
ဟိုးအရင်တုန်းကဆို သူငယ်ချင်းတွေနဲ့ မဏ္ဍပ်ထိုင်မယ်၊ ရေကစားမယ် ဆိုတာမျိုး။ အဲဒီ အချိန်တုန်းကတော့ ကဲခဲ့တာပေါ့။ ခုနောက်ပိုင်း အသက် ၂၀ ကျော်လာတဲ့အခါကျတော့ ဖြစ်နိုင်ရင် အိမ်မှာပဲ အေးအေးဆေးဆေးနားပြီး ဟင်းလေး ဘာလေး ချက်စားတာ၊ ဒါမှမဟုတ် ညနေပိုင်းခဏ သူငယ်ချင်း မဏ္ဍပ် သွားလည်တာ လောက်ပဲပေါ့။
သင်္ကြန်ရက်တွေမှာ အရမ်းကြီးပျော်ခဲ့တာမျိုး မရှိခဲ့ဘူး။ သင်္ကြန်ပြီးလို့ နှစ်ဆန်းတရက်နေ့ကျရင်တော့ စိတ်ကလန်းဆန်းပြီး သန့်ရှင်းနေတာ။ အဲဒီဟာလေးကိုနှစ်တိုင်းခံစားရတယ်။
ရေဗက္ကာဝင်း

သင်္ကြန်ပွဲတွေမှာဆိုရတာ အရမ်းလွတ်လပ်တယ်။ အောက်က ပရိသတ်တွေကလည်း ဘာဆိုဆို ပျော်နေကြတော့ သူတို့ဆီက အပျော်တွေလည်း ကူးစက်လာတယ်။
မန္တလေးမှာ ပြီးခဲ့တဲ့ ၂ နှစ်က သီချင်းသွားဆိုတော့ တနေကုန် မဏ္ဍပ် တခုပြီးတခု ကူးရတာ ၅ ခုလောက်ရှိတယ်။ တခု အကူးမှာ နောက်ကလူတွေလိုက်ဆွဲတော့၊ ရေဗက္ကာလည်း ကြောက်ကြောက်လန့်လန့်နဲ့ ပြေးတော့ ရပ်ထားတဲ့ ဂျစ်ကားကို တိုက်မိပြီး ဒူးခေါင်းမှာ ပြဲသွားတယ်။ လဲစရာမပါတော့ အဲဒီတနေကုန် ဒူးပြဲနဲ့ပဲ ဆိုလိုက်ရတယ်။ အဲဒါက အမှတ်တရပေါ့။
ငယ်ငယ်တုန်းကတော့ရေပူပေါင်းတွေနဲ့ ပေါက်တာ၊ မီးသတ်ပိုက်နဲ့ ထိုးတာတွေရှိတယ်။ ခု ဒီလိုတွေမရှိတော့ ပိုကောင်း သွားတာပေါ့။ တခြား အပြောင်းအလဲအနေနဲ့ဆို မဏ္ဍပ်ဒီဇိုင်းတွေက နှစ်ထပ်သုံးထပ်ဖြစ်ပြီး ပိုမိုက်လာတယ်။
N-ကိုင်ရာ

၂၀၀၈ တောင်ကြီးသင်္ကြန်မှာတုန်းက ပရိသတ်တွေအများကြီးနဲ့ ဆိုဖြစ်ခဲ့တာကတော့ အမှတ်တရပေါ့။
ဇော်ဝင်းထွဋ်

သူငယ်ချင်းတွေဖိတ်ရင် သွားဖို့ တီးဝိုင်းရော ကျနော်ပါ အားထားတယ်။ ကြိုက်တဲ့မဏ္ဍပ်က ဖိတ် ... သွားမယ်။
သင်္ကြန်မှာ သီချင်းဆိုရတာတော့ ပျော်တာပေါ့။ ပိုက်ဆံပေးစရာမလိုဘဲ ချစ်လို့ ခင်လို့ ဆိုပြတာမျိုးဖြစ်စေချင်တာပေါ့။ ဒါမျိုးကတော့မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အဲဒီအရသာမျိုး သင်္ကြန်မှာရတယ်။ သင်္ကြန်မှာ သူတို့ကို ဆိုပြ၊ အောက်က ပရိသတ်ကလည်း ချစ်လို့လာအားပေး၊ အပေးအယူမရှိဘူး။ အဲဒါလေးကတော့ သင်္ကြန်မှာ စိတ်ချမ်းသာရတာပေါ့။
ကျနော်တို့ ငယ်ငယ်ကကြုံခဲ့တဲ့ သင်္ကြန်မျိုးဖြစ်စေချင်တယ်။ အလှပြကားတွေနဲ့ သံချပ်တွေထိုး၊ အကတွေပြိုင်ကြတာကို ညဘက် ထွက်ကြည့်ကြတာမျိုး။ ခေတ်ပေါ်တီးဝိုင်းတွေကလည်း တီးသလို၊ ဆိုင်းတွေနဲ့ ရိုးရာယဉ်ကျေးမှုတွေလည်း တီးတာ ဆိုတာတွေ ပါတယ်။
သင်္ကြန်မဏ္ဍပ် ထိုးတယ်ဆိုတဲ့ သဘောတရားက ရှေ့ကလူတွေကိုဖျော်ဖြေတာ ၈၀ ရာခိုင်နှုန်းပါတယ်။ ပရိသတ်တွေလာရင် ကျေနပ်အောင် သူတို့ကြိုက်မယ့် ဖျော်ဖြေရေးပါရမယ်။
အခုနောက်ပိုင်းမှာတော့ ဟစ်ပ်ဟော့ပ်တွေ၊ ရော့ခ်တွေနဲ့များပြီးတော့ ရိုးရာ တော်တော်လေး နည်းသွားတာပေါ့။ ရိုးရာနဲ့ ခေတ်မီတာ နှစ်ခု မျှသွားရင်တော့ ကောင်းတာပေါ့။ အဆိုတော်နဲ့ တီးဝိုင်းဖျော်ဖြေတာ နည်းပြီး ဒီဂျေ ဖွင့်မယ်။ ကောင်လေးတွေ ကောင်မ လေးတွေ ကကြမယ်။ ဒီလိုပုံစံမျိုးတွေ ခု ၂ နှစ် ၃ နှစ်မှာတွေ့လာရတယ်။ ဖျော်ဖြေရေးအနေနဲ့ ကပြရင် ပြဿနာမရှိဘူး။ စင်ပေါ် တက်ပြီး လုပ်ချင်ရာ လုပ်တာဆိုရင်တော့ မကောင်းဘူးလေ။ ဒါကတော့ ကျနော်က လူကြီးတယောက် အနေနဲ့ မိဘတယောက် အနေနဲ့ မကြိုက်ဘူးပေါ့။ ကိုယ့်သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် မူးပြီး စင်ပေါ်မှာ လုပ်ချင်ရာ တက်လုပ်နေတာ မဖြစ် စေချင်ဘူးလေ။ ရိုးရာကို ပယ်ရင်တော့ ကိုယ့်ယဉ်ကျေးမှုက ပျောက်သွားမှာပေါ့။
ထွန်းအိန္ဒြာဗို

သင်္ကြန် ဒိုးသံကြားရင်ကို အသက်အရွယ်မရွေး ရင်ခုန်ဖွယ်ကောင်းတဲ့ ပွဲတော်တခုပါ။ မြန်မာမှန်ရင် ရင်ခုန်တဲ့ ပွဲတပွဲပါ။ ပရိသတ်ကတော့ တူတူပဲ၊ သင်္ကြန်ကတော့ သီးသန့်ရင်ခုန်တာ။
အေသင်ချိုဆွေ

မနှစ်ကသင်္ကြန်မှာတော့ ပထမဦးဆုံး ရေလည်းပက်ဖြစ်တယ်၊ မန္တလေးမှာ ပရိသတ်တွေနဲ့ သီချင်းဆိုဖြစ်တယ်။ ဒါလေးကတော့ ကိုယ့်အတွက် အမှတ်တရပေါ့။ အရမ်းကိုပျော်ဖို့ကောင်းပါတယ်။
ဒီခေတ်ကတော့ အရမ်းကိုမြူးကြွပြီး အရမ်းကို မိုက်နေမှ ပရိသတ်က ကြိုက်ကြတယ်လေ။ အရင်တုန်းက သီချင်းတွေကျတော့လည်း အေးအေးဆေးဆေးနဲ့ လက်ချိုးပြီး ကရတဲ့ သီချင်းတွေ။ ပြောရရင်တော့ အခုခေတ် သင်္ကြန်သီချင်းတွေထက် မြနန္ဒာလို သီချင်းတွေကတော့ မပျောက်ပျက်ဘဲ စွဲနေတာပေါ့။ အေသင်တို့ သီချင်းတွေ ကျတော့လည်း လူငယ်တွေ အကြိုက် ခေတ်အလိုက် ပြောင်းနေရတာပေါ့။
ဇော်ပိုင်

သင်္ကြန်ဖီလင်ကတော့ ငယ်ငယ်ကတည်းက ရှိတယ်။ ယဉ်ကျေးမှုအရလည်း နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်မှာဆေးကြောတယ် ဆိုတဲ့သဘောလေ။ ငယ်ငယ်တုန်းကတော့ သင်္ကြန်ကျရင် ရေပက်မယ်၊ ပျော်မယ်ပါးမယ် ဒီလောက်ပဲပေါ့။ အခုကတော့ သီချင်းဆိုမယ် ဆိုရင်လည်း သီချင်းအသစ်တွေနဲ့ ဘယ်လိုဖျော်ဖြေမယ်။ အဲဒီလို ဖီလင်နဲ့ ရင်ခုန်တာပေါ့။
၂၀၀၀ ပြည့်နှစ် သင်္ကြန်တုန်းက ရန်ကုန်ဘူတာကြီး မဏ္ဍပ်မှာ Iron Cross နဲ့ စဖျော်ဖြေချိန်ပေါ့၊ စ ဆိုခါစလည်းဖြစ်သလို သင်္ကြန်အချိန်လည်း ဖြစ်တော့ စိတ်အလှုပ်ရှားဆုံး ဖြစ်ခဲ့တဲ့ သင်္ကြန်နှစ်လို့ ပြောလို့ရပါတယ်။
ရိုးရာ ယဉ်ကျေးမှု အငွေ့အသက်ပါတဲ့ သီချင်းတွေ ဆိုဖူးသလို၊ နောက်ပိုင်းပြောင်းလဲလာတဲ့ ခေတ်ပေါ်သီချင်းတွေလည်း ဆိုဖူး ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဆိုဆို ရိုးရာသင်္ကြန် တူးပို့ တူးပို့ကိုတော့ ကျော်သွားလို့မရပါဘူး။ တူးပို့တူးပို့ အသံကို ကြားလိုက်တာနဲ့ ကျနော်တို့ရဲ့ မြန်မာသင်္ကြန်ဆိုတာ ရင်ထဲမှာ ရှိပြီးသားပါ။
ကျော်သူ

ပြီးခဲ့တဲ့ ၃ နှစ်လောက်က ကျနော်တခါ သင်္ကြန်တွင်း နာရေးလိုက်ပို့တော့ ကားက လမ်းမှာတင် ဆီကုန်သွားတယ်။ ကျနော်တို့ မော်တော်ယာဉ်ဘက် စစ်ဆေးတာ လိုသွားတာပေါ့လေ။ ကားက လမ်းမှာထိုးရပ်သွားတယ်။ အဲဒါ မြောက်ဥက္ကလာမှာပဲ၊ ရေဝေးနားရောက်နေပြီ။ တော်တော်လေး အခက်အခဲဖြစ်တယ်။ အဲဒီဘက်မှာ လူကလည်း အရမ်းရှုပ်၊ လမ်းမအကျယ်မှာ လူတွေက ပြည့်နေတယ်။ အဲဒီအချိန်၊ ဒုက္ခရောက်နေတဲ့ အချိန်မှာ ဘယ်လိုပဲ ပျော်နေပျော်နေပေါ့လေ၊ လူ ဘယ်လောက်ပဲ မူးနေမူးနေ ကျနော်တို့ နာရေး ယာဉ်ကို တွေ့တော့ ၀ိုင်းပြီး တွန်းပေးတယ်။ ဆီဝယ်လို့ရတဲ့ နေရာအထိ တွန်းပေးတယ်၊ မြန်မာလူမျိုးတွေရဲ့ ကိုယ်ချင်းစာ စိတ်ကလေးကို မေ့လို့မရပါဘူး။
တင်မိုးလွင်

သင်္ကြန်ပိုးလည်းရှိပါတယ်။ အရမ်းလည်း ပျော်တတ်ပါတယ်။ တီးလုံးတွေဘာတွေ ကြားရင်လည်း အရမ်း သဘော ကျတယ်။ ငယ်ငယ်တုန်းကဆို၊ က တာတွေလည်း ၀ါသနာပါတော့လေ၊ သင်္ကြန်ဆို မထွက်ရရင်မနေနိုင်ဘူးပေါ့နော်။ ဖက်ရှင်တွေ ဘာတွေလည်း စိတ်ဝင်စားတော့ သင်္ကြန်ဝတ်ဖို့ ၀တ်စုံတွေလည်း တလလောက်၊ တလခွဲ နှစ်လလောက်ကြိုစုကြတာပေါ့။ အဲဒီလိုဖြစ်ခဲ့တဲ့ သူတယောက်အနေနဲ့ သင်္ကြန်မှာ မလည်ပတ်တော့တာက စိတ်ပျက်သွားလို့ပါ။ ပုံမှန်အားဖြင့် ကျမ မပျော်နိုင်တာက အရွယ်နဲ့လည်း ဆိုင်တယ်လို့ ထင်တယ်။ အေးအေးချမ်းချမ်းနဲ့ ရိုးရိုးလေး ရေပက်ခံထွက်ရမယ် ဆိုရင်တော့ ထွက်ချင်သေးတယ်။
ပြင်းထန်တဲ့ ပိုက်တွေရယ်၊ နောက် မူးယစ်ရမ်းကားတာတွေရယ်၊ အရမ်းသရုပ်ပျက်တာတွေရယ်၊ နောက် ပုံမှန် မဟုတ်တဲ့ ဟာတွေ ကျမ လက်မခံနိုင်တော့တာကြောင့် အပြင်သိပ်မသွားဖြစ်တော့ဘူး။ ပျော်တာကတော့ ပျော်ချင်ပါတယ်။ ဒါပေမယ့်လည်း ပျော်စရာ မကောင်းတော့ဘူးလို့ ကျမထင်လို့ပါ။
L ဆိုင်းဇီ

ချစ်သုဝေ

ပြည်ပရောက်နေတဲ့ မြန်မာတွေအားလုံးလည်း အရာအားလုံး အဆင်ပြေပါစေလို့၊ ကိုယ်ကျန်းမာပါစေ၊ စိတ်ချမ်းသာပါစေ၊ လုပ်ငန်း ကိုင်ငန်းတွေ အဆင်ပြေပြေလေးနဲ့ သာသာယာယာ ပျော်ပျော်ရွှင်ရွှင်လေး နေထိုင်နိုင်ပါစေလို့၊ နှစ်သစ်မှာလည်း လူသစ်စိတ်သစ်နဲ့ ပိုက်ဆံတွေလည်း အများကြီး စုနိုင်ကြပါစေလို့။
ဖိုးသောကြာ

ဒီဂျေ ဂျေး

နေတိုး

သားစိုး

ဟဲလေး

တေးရေးစိုးလင်း

ပုလဲဝင်း

< Prev | Next > |
---|