆရာကြီး ဒေါက်တာဆလိုင်းထွန်းသန်းနှင့် ဧရာဝတီ မြန်မာပိုင်းအဖွဲ့ တွေ့ဆုံမေးမြန်း ခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်

မေး။ ။ ဆရာကြီးရဲ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ကိုပယ်ဖျက်လိုက်တယ်လို့ ကြားရပါတယ်၊ ဆရာကြီးကို တရားဝင်အကြာင်းကြားတာမျိုးရှိပါသလား၊ အဲဒါဘာကြောင့် ပယ်ဖျက်တယ်လို့ ထင်ပါသလဲ။ ဆရာကြီး ဘာဆက်လုပ်ဖို့ စီစဉ်ထားပါသလဲ။

ဖြေ။ ။ ကျနော့်ကို တရားဝင်အကြောင်းကြားခြင်းမရှိပါဘူး၊ ကျနော် ဘာဆက် လုပ်မယ်ဆိုတာ လည်း ချက်ချင်းပြောလို့မဖြစ်သေးပါဘူး၊ ပြည်တွင်းကိုဝင်ဖို့တော့  ကြိုးစားနေတယ်။ လေယာဉ် လက်မှတ်ဝယ်ထားတာတော့ကြာပြီ။ တရားဝင် သွားမှာပါ၊ အစိုးရကိုခြိမ်းခြောက်တာ ဘာမှမရှိဘူး၊ ကျနော် အကြမ်းဖက်သမား လည်းမဟုတ်ဘူး၊ ကျနော့်ကိုအကြမ်းဖက်ရင်တောင် ခွင့်လွှတ်မယ်လို့ ပြောထား ပါတယ်။ မတရားရယူထားတဲ့ပြည်သူ့အာဏာကို ပြန်ပေးပါလို့ပဲကျနော် တောင်းမှာ။ အဲဒီအတွက်ကျနော့်ပတ်စ်ပို့ကို ပယ်ဖျက်ပိုင်ခွင့်ရှိသလားလို့ ကျနော်မေးချင်ပါတယ်။ ဒါ ကျနော့်ကို ကြောက်လို့ဒီလိုလုပ်တာမဟုတ်ဘူး၊ အမှန်တရားကိုကြောက်တာလို့ပဲကျနော်မြင်တယ်။ ဒါကြောင့် အမှန်တရားဖော်ထုတ်မယ့်လူတွေကို ဒီအစိုးရက အမြဲတမ်း ပါးစပ်လိုက်ပိတ်နေတာပါ။

မေး။ ။ ဆရာကြီးကို ကြိုဆိုတဲ့မြန်မာပြည်သားတွေကို ဆရာကြီးအနေနဲ့ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော့်ကို ကြိုဆိုကြတဲ့မြန်မာပြည်သားတွေကို ကျေးဇူးတင်တယ်လို့ အရင်ပြောချင်ပါတယ်။ ပြီးတော့ ကျနော်တို့ကိစ္စဟာ ဘယ်သူမပြု မိမိမှုဆိုသလို ကျနော်တို့ဘာသာလုပ်မှဖြစ်မယ်။ အကြံတုံးဥာဏ်တုံးတွေက ဒီလိုသာဆက်ပြီးအုပ်ချုပ်နေမယ်ဆိုရင် ကျနော်တို့ နိုင်ငံဟာ ကမ္ဘာ့မြေပုံကနေတောင် ပျောက်သွားနိုင်ပါတယ်။ ဒါကြောင့် ခင်ဗျားတို့ သတ္တိမွေးမှဖြစ်မယ်၊ အမှန်တရားကို မှန်တယ်လို့ ပြောရဲ ရမယ်၊ မှားတာကိုမှားတယ်လို့ ပြောရဲမှဖြစ်မယ်။

အခုလက်ရှိအစိုးရဟာ ကျနော်တို့ခင်ဗျားတို့တင်ထားတဲ့ အစိုးရမဟုတ်တဲ့အတွက် ဆက်ဆံစရာမလိုဘူး။ မဆက်ဆံရင် အုပ်ချုပ်ရေးယန္တရား ရပ်သွားမယ်၊ အုပ်ချုပ်ရေးယန္တရားရပ်သွားရင် သူတို့ကို ကယ် မယ့် ကူမယ့်လူ မရှိဖြစ်သွားမယ်။ အဲဒီလိုဆိုရင်ပြည်သူ့အာဏာဟာ ပြည်သူ့ လက်ထဲပြန်ရောက်လာ မှာပဲလို့ ပြောချင်ပါတယ်။

မေး။ ။ ကျနော်တို့တင်မြောက်ထားတဲ့ အစိုးရမဟုတ်လို့ အဲဒီအစိုးရနဲ့အဆက်ဖြတ်ပုံဖြတ်နည်းကို ပြောပြပေးပါ၊ ဥပမာ ပညာရှင်က ဦးဆောင်ရမယ်ဆိုရင် အဲဒီပညာရှင်ကဘယ်လို အဆက်ဖြတ်ရမလဲ။

ဖြေ။ ။ ပထမအဆက်ဖြတ်ရမှာက ၀န်ထမ်းတွေပဲ။ အုပ်ချုပ်ရေးယန္တရားကြီးမလည်နိုင်အောင် ၀န်ထမ်းတွေက လုံးဝသပိတ်မှောက်ရမယ်။ သူတို့နစ်နာမယ်ဆိုတာ ကျနော်သိပါတယ်။ အဆက်ဖြတ်မယ် ဆိုရင်တော့ အစိုးရအလုပ်ကို လုံးဝလုပ်မပေးဘဲနဲ့ သပိတ်မှောက်မှဖြစ်မယ်။ ပြည်သူ့ အစိုးရဖြစ်လာရင် နစ်နာတဲ့လူတွေအားလုံး အကျိုးရှိလာမယ်။

ပညာရှင်တွေကိုလည်း ပညာရှင်များ တွေဝေမနေကြပါနဲ့၊ ခင်ဗျားတို့ ကျနော်တို့ သားသမီးတွေအတွက် လုပ်ပေးဖို့ အချိန်တန်ပြီ၊ ပညာရှင်တွေဦးဆောင်ကြပါ။

ပညာရှင်တွေ လူကြီးတွေအနေနဲ့ လမ်းပေါ်တက်ပြီး ဆန္ဒပြဖို့လိုရင်တောင်ပြရပါမယ်၊ သေရင်လည်း ရဲရဲသေပြဖို့ လိုပါတယ်၊ လူကြီးဆိုတာ လူငယ်ကိုအမွေပေးရစမြဲပဲ၊ ဒီမိုကရေစီ အမွေပေးနိုင်တာဟာ အသင့်တော်ဆုံးပါပဲလို့ ပြောချင်ပါတယ်။ ပညာရှင်တွေက ရေသာခိုလွန်းတယ် ထင်လို့ ကျနော် ပြောတာပါ။

မေး။ ။ ၀န်ထမ်းမဟုတ်တဲ့ သာမန်ပြည်သူတွေအနေနဲ့ရော အစိုးရကို ဘယ်လိုအဆက်ဖြတ်လို့ရမလဲဆိုတာ ပြောပြပါဦး။

ဖြေ။ ။ ဘယ်လိုအဆက်ဖြတ်ရမလဲဆိုတော့၊ အစိုးရကဖွင့်ထားတဲ့ အစိုးရကပါဝင်ရင်းနှီးထားတဲ့ အရောင်းဆိုင်တွေနဲ့ အရောင်းအ၀ယ် မလုပ်ဖို့ အရေးကြီးပါတယ်။ အဲဒီဆိုင်တွေကိုအားပေးရင် အစိုးရက အခွန်တွေ အမြတ်တွေရပြီး အစိုးရယန္တရား လည်ပတ်နေမယ်၊ အားမပေးဘဲ အဆက်ဖြတ်လိုက်ရင် အစိုးရယန္တရား ရပ်သွားမယ်၊ အဲဒီလိုနည်းနဲ့စပြီး အဆက်ဖြတ်ရပါမယ်။

မေး။ ။ အစိုးရနဲ့ အဆက်ဖြတ်တဲ့ကိစ္စမှာ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ရော မပါသင့်ဘူးလား။

ဖြေ။ ။ ဘာသာရေးခေါင်းဆောင်တွေကတော့ သိပ်ပါသင့်တာပေါ့၊ အမှန်တရားကိုပြောပြမယ်၊ မတရားတာတွေရပ်ဖို့ အချိန်တန်ပြီ၊ ပြည်သူတွေကိုလည်းစာနာပေးဖို့၊ ပြည်သူတွေနစ်နာနေပြီဆိုတာ တွေကို ဘုန်းတော်ကြီးတွေက အများကြီးပြောပြနိုင်ပါတယ်။ ဗုဒ္ဒဘာသာမှ မဟုတ်ပါဘူး၊ ဘာသာပေါင်းစုံက ဘုန်းတော်ကြီးတွေကပါ ဆုတောင်း မေတ္တာပို့ပြီး ၀ိုင်းဝန်းဆောင်ရွက်မယ်ဆိုရင် ပြောင်းလဲလာမယ်လို့ ကျနော်ထင်ပါတယ်။

မေး။ ။ မကြာသေးခင်ကလုပ်သွားတဲ့ သံဃနာယကညီလာခံမှာ သံဃနာယကအဖွဲ့ အကြီးဆုံးဆရာတော်တပါးက အခု နအဖအစိုးရဟာ ဘာသာသာသနာအရေးကို သိပ်လုပ်တယ်ဆိုပြီးတော့ နအဖကောင်းကြောင်းတွေ ပြောသွားပါတယ်၊ အဲဒီအပေါ်မှာရော ဆရာကြီးဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ ကျနော်ထင်တာကတော့ အရင် ဦးနေ၀င်းရဲ့ မဆလခေတ်တုန်းကလိုပဲ ရေးပေးတဲ့စာကို ဖတ်ရတာ၊ ဒါမှမဟုတ် အဲဒီ သံဃာတော်သည် အစကတည်းက ဘာသာရေးလောကကို ထိုးဖောက်ထားတဲ့ အစိုးရဘက်က လူဖြစ်မယ်၊ ဒီနှစ်ခု တခုခုဖြစ်မယ်လို့ ကျနော်ထင်တယ်။

မေး။ ။ စာပေပညာရှင်တွေ၊ စာရေးဆရာတွေကရော ဒီအစိုးရနဲ့ ဘယ်လိုအဆက်ဖြတ်သင့်ပါသလဲ။

ဖြေ။ ။ ကျနော့် သဘောဆိုရင်တော့ သူတို့လည်းဆန္ဒပြသင့်တာပဲ၊ နုတ်အားဖြင့်ပဲဖြစ်စေပေါ့၊ နောက် တခုက စိစစ်ရေးကိုမတင်ပြဘူး ထုတ်ဝေမယ်၊ ဘာဖြစ်သေးလဲသူတို့ဖမ်းရင်ဖမ်းပေါ့၊ ရဲရဲရင့်ရင့်လုပ်သင့်တယ်လို့ ထင်တယ်၊ ဒါပေမယ့် သူတို့ဘယ်လောက် သတ္တိရှိလည်း ဆိုတာတော့ ကျနော်မသိဘူး။

အခုဖြစ်နေတာက လူထုက ဦးဆောင်သူမရှိရင် မလိုက်ရဲဘူး၊ ငြိမ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရတယ် အရိုက်ခံရတယ်၊ တို့ခေါင်းဆောင်ကို မထိနဲ့ကွလို့ ဘယ်သူမှထမပြောရဲဘူး။ အဲဒီအထဲ မှာ ကျနော်တို့လည်းပါတယ်၊ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထဘီအကွယ်ကနေ လက်သီးပြနေကြတယ်၊ ထဘီရှေ့ကိုမတက်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကိုသတ်တဲ့ လူတွေကိုအပြင်မှာ လွှတ်ထားတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ချုပ်ထားတယ်၊ အဲဒါကို မှားတယ်လို့ပြောလည်း မပြောရဲဘူး၊ စာတွေပေတွေနဲ့လည်း မရေးရဲဘူး၊ ဒါ ကျနော်တို့လူမျိုးရဲ့စရိုက်လိုဖြစ်နေပြီ။ အဲဒါကြောင့် စာပေ ပညာရှင်တွေကလည်း လူထုကို ဦးဆောင်မှုပေးသင့်တယ်လို့ ထင်တယ်။

မေး။ ။ ဖိနှိပ်မှု သိပ်ကြီးတဲ့အခါမှာ ငြိမ်သွားတယ်လို့ ဆိုပေမယ့် တကယ့်လှုပ်ရှားမှုကြီးတွေမှာ ကျောင်းသားတွေကတော့ ငြိမ်မနေဘဲ ရွပ်ရွပ်ချွံချွံလုပ်တာ တွေ့ရပါတယ်၊ အဲဒီအပေါ်မှာရော ဆရာကြီး ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော့်ရဲ့အခုလှုပ်ရှားမှုကိုက ကျောင်းသားအားကိုးပြီးလုပ်တာပါ၊ ခေတ်သစ်သမိုင်းရဲ့ အုပ်မြစ်မှာ ကျောင်းသား အရိုးတွေ ကျောင်းသားသွေးတွေနဲ့ အုပ်မြစ်ချတာကိုလည်း ကျနော်သိတယ်၊ အဲဒါကြောင့် ကျောင်းသားတွေကိုလည်း ကျနော်ပြောချင်ပါတယ်၊ လုပ်မှပဲ ဖြစ်မယ်ဆိုတာ၊ ကျောင်းသားဆိုတာ “ဇ” ရှိပြီးသားတွေပဲ။

မေး။ ။ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ရော အခုအချိန်မှာ ဘာတွေလုပ်သင့်တယ်လို့ ဆရာကြီး မြင်ပါသလဲ။

ဖြေ။ ။ ရှင်းရှင်းပြောရမယ်ဆိုရင် သူတို့ကိုအရင်ပြောချင်တာပေါ့၊ သူတို့က ဘာမှမရွေ့ဘူး၊ သူတို့က ရှေ့ကနေရွေ့ပြီး လုပ်ရမှာ၊ ဘယ်နိုင်ငံ တွေမှာပဲဖြစ်ဖြစ် လူထုတိုက်ပွဲတွေမှာ နိုင်ငံရေးသမားတွေက ရှေ့ကနေသွားတာပဲ၊ ကျနော်တို့ နိုင်ငံရေးသမားတွေက ဘယ်လိုလဲဆိုတော့ အန်အယ်လ်ဒီကို နအဖက တွဲခေါ်သလား၊ နအဖကို အန်အယ်လ်ဒီက တွဲခေါ်သလား မသိဘူးဖြစ်နေတယ်၊ ရှုပ်ရှုပ်ထွေးထွေး မြင်ရတဲ့ သဘောဖြစ်နေတယ်။

မေး။ ။ အခု နိုင်ငံရေးအရ ဦးဆောင်ရမယ့်အခန်းကိုရောက်နေတာကတော့ အန်အယ်လ်ဒီက နိုင်ငံရေးသမားတွေဆိုတော့ မရွေ့ဘူးဆိုရင် သူတို့ဖွဲ့စည်းပုံကို ပြောင်းသင့်သလား၊ ဆရာကြီးဘယ်လို အကြံများပေးနိုင်ပါမလဲ။

ဖြေ။ ။ ဖွဲ့စည်းပုံဆိုတာက ကိုယ်ရေးတာပဲ၊ မိုးပေါ်ကကျလာတာမဟုတ်ဘူး၊ သူတို့ စဉ်းစားပုံကိုကဖြစ်နေတာ၊ နိုင်ငံရေးကို ဒေါင်လိုက်ပုံစံ ဥက္ကဌကနေ အောက်အဆင့်ဆင့်၊ စစ်တပ်ပုံစံဖြစ်နေတယ်၊ ဒေါင်လိုက်ပဲမြင်တယ်၊ အလျားလိုက် မမြင်ဘူးဖြစ်နေတယ်၊ ရောင်းရင်းလို ရဲဘော်ရဲဘက်လို ဆွေးနွေး လုပ်ကိုင်တာကို ကျနော်တော့ မြင်ကိုမမြင်ရဘူးလို့ပဲ မြင်တယ်၊ အဲဒီလိုလုပ်လို့မရဘူးလို့ ထင်တယ်။

မေး။ ။ နိုင်ငံတကာကရော မြန်မာ့အရေးကို ဘယ်လောက်အထိ ကူညီပေးနိုင်မလဲလို့ဆရာကြီးထင်ပါသလဲ။ အခုဆိုရင် ရုရှ၊ တရုတ်၊ ဂျပန် တို့က မြန်မာ့အရေးဟာ နိုင်ငံတကာရဲ့ တည်ငြိမ်အေးချမ်းမှုကို မထိခိုက်လို့ လုံခြုံရေးကောင်စီ မတင်သင့်ပါဘူးလို့ပြောနေတယ်။

ဖြေ။ ။ အဲဒီသုံးနိုင်ငံကို ကျနော်မေးချင်တယ်၊ ခင်ဗျားတို့က အဖိနှိပ်ခံ လူတွေအတွက်လား၊ ဖိနှိပ်တဲ့ လူတွေအတွက်လား ဆိုတာ၊ သူတို့ဟာ အဖိနှိပ်ခံလူတွေအတွက်ဆိုရင် သူတို့ စိတ်ထားပြောင်းဖို့လိုပါတယ်၊ ဖိနှိပ်တဲ့ လူတွေအတွက်ဆိုရင်တော့ သူတို့ဆက်လုပ်ရမယ်၊ ဒီနေရာမှာ အသေအချာ စည်းခြားသွားပြီလို့ထင်တယ်။

မေး။ ။ ဆရာကြီးအခုလို ဆန္ဒပြတောင်းဆိုမှုတွေလုပ်ဖို့အတွက် ဘယ်အချိန်ကတည်းက သိမြင်ခံစားမှုရှိခဲ့ပါသလဲ။

ဖြေ။ ။ ၁၉၆၅ ခု မေလ (၅) ရက်မှာ ဦးနေ၀င်းက ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနက သရုပ်ပြဆရာ ကိုလှဘေနဲ့ ကိုတင်အေးငြိမ်းကို ခေါ်ပြီး လက်သီးနဲ့ထိုးတယ်၊ ဘာကြောင့်ဆိုတာတော့ မသိဘူး၊ နောက်တော့ လူမှားလို့ဆိုပြီး ဌာနကိုပြန်အပ်တယ်၊ လာအပ်တဲ့လူက အခု အန်အယ်လ်ဒီက ဗိုလ်ချုပ်တင်ဦးက လာအပ်တာ။ အဲဒီကတည်းက တနေ့တော့ပြန်ဆပ်ရမယ်၊ ကောင်းတဲ့နည်းနဲ့ဆပ်မယ်ဆိုပြီး တဖြည်းဖြည်း အောင်းလာတာ အခုမှဘွားခနဲ ပေါ်လာရတာပါ။

မေး။ ။ တချို့ကဆရာကြီးကို သူရဲကောင်းဆန်တယ်၊ အောင်မြင်ဖို့ ရာနှုန်းနည်းပါးတယ်၊ ရရှိလာမယ့် အကျိုးရလဒ်နဲ့ ချိန်ဆပြီးတော့ လုပ်သင့်တယ်ဆိုတဲ့ ဝေဖန်တာတွေ ကြားရပါတယ်၊ ဆရာကြီး အဲဒီအပေါ်မှာရော ဘယ်လိုပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော့်ကို ဝေဖန်အပြစ်တင်တာမဆန်းဘူးလို့ ထင်ပါတယ်၊ မြတ်စွာဘုရားကိုလည်း ဒေ၀ဒတ် ကပြောတာပဲ၊ ဂန္ဒီကိုလည်း သတ်မယ့်သူရှိတာပဲ၊ ဆလိုင်းထွန်းသန်းဆိုတဲ့လူကို နင်ပဲငဆ နေ့စဉ်ရန်တွေ့ပြီး လက်သီးနဲ့ မထိုးတာတောင် ကျေးဇူးတင်ရဦးမယ်။ ကျနော့်စိတ်ထဲမှာ အာဃာတမရှိပါဘူး၊ လူ့ပါးစပ်ဆိုတာ ပိတ်လို့မရဘူးမဟုတ်လား ... ပြောကြမှာပဲ။

မေး။ ။ ဆရာကြီးရဲ့လုပ်ဆောင်ချက်အပေါ်မှာ ဘယ်အတိုင်းအတာအထိ အောင်မြင်မယ်လို့ ယုံကြည်ထားပါသလဲ။

ဖြေ။ ။ ကျနော်ကတော့ အခုအောင်မြင်သင့်သလောက် အောင်မြင်နေပြီလို့ထင်ပါတယ်၊ဘာကြောင့်လဲဆိုရင် ကျနော့်ကို ပြည်တွင်းပြန်ဝင် မှာကို ကြောက်နေတာကြည့်ပါ၊ ကျနော့်လို အဘိုးကြီးကို ဘာကြောက်စရာရှိပါသလဲ၊ ရာနှုန်းပြည့်အောင်မြင်မှဆိုရင်တော့ ဘာမှလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ။

 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်