“ပြိုင်ဘက်ရှိမှ ပိုပြီးတိုးတက်နိုင်မယ်”

ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သည် ၁၉၉၂ ခုနှစ်မှ စတင် ထုတ်လွှင့်ခဲ့သည်။ ၂၀၀၅ ခုနှစ် မေလတွင် စတင်၍ DVB ရုပ်သံ ထုတ်လွှင့် ခဲ့ရာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကာလနှင့် ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း နောက်ပိုင်း တို့တွင် ပြည်တွင်း၌ ဖြစ်ပျက်နေသော အခြေအနေများကို မြန်မာပြည်သူများ ပိုမို သိရှိစေခဲ့သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကို အခြေခံထားသည့် ပြည်တွင်းမှ DVB ရုပ်သံ သတင်းထောက် တဦးအကြောင်း မှတ်တမ်းရုပ်ရှင် Burma VJ မှာ ၂၀၀၉ ခုနှစ် အော်စကာ ဆုပေးပွဲတွင် ဆန်ခါတင် ၅ ကား စာရင်း၌ ပါဝင်ခဲ့ပြီး နိုင်ငံတကာ ဆုများစွာ ရရှိခဲ့သည်။ ထို DVB သတင်းဌာန၏ အုပ်ချုပ်ရေးမှူး ကိုအေးချမ်းနိုင်ကို ဧရာဝတီ သတင်းထောက် အေးချမ်းမြေ့က တွေ့ဆုံ မေးမြန်းထား ပါသည်။

မေး။   ။ အရင်ဆုံး Burma VJ နဲ့ ဘယ်လို ဆက်စပ်ခဲ့တာလဲ သိပါရစေ။

ဖြေ။   ။ သူတို့ ကုမ္ပဏီက ကျနော်တို့နဲ့ ဘာမှ မဆိုင်ပါဘူး။ သူတို့က ကျနော်တို့နဲ့ စ အဆက်အသွယ်လုပ်တဲ့ ၂၀၀၆ ခုနှစ်လယ် လောက်ကတည်းက နယ်စပ်ကနေ မြန်မာပြည်ထဲ ပြန်ဝင်သွားတဲ့ သတင်းမီဒီယာ သမားတွေ၊ ကင်မရာမင်းတွေ၊ ဗီဒီယို ဂျာနယ်လစ်တွေ အကြောင်းကို Documentary လုပ်ချင်တယ်။ လုပ်ချင်တော့၊ ကျနော်တို့နဲ့ အစမ်း စရိုက်တယ်။ ပြည်တွင်းက ထွက်လာတဲ့ သတင်းထောက်တွေကို မျက်နှာမပြဘဲနဲ့ ဗီဒီယိုရိုက်တယ်။ စပြီး ဆင်နေပြီပေါ့၊ ဆင်နေရင်းနဲ့ အဲဒီမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဖြစ်တယ်။ ဖြစ်တော့ ကျနော်တို့ကလည်း အရမ်းကို အလုပ်ရှုပ်သွားတယ်။ အလုပ်ရှုပ်တော့ သူတို့ကို သိပ်ပြီး အကူအညီမပေးနိုင်တော့ဘူး။ ဒါပေမယ့် သူတို့က တချိန်လုံးရှိနေတယ်။ ဆန္ဒပြပွဲ တောက်လျှောက် အထဲကနေပြီးတော့ ဗီဒီယို အရုပ်တွေ ထုတ်လာတယ်။ အဲဒီထုတ်လာတဲ့ အရုပ်တွေကို ဒီထဲမှာ တခါပြန်ပြီးတော့ နိုင်ငံတကာကို ပြန်ဖြန့်တယ်။ ဆိုတော့ ကျနော်တို့ လုပ်တဲ့ အော်ပရေးရှင်း တခုလုံးကို သူတို့ မျက်စိရှေ့မှာ၊ သူတို့ ဘေးကထိုင်ပြီး မြင်ရသလို ဖြစ်သွားတယ်။ နောက် အရုပ်တွေ ထွက်လာတော့ ဒီအရုပ်တွေကြည့်ပြီးတော့ အဲဒီမှာ သူတို့ စဉ်းစားတယ် ဘာလုပ်လို့ရမလဲ ...။ အဲဒီမှာ အရင်ရှိထားတဲ့ အိုင်ဒီယာ တခုလုံး ပျောက်သွားတယ်။ ဒီအရုပ်တွေနဲ့ပဲ ဗီဒီယိုကင်မရာ သမားတွေ အကြောင်းကို documentary လုပ်မယ် ဆိုပြီးတော့ ဖြစ်သွားတာပါ။

မေး။   ။ DVB ရဲ့ ဒါရိုက်တာ တယောက် အနေနဲ့ Burma VJ အပေါ် ဘယ်လိုသုံးသပ်လဲ။ ကိုအေးချမ်းနိုင်တို့ အရုပ်တွေနဲ့ ဆုတွေ အများကြီး ရသွားတဲ့ အပေါ်မှာပေါ့။

ဖြေ။  ။ ဒီ Documentary က DVB အတွက် သမိုင်းမှတ်တိုင် တခုလို ဖြစ်သွားတဲ့ အတွက် ဗမာပြည်နဲ့ ပတ်သက်တဲ့ Documentary ထဲမှာ နာမည်လည်း ကြီးသွားတယ်၊ လူကြည့်လည်း များသွားတယ်။ DVB အတွက်တော့ တကယ်ကို အရေးကြီးတဲ့ မှတ်တိုင်တခုပါ။

မေး။   ။ DVB အနေနဲ့ အရုပ်ရတာ အရင်ကထက် ပိုလွယ်တယ် ပြောနိုင်လား။

ဖြေ။   ။ ပိုလွယ်လာတယ် လို့တော့ မဟုတ်ဘူး။ ဒါပေမယ့် လူပိုများလာတဲ့ အတွက်ကြောင့် အရုပ်က ပိုထွက်လာတယ်။ ခက်ခဲမှုကတော့ နဂိုအတိုင်းပဲ။ ဒါပေမယ့် အရင်တုန်းက ကျနော်တို့ စလုပ်တဲ့ အချိန်မှာ ဥပမာ - ၂၀၀၇ လူထု ဆန္ဒပြပွဲဖြစ်တော့ ကျနော်တို့မှာ လူ ၃၀ လောက် ရှိတယ်။ ဒီလူ ၃၀ မှာ တယောက်ချင်းစီက အရုပ်ထုတ်တာ မဟုတ်ဘူး။ လူ ၃၀ က သူတို့ အုပ်စုလေးတွေနဲ့ လုပ်ကြတယ်။ အုပ်စုတစုက အစီအစဉ် တခုပေါ့။ အခုက လူ ၈၀၊ ၁၀၀ လောက် ရှိလာတယ်။ ဆိုတော့ အစီအစဉ် ပိုများလာတယ်။ ဒါပေမယ့် တကယ်တမ်းပြောရင် အရုပ်ရဖို့ ရိုက်ရတာ အရင်ကထက် စာရင် ပိုတောင်ခက်လာတယ်။

ဘာမှ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကိစ္စ၊ ဥပမာ - ဈေးထဲမှာဆိုပါစို့။ ဆန္ဒပြပွဲကြီးကို ရိုက်နေတာ မဟုတ်ဘူး။ သာမန် လှုပ်ရှား သွားလာနေတဲ့ ဟာတွေ ရိုက်တာတောင်မှ အန္တရာယ် တော်တော်ကြီးတယ်။ ကင်မရာ ထုတ်တာနဲ့ လာမေးတယ်၊ မင်း ဘာလုပ်တာလဲ၊ ဘယ်ကလဲ၊ ဘာအတွက် ရိုက်တာလဲ။ သတင်းစာရှင်းလင်းပွဲတွေ သွားရင်လည်း အဲဒီလို လာမေးတာတွေ ရှိတယ်။ သူတို့ဘက်က စောင့်ကြည့်တာလည်း ပိုများလာတယ်။

လူတွေက ကျနော်တို့ TV တွေကို ကြည့်တယ်ဆိုတာက အဓိက သူတို့ မမြင်ဘူးတာတွေ မြင်ရလို့။ MRTV လိုဟာမျိုးမှာ မြင်ရတဲ့ ဟာတွေ ကျနော်တို့ လွှင့်တာမရှိဘူး။ တကယ်တမ်း သူတို့ လုပ်ချင်တာက ကျနော်တို့ကို လူတွေ မကြည့်ချင်အောင်လုပ်ချင်တာ။ ဒါပေမယ့် သူတို့ မပြတဲ့ သတင်းတွေ၊ အရုပ်တွေကို ပြတော့ လူတွေက ကြည့်မှာပဲ။ သူတို့က အရမ်းကို တဖက်သတ်ကြီး ဖြစ်နေတော့ ဘယ်သူမှ ကြည့်မှာ မဟုတ်ဘူး။ ကျနော်တို့ကို လူတွေမကြည့်အောင် လုပ်လေလေ၊ လူတွေက ပိုကြည့်ချင်လေလေ ဖြစ်မှာပဲ။

၂၀၀၇ ဇွန်၊ ဇူလိုင် ကာလတွေက စပြီး ကျနော်တို့ ၂၄ နာရီ လွှင့်တယ်။ အဲဒီနောက်ပိုင်းမှာတော့ ကြည့်တဲ့ သူက တော်တော် များလာတယ်။ အထဲက ကျနော်တို့ သတင်းထောက်တွေ ကိုယ်တိုင် ကြုံရတာတွေရှိတယ်။ သူတို့ ပြန်ပြောပြတယ်။ ဥပမာ - သတင်းထောက်တွေ ကိုယ်တိုင် ဈေးသွားတာ၊ မြို့ထဲမှာ လမ်းလျှောက်တာမျိုး လုပ်တဲ့အချိန် လက်တို့ပြီး DVB program တွေဝယ်မလား။ သူတို့မှာ CD တွေ ရှိတယ် ဆိုတာမျိုး တိုးတိုးတိတ်တိတ်လေး လာလာပြောတာတွေရှိတယ်။

မေး။   ။ နာဂစ်ဆိုင်ကလုန်း ကာလတုန်းက DVB အနေနဲ့ လုပ်နိုင်ခဲ့တာတွေ ဘာတွေရှိခဲ့လဲ။

ဖြေ။   ။ ရွှေဝါရောင် တော်လှန်ရေး ပြီးတော့ တချို့တွေ အဖမ်းခံရတာရှိတယ်၊ တချို့ ပစ္စည်းတွေ ဆုံးရှုံးသွားရတာတွေ ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီတုန်းက မိုးတွေ အကြီးအကျယ်ရွာတော့ ကင်မရာတွေ တလုံးပြီး တလုံးပျက်တယ်။ တချို့လည်း ရှောင်တိမ်း နေရတယ်။ အဲဒီနောက်ပိုင်းမှာ တကယ်တော့ ကျနော်တို့ အဓိက ပြင်တာက အခြေခံဥပဒေ ဆန္ဒခံယူပွဲအတွက်ကို ပြင်တာ။ ဒါပေမယ့် အဲဒီ အချိန်မှာ နာဂစ်ဖြစ်လာတယ်။ ကံကောင်းချင်တော့ အဲဒီအချိန်မှာ ပြည်တွင်းက လူတွေ ပြန်ရှိတယ်။ ပစ္စည်းတွေလည်း ပြန်ရှိတယ်။ နာဂစ်ဆိုင်ကလုန်း ဖြစ်တော့ ပထမဆုံး ထွက်လာတဲ့ အရုပ်က ကျနော်တို့ ဆီကပဲ။ အဲဒီအချိန်မှာ အင်တာနက် တွေကလည်း အကုန် ဒေါင်းသွားပြီ။ တယ်လီဖုန်း လိုင်းတွေကလည်း အကုန်ကျသွားပြီ။ ကျနော်ကြည့်ရတာ တချို့ နိုင်ငံခြား သတင်းထောက်တွေ အထဲမှာ ရှိနေပုံရတယ်။ သူတို့က သူတို့ မီဒီယာတွေ အတွက် cover လုပ်ဖို့ ရောက်နေကြတာ။ ဘယ်လောက်ထိဖြစ်လဲ ဆိုတော့ သူတို့တောင်မှ အရုပ်တွေ ပြန်မထုတ်နိုင်ဘူး။ ဒါပေမယ့် ကျနော်တို့ သတင်းထောက်တွေက နာဂစ် ဖြစ်ပြီး တရက်၊ နှစ်ရက် အတွင်း ဧရာဝတီတိုင်းကို ရောက်သွားပြီး အဲဒီကနေ ရွာသားတွေနဲ့တွေ့၊ လူတွေ သေတာတွေ၊ ကြေတာတွေ၊ အဲဒီအရုပ်တွေကို ကျနော်တို့ TV ကလည်း ထွက်တယ်။ နိုင်ငံခြား မီဒီယာ တော်တော်များများကိုလည်း ပေးနိုင်ခဲ့တယ်။

မေး။   ။ လာမယ့် ရွေးကောက်ပွဲ အတွက်ကော ဘာတွေ လုပ်ဖို့ ပြင်ထားလဲ။

ဖြေ။   ။ လာမယ့် ရွေးကောက်ပွဲအတွက်ကတော့ program ပိုင်းအရရော နောက်ပြီး training ပိုင်းအရရော လုပ်ဖို့ရှိတယ်။  ရွေးကောက်ပွဲ မ၀င်တဲ့ လူတွေ မ၀င်တဲ့ အကြောင်း။ ၀င်တဲ့ လူတွေ ၀င်တဲ့ အကြောင်း debate လို ပုံစံနဲ့ လုပ်ဖို့ ရှိတယ်။ နောက် election law နဲ့ ပတ်သက်တာတွေ။ ဥပမာ- သူများနိုင်ငံတွေမှာ election ကို ဘယ်လိုလုပ်ကြလဲ ဆိုတဲ့ ဟာမျိုးတွေ။ election မှာ လူထုရဲ့ အခန်းကဏ္ဍက ဘယ်လိုအရေးပါတယ် ဆိုတာမျိုးတွေ သွားဖို့ရှိတယ်။ နောက်တခါ ဘယ်ပါတီပဲဖြစ်ဖြစ် ရွေးကောက်ပွဲ နိုင်ရင် သူတို့ ပါတီရဲ့ ပေါ်လစီက ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုရှိလဲ၊ စီးပွားရေး ပေါ်လစီက ဘယ်လိုရှိလဲ၊ အစရှိသဖြင့်ပေါ့။ အဲဒါလေးတွေကို တခုချင်းစီ ဆွဲထုတ်ပြီးတော့ လုပ်မယ်။ အဲဒါက တခုပေါ့။

ရွေးကောက်ပွဲ ကာလအတွင်းနဲ့ ရွေးကောက်ပွဲ မဖြစ်ခင် တပတ်လောက်ပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲပြီးလို့ တပတ်လောက်ပဲ ဖြစ်ဖြစ် ကျနော်တို့ အချိန်တော်တော် များများ တိုးချဲ့ဖို့ရှိတယ်။ မနက်ကနေ စပြီး ညနေမိုးချုပ်တဲ့ အထိပေါ့။ နော်ဝေး ကနေ တိုက်ရိုက်လွှင့်ဖို့ စီစဉ်ထားတယ်။

မေး။  ။ ကိုအေးချမ်းနိုင်တို့ အနေနဲ့ တော်လှန်ရေးကနေ မွေးဖွားလာတဲ့ မီဒီယာ တခု ဖြစ်တဲ့အတွက် တော်လှန်ရေး ပြီးဆုံးသွားရင် ဘာအနေနဲ့ ဆက်ပြီးတော့ ရပ်တည်မလဲ။ ဆက်ပြီး ရှိနေဦးမလား။

ဖြေ။  ။ မြန်မာပြည် အခြေအနေ ပြောင်းသွားရင် DVB နာမည်နဲ့ပဲ ဆက်နေမယ်။ ဒါပေမယ့် ကျနော်တို့ ဆက်လုပ်ဖို့ ရှိတာက မြန်မာပြည် အခြေအနေ ပြောင်းပြီဆိုရင် မြန်မာပြည်ထဲကို ဝင်ပြီး ဘယ်လိုဆက် ရပ်တည်မလဲ။ ဘယ်လိုတည်ဆောက်ရမလဲ။ ဘယ်လို ဖြစ်မလဲဆိုတာ စဉ်းစားရမယ်။ ပြောရရင်တော့ မြန်မာပြည် ပြောင်းပြီး ၄၊ ၅ နှစ်အထိ donor ဆီက ပိုက်ဆံရနေမယ်။ ဒါပေမယ့် ရေရှည်မှာ ကျနော်တို့ ကိုယ့် ဘာသာကိုယ် ရပ်တည်ရမယ်။

မေး။  ။ DVB က ဒါဟာ တခုတည်းသော TV ဆိုပြီးတော့ ပြည်တွင်းမှာ ရှိရာကနေ နောက်ထပ် ကိုအေးချမ်းနိုင်တို့နဲ့ အပြိုင် ပေါ်လာနိုင်တဲ့ TV တွေ အပေါ်မှာရော ဘယ်လို သဘောထားမလဲ။

ဖြေ။   ။ ကျနော် ထင်တာတော့ ကောင်းတယ်။ များများပေါ်လေ ကောင်းလေပဲ။ မြန်မာပြည်ထဲမှာ ပြနေတဲ့ လိုင်းတွေက အစိုးရ ရုပ်သံတွေ။ ဒါပေမယ့် ဒီမိုကရေစီ ရတဲ့ နိုင်ငံတွေမှာ ရုပ်သံလိုင်းတွေ အများကြီးပဲ။ ထိုင်းနိုင်ငံလို နိုင်ငံမှာတောင် အများကြီးပဲ။  မြန်မာပြည်မှာက လူဦးရေ ၅၅ သန်းလောက်ရှိတယ်။ ဒီ တခုနဲ့ ကျနော်တို့ ဘယ်လိုမှ cover မလုပ်နိုင်ဘူး။ နောက်တခုက တခါတလေကျတော့  ကိုယ့်တယောက်ပဲ ရှိနေတယ်ဆိုရင် ကိုယ်က သိပ်ကြိုးစားချင်စိတ် မရှိဘူး။ ကိုယ်နဲ့ အဲဒီလို ပြိုင်ဘက် ရှိလာတယ်ဆိုရင် ကြိုးစားချင်စိတ် ပို ရှိလာတယ်။ ပြိုင်ဘက် ရှိမှ ပိုပြီးတိုးတက်နိုင်တယ်။

ကျနော်တို့ကတော့ အားပေးတယ်။ အဲဒီရည်ရွယ်ချက်နဲ့ ကျနော်တို့ အခုဆိုရင်လည်း တခြားအဖွဲ့အစည်းတွေ၊ တခြား မီဒီယာ တွေနဲ့ တွဲပြီးတော့ သတင်းတွေထုတ်ဖို့၊ documentary တွေထုတ်ဖို့၊ အဲဒါမျိုးတွေ ကျနော်တို့ များများစားစား လုပ်မယ်။ အဲဒီလိုမျိုး လိုင်းတွေ များလာတာ ကျနော်ထင်တယ်၊ ပြဿနာမရှိဘူး။ နောက်တခုက မြန်မာပြည်လို နိုင်ငံမျိုးမှာ တကယ်တမ်းပြောရရင် နည်းသေးတယ်။ ဥပမာ တခုပြောရရင် ၂၀၀၇ သံဃာ ဆန္ဒပြပွဲမှာ ဂျပန်သတင်းထောက် နာဂအိ အသတ်ခံရတယ်။ သူအသတ်ခံရတဲ့ ပုံကို ကျနော်တို့ စရတော့ ဆိုဒ် တဘက်တည်းက တပုံပဲရတယ်။ ဒါပေမယ့် နောက်ပိုင်း ကျနော်တို့ လူတွေ ပို့လာတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ထပ်ရတော့ သုံးမျိုးတောင်ရတယ်။ အဲဒီနေရာမှာ ပြောရရင် အဲဒီမှာ ကျနော်တို့ သတင်းထောက် ၃ ယောက် စလုံးက ရှိတယ်။ ကျနော်ဆိုလိုချင်တာက တကယ်လို့သာ တယောက်မှ မရှိဘူးဆိုလို့ ရှိရင် တပုံမှ ရမှာ မဟုတ်ဘူး။ လူများတာက ပြဿနာမရှိဘူး။ လူများတယ်ဆိုရင် ပိုပြီး cover လုပ်တဲ့ နေရာမှာ အားကောင်းမယ်။ နောက်တခုက အဲဒီ အမြင် သုံးခုကနေ ရလိုက်တဲ့ အတွက်ကြောင့် ကျနော်တို့ သေချာ စဉ်းစားဆုံးဖြတ်နိုင်ခဲ့တယ်။ အနီးကပ်ပစ်တာလား၊ တေ့ ပစ်တာလား၊ မတော်တဆ ပစ်မိတာလား။ အဲဒီပုံတွေကို ဂျပန်ပုလိပ်တွေကလည်း ယူသွားတယ်။ ဂျပန်အစိုးရနဲ့ စကားပြောတဲ့ အခါမှာ အဲဒီ အရုပ်တွေက အများကြီး တန်ဖိုးရှိတာပေါ့။ များတယ်သာ ပြောပေမယ့် မြန်မာနိုင်ငံ အနေနဲ့ ကြည့်မယ်ဆိုရင် သတင်းထောက်တွေ ဒီထက်များရင် ပိုပြီးကောင်းတယ်။

မေး။  ။ ရေဒီယိုနဲ့ ပတ်သက်လို့ ပြည်တွင်းမှာ ပြောနေတာ DVB က ဖမ်းလို့ သိပ်အဆင်မပြေဘူးတဲ့။ နောက်တခုက တခြားရေဒီယိုနဲ့ ယှဉ်လိုက်ရင် နည်းနည်းအားနည်းတယ် ဆိုပြီးတော့ ပြောနေကြတာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ထပ်ပြီး တိုးမြှင့်ဖို့ရှိလား။ ဘယ်လို့ တုံ့ပြန်မလဲ။

ဖြေ။   ။ ကျနော်တို့ ဒီကိစ္စကို တော်တော်များများ ပြင်တာတွေရှိတယ်။ နောက်တခုက frequency ပိုကောင်းလာအောင် ကျနော်တို့ လုပ်နေတယ်။ ကျနော်တို့လည်း သိတယ်။ ကျနော်တို့ရဲ့ ရေဒီယို အသံလှိုင်း ဖမ်းရတာ ခက်တယ်။ BBCနဲ့ နှိုင်းယှဉ်တယ်၊ VOAနဲ့ နှိုင်းယှဉ်တယ်၊ RFAနဲ့နှိုင်းယှဉ်တယ်။ သူတို့ အဲဒီလို နှိုင်းယှဉ်ပြီးတော့ ကျနော်တို့ အသံက အဆင်မပြေဘူး ပြောတယ်။ ခုနပြောတဲ့ အသံလွှင့်ဌာနတွေက ဒီအာရှ၊ အရှေ့တောင်အာရှ တွေမှာပဲ ရှိတယ်။ VOAဆိုရင် ထိုင်းက လွှင့်တာရှိမယ်၊ BBC ဆိုရင် စင်္ကာပူက လွှင့်တာရှိမယ်၊ RFA လည်း ဒီလိုပဲ။ ကျနော်တို့က အဲဒီ station တွေ အကုန်လုံးကို လိုက်ချိတ်တယ်၊ ကြိုးစား ကြည့်တယ်။ ဒါပေမယ့် သူတို့က ကျနော်တို့ကို နိုင်ငံရေး ဆိုပြီးတော့ပဲ မြင်တယ်။ ကျနော်တို့ station  မြန်မာပြည်နဲ့ ဝေးတဲ့ အတွက်ကြောင့်မို့ အသံလိုင်းက သူတို့ နှိုင်းယှဉ်ရင်တော့ မကောင်းဘူး။ ဒါပေမယ့် လုံးဝကို ဖမ်းလို့ မရတာတော့ မဟုတ်ပါဘူး။

မေး။   ။ ပြည်ပက မြန်မာ မီဒီယာတွေက တော်လှန်ရေးကနေ ပေါက်လာဖွားလာတဲ့ မီဒီယာတွေ ဖြစ်တဲ့အတွက် သတင်းသမား လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ လွဲချော်နေတာတွေ ရှိတယ် ဆိုပြီး ပြောကြတာနဲ့ ပတ်သက်လို့ကော ကိုအေးချမ်းနိုင် ဘယ်လို မြင်ပါသလဲ။

ဖြေ။   ။ တောက်လျှောက် အခုထိ ပြောနေ၊ လုပ်နေကြတာပါပဲ။ ကျနော်တို့ မြန်မာပြည်ရဲ့ ဂျာနယ်လစ်ဇင်ကိုက အရမ်း ကျပ်တယ်။ ဆရာဦးဝင်တင်တို့ တတွေ၊ တကယ့် သတင်းစာ ဆရာကြီးတွေတောင်မှ  ၆၂ ခုနှစ်မှာ အဖမ်းခံရတာတို့၊ အပိတ်ခံရတာတို့ ဖြစ်တယ်။ အဲဒီကနေစပြီးတော့ ကျနော်တို့ သတင်းစာလောက ပျက်သွားလိုက်တာ ၈၈ အထိပဲ။ ၈၈ မှာတုန်းက မြန်မာပြည်မှာ ခုနက ကျန်နေခဲ့တဲ့ ဂျာနယ်လစ်တွေ ဆရာကြီးတွေရှိတယ်။ နောက် ၈၈ အပြီး ဒီဘက်ထွက်လာတဲ့ သူတွေ အကုန်လုံးက တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေး သမားတွေချည်းပဲ။ နောက်တခုက မီဒီယာနဲ့ ပတ်သက်ပြီး အတွေ့အကြုံ မရှိကြဘူး။  ဒါပေမယ့် ကိုယ်က စာလေး၊ ပေလေးတွေ စိတ်ဝင်စားတယ်၊ ဒီဘက်မှာ နိုင်ငံခြား သတင်းထောက်တွေ တွေ့တယ်။ သတင်းစာ တိုက်ကြီးတွေ တွေ့တယ်။ အဲဒါကို ကိုယ်က အားကျပြီးတော့ စရေးကြတယ်။ ရေးကြတော့ အဲဒီရေးတဲ့ အချိန်မှာတော့ ကိုယ်က နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူ ဆန်ဆန်ပေါ့လေ။ ပြောရမယ်ဆိုရင် ကြိုက်သလို၊ အဆင်ပြေသလို လုပ်ကြတာ။ နောက်ပိုင်း နည်းတွေ ရလာတယ်၊ အတွေ့အကြုံတွေ ရလာတော့ နောက်ပိုင်း မီဒီယာဆိုတာ independent ဖြစ်ရမယ်။ မလွတ်လပ်တဲ့ မီဒီယာဟာ ဘယ်တော့မှ လုပ်စားလို့ မရဘူး။ အဲဒါမျိုးတွေ သိလာတဲ့ အချိန်မှာ စပြီး ပြင်လာကြပါတယ်။

မေး ။   ။ အခု အဲဒီ DVB ကကော independent ဖြစ်ဖို့ ဦးတည်နေတာလား။

ဖြေ ။   ။ ကျနော်တို့က independent ဖြစ်နေပါပြီ။ ကျနော်တို့ ရေဒီယို စ လွှင့်တဲ့ အခါမှာ အမြဲတမ်း ကျနော်တို့ ရေဒီယိုရဲ့ အစမှာ DVB က အမျိုးသား ညွန့်ပေါင်း အသံလွှင့်ဌာနပါဆိုပြီး အဲဒီလို ကြေညာလေ့ရှိတယ်။ အဲဒါ ၁၉၉၂ ခုနှစ်ကနေ ၂၀၀၂ အထိပဲ။ ၂၀၀၂ မှာ ကျနော်တို့ ဖြုတ်လိုက်တယ်။ ဖြုတ်လိုက်တယ်ဆိုတာက အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ အသံလွှင့်ဌာန ဆိုတဲ့ ကျနော်တို့ရဲ့ အသံကြီးက ဒီအစိုးရအတွက်ပဲ လုပ်ပေးတာဖြစ်မယ်။ အဲဒါကို ကျနော်တို့ မဖြစ်စေချင်ဘူး။ နောက်တခုက မီဒီယာဆိုတာက independent ဖြစ်ဖို့လိုတယ်။ အစိုးရအဖွဲ့ တခုခု၊ နိုင်ငံရေး ပါတီ တခုခုက ထိန်းထားတာ မဖြစ်သင့်ဘူး။ ကျနော်တို့ ၂၀၀၆ မှာ DVB foundation အနေနဲ့ ပြောင်းလိုက်တယ်။ ပြောင်းလိုက်တဲ့ အချိန်မှာ အဖွဲ့အစည်းတွေက လူတွေလည်း ပါတယ်။ ၆ ယောက်လောက် ရှိမယ်။ အဲဒီပါတဲ့ လူတွေ အကုန်လုံးက သူတို့ ကိုယ် သူတို့ သတင်းသမားအဖြစ်ပဲ ပါဝင်တယ်။ သူတို့ organization ကို ကိုယ်စား မပြုဘူး။

အခုကျနော်တို့ independent ဖြစ်သွားပြီ။ ခုနက ဖောင်ဒေးရှင်း ဖြစ်သွားတဲ့ အချိန်မှာပဲ နော်ဝေးနိုင်ငံ ဥပဒေအရ  အယ်ဒီတာတွေက နော်ဝေးမှာရှိတဲ့ သတင်းအယ်ဒီတာတွေ လိုက်နာရမယ့်၊ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ လိုက်နာရမယ်။ အဲဒီဟာ လိုက်နာတယ် ဆိုတာက လွတ်လပ်တဲ့ မီဒီယာတခုအနေနဲ့ ရပ်တည်သွားမယ် ဆိုတဲ့ဟာမျိုး။ တကယ်လို့ အဲဒီလို ရပ်တည်နေတဲ့ အချိန်မှာ ကျနော်တို့ကို ခုနက အစိုးရ အဖွဲ့အစည်း၊ နိုင်ငံရေး အဖွဲ့အစည်း တခုခုကပဲ ဖြစ်ဖြစ် ကျနော်တို့ကို ဖိအား လာပေးမယ်ဆိုရင် ကျနော်တို့ရဲ့ တာဝန်က အလုပ်ကနေ ရပ်ဆိုင်းခံရမယ်။ သူတို့ ပြောတဲ့ အတိုင်း လိုက်နာပြီး လိုက်လုပ်လို့ မရဘူး။ ၂၀၀၂ ကနေစပြီးတော့ အမျိုးသားညွန့်ပေါင်းအစိုးရ ကနေပြီး ကျနော်တို့ကို ဘယ်ဟာထည့်ရမယ် ဆိုတာမျိုး ပြောတာတွေ မရှိပါဘူး။

အခုကျနော်တို့ ဘာတွေပဲ လုပ်နေ လုပ်နေ ကျနော်တို့ရဲ့ နောက်ဆုံး ပန်းတိုင်က ဒီမိုကရေစီ ရသွားတဲ့ အချိန်မှာ တကယ့် independent မီဒီယာ တခု အနေနဲ့ လူထု အကျိုးပြု မီဒီယာ တခု အနေနဲ့ ရပ်တည်ဖို့ပါ။ ဘယ်အစိုးရပဲ တက်တက် မီဒီယာက အရမ်းကို အရေးကြီးတယ်။ တကယ်လို့ မီဒီယာဟာ independent မဖြစ်ဘူးဆိုရင် နောက်တက်လာမယ့် အစိုးရလည်း ဘယ်လောက် ကောင်းတယ်ပြောပြော ပြောလို့မရဘူး၊ တဖက်စောင်းနင်း ဖြစ်သွားနိုင်တယ်။ မီဒီယာက ထောက်ပြဖို့လိုတယ်။ အဲဒီလို မီဒီယာမျိုး မြန်မာပြည်ထဲမှာ ရပ်တည်နိုင်ဖို့ လိုတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်