ဓာတ်ပုံမော်ဒယ်လ် ဖြစ်ချင်တဲ့ ဟန်နီဦး

ဟန်နီဦး ၏ အနုပညာ အမည်မှာ Hazel Moe ဖြစ်ပြီး လန်ဒန်တွင် Business Accounting ဘာသာရပ် သင်ယူလျက် ရှိသည်။ ငယ်စဉ် ကတည်းက ဓာတ်ပုံ ရိုက်ခြင်း၊ မော်ဒယ်လ် သရုပ်ဆောင်ခြင်း များကို ဝါသနာပါ၍ ရန်ကုန် အခြေစိုက် Talent & Model အေဂျင်စီတွင် ကလေး မော်ဒယ်လ် အဖြစ် ရှိုးပေါင်း ၂၀ ကျော် လျှောက်ခဲ့ ဖူးသည်။ ယခုလက်ရှိ လန်ဒန်တွင် အေဂျင်စီများနှင့် ချိတ်ဆက်ကာ ဓာတ်ပုံမော်ဒယ်လ်အဖြစ် ကြိုးစား လုပ်ကိုင်လျှက်ရှိသည်။ ဟန်နီဦး ၏ ရေကူးဝတ်စုံကြော်ငြာ ဓာတ်ပုံများမှာ အင်တာနက်ပေါ်တွင် ပျံ့နှံ့လျက်ရှိပြီး လူပြောများနေသောကြောင့် ဧရာဝတီ သတင်းထောက် နရီလင်းလက်က မေးမြန်း ထားပါသည်။

မေး။     ။ လန်ဒန် ရောက်ပြီးမှ ပထမဆုံး ဓာတ်ပုံ စရိုက်ဖြစ်တဲ့ အကြောင်း ပြောပြ ပေးပါဦး။

ဖြေ။     ။  ညီမ လန်ဒန် စရောက်တဲ့ အချိန်က အသက် ၁၆ နှစ်ပဲ ရှိသေးတယ်။ ညီမနဲ့ သိတဲ့ အစ်ကိုကြီး တစ်ယောက်က University မှာ ဓာတ်ပုံနဲ့ ပတ်သက်တဲ့ မာစတာတန်း တက်နေတာ။ သူ့ ပရောဂျက် အတွက် ဓာတ်ပုံ ရိုက်ဖို့ မော်ဒယ်လ် လိုက်ရှာ နေတယ် ဆိုပြီး အကူအညီ တောင်းတာနဲ့ ကိုယ်ကလည်း မြန်မာ ပြည်မှာ တုန်းက နည်းနည်း ပါးပါး လုပ်ခဲ့ဖူးတဲ့ အတွေ့ အကြုံလည်း ရှိတယ်၊  ၀ါသနာလည်း ပါတော့ ကူညီပေးမယ် ဆိုပြီး စရိုက် ဖြစ်ခဲ့ပါတယ်။ အဲဒါ ပထမဦးဆုံးပေါ့။

မေး။     ။ စသရုပ်ဆောင်ချိန် တုန်းက ဘယ်လို အခက်အခဲ ရှိခဲ့လဲ။

ဖြေ။     ။ ကိုယ်က ၀ါသနာ ပါလို့လား မသိဘူး။ ကင်မရာရှေ့ ရောက်တာနဲ့ အိုက်တင်က အလိုလို လုပ်ပြီးသား ဖြစ်နေတာ။

မေး။     ။  အဲဒီတုန်းကရော စိတ်လှုပ်ရှားမှုရှိခဲ့လား။

ဖြေ။     ။ အဲဒီ တုန်းကတော့ ဒီအတိုင်းပဲ၊ ကိုယ်ဒီလောက် အထိ ဖြစ်လာမယ် လို့လည်း ထင်မထားဘူး။ အပျော်လေးနဲ့ပဲ။ ကိုယ်ကလည်း ၀ါသနာ ပါတယ်၊ ၀ါသနာပါတော့ ကင်မရာရှေ့ ရောက်ရင်ပဲ ပျော်နေတယ်လေ။ အဲဒီ အစ်ကိုကြီးနဲ့ တင်ပဲ သုံးခေါက်လောက် ရိုက်ဖြစ်တယ်။ မော်ဒယ်လ် ၀က်ဘ်ဆိုက် တွေမှာ ဓာတ်ပုံ ဆရာအနေနဲ့ အလုပ်လုပ်နေတဲ့ မြန်မာ အစ်ကိုကြီး တယောက်နဲ့ ထပ်ရိုက်ဖြစ်ခဲ့သေးတယ်။ သူကနေပြီး မော်ဒယ်လ်ဝက်ဘ်ဆိုက်တွေ ရှိတယ်၊ ပိုက်ဆံလည်းမပေးရဘူး၊ ကိုယ့်ဓာတ်ပုံတွေ တင်ကြည့်၊ ဒီအတိုင်းနေတာထက် စာရင် အဆက်အသွယ်တွေ ပိုရနိုင်လာတယ်ဆိုပြီး မော်ဒယ်လ်ဝက်ဘ်ဆိုက် တွေမှာလည်း တင်ဖြစ်ခဲ့ပါတယ်။ ၀က်ဘ်ဆိုက်ကနေ တဆင့် ဒီမှာ ရှိတဲ့ ဓာတ်ပုံဆရာတွေ၊ မိတ်ကပ် ဆရာတွေ၊ နောက် အေဂျင်စီတွေနဲ့ အဆက်အသွယ် ရလာတာပါ။

မေး။     ။ အဲဒီလို တင်လိုက် ပြီးတဲ့ နောက်မှာ ပိုပြီးတော့ လူသိများလာတယ်လို့ ပြောလို့ ရနိုင်မလား။

ဖြေ။     ။ လူသိများတယ်လို့ ညီမထင်တာကတော့ ... ကမ်းခြေမှာ ရေကူးဝတ်စုံနဲ့ ရိုက်တာကို လူက တော်တော်ကို အသိများသွားတယ်လို့ ညီမက ထင်တယ်။

မေး။     ။ အဲဒီလို ရေကူးဝတ်စုံမျိုးတွေနဲ့ ရိုက်တဲ့ အခါမှာ ဟန်နီဦး အနေနဲ့  ဘယ်လို စိတ်ခံစားမှုဖြစ်လဲ။ တော်တော်ကြိုးစား ခဲ့ရတာရှိလား။

ဖြေ။     ။ အဲဒီတုန်းက ညီမတို့ ဆီမှာ အပူချိန်က ၇ ဒီဂရီ၊ ၈ ဒီဂရီ ဆိုတော့ ရေဆိုတာလည်း အရမ်းခဲနေတာ။ နွေရာသီ ၀င်ခါစ ဆိုတော့ ပထမအပတ်မှာတော့ နေပူတယ်ဆိုပြီး နောက်တပတ် ရိုက်ဖို့ချိန်းလိုက်တယ်။ ညီမက လန်ဒန်မှာ နေတယ်ဆိုတော့ အဲဒီကို သွားရတာလည်း နှစ်နာရီ၊ သုံးနာရီလောက် ကားစီးရတယ်လေ။ ညီမကလည်း ဒီမှာ လုပ်ရမယ့် ဟာတွေက အချိန်ဇယား အပြည့်ဆိုတော့ မရ … ရတဲ့ ရက်ကလေးကို ရွေးပြီးတော့ အဲဒီနေ့ကတော့ မိုးမရွာလောက်ဘူး ထင်ပါတယ် ဆိုပြီး သွားတာ မိုးတော့မရွာဘူး၊ ဒါပေမယ့် နေလည်း မပူဘူး အရမ်းကိုအေးတယ်။ ဒါပေမယ့် ကိုယ်က အလုပ်လုပ်နေရတာလေ။  အရမ်းအေးတယ် ဆိုတဲ့ ဆင်ခြေပေးပြီး ကိုယ်က ပြန်သွားဖို့လည်း ညီမက အဲဒီလို မလုပ်တတ်ပါဘူး။ ညီမ တတ်နိုင်သလောက် ကြိုးစားတယ်။ ညီမ မျက်နှာမှာ လုံးဝ အေးတယ်ဆိုတာကို မပေါ်အောင်လို့ တတ်နိုင်သမျှ သရုပ်ဆောင်ခဲ့ပါတယ်။

မေး။     ။ ဒီပုံမှာ သရုပ်ဆောင်ထားတာ အရမ်းပီပြင်တော့ ဒီအတွက်ရော ကြိုတင်လေ့ကျင့်ထားတာတွေ ရှိခဲ့လား။

ဖြေ။     ။ ညီမကတော့ ကတ်တလောက်တွေ အရမ်းကြည့်တယ်။ ဓာတ်ပုံတွေ၊ မဂ္ဂဇင်းတွေ တော်တော်များများ ဖတ်တယ်။ ပို့စ်အဆန်းလေးတွေ တွေ့ရင်လည်း မှန်ရှေ့မှာ လုပ်ကြည့်တယ်။ နောက်ပြီး ကင်မရာရှေ့ ရောက်ရင် အလိုလိုနေရင်းနဲ့ကို ဘာလေးလုပ်မယ်၊ ညာလေးလုပ်မယ် ပေါ့နော်။ ဒါကလည်း ညီမ တယောက်တည်း မဟုတ်ပါဘူး။ ညီမလည်း ဓာတ်ပုံတချို့ ရိုက်ဖူးတယ်ဆိုတော့ တခါတလေ အဲဒီလို ဓာတ်ပုံဆရာနဲ့ မော်ဒယ်လ်နဲ့ အဲဒီလိုမျိုး ဆက်သွယ်မှု မရှိတဲ့ အခါကျ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား မကောင်းတတ်ပါဘူး။ ကမ်းခြေမှာ မိန်ကလေး တယောက် ရေဆော့မယ်၊ ဒီအတိုင်း အဲဒီ ပုံစံ လေးနဲ့ အဲဒီလို ပက်လက်လှဲပြီး အနေထားကျတော့ နည်းနည်း ပြုံးလိုက် ရယ်လိုက်မယ် ဆိုရင် သဘာဝ သိပ်မကျ ဖြစ်တာပေါ့။ တခုခု စိတ်သွင်းပြီးတော့ အဲဒီ ကင်မရာကို စိုက်ပြီး အဲဒီလိုမျိုး ကြည့်လိုက်မယ်၊ နောက် မျက်လုံး အနေအထားကို ကြည့်မယ်ဆိုရင် စူးရှပြီးနေမယ်၊ ကိုယ့် attraction လေး ရှိအောင် ပေါ့နော်။ အဲဒီလိုပဲ ရိုက်လိုက်တယ်။ နောက် ထွက်လာမှ ပုံလေးက တော်တော် ကောင်းသွားတာ။

မေး။     ။ ယဉ်ကျေးမှု ဆိုပြီး ဦးစားပေးတဲ့ မြန်မာပြည်လို နိုင်ငံမှာ ဒီလိုဓာတ်ပုံရိုက်ခွင့်ရမယ်ဆို ရိုက်လိုက်တဲ့ မော်ဒယ်အပေါ်မှာ ဘယ်လို အမြင်မျိုးရှိသွားစေနိုင်လဲ။

ဖြေ။     ။ မြန်မာပြည်မှာတော့ ရိုက်ခွင့် ရ မရတော့ မသိဘူး။ မြန်မာပြည်မှာ ရှိတဲ့ မင်းသမီး တယောက် အနေနဲ့ အဲဒီလို ရိုက်လိုက်ပြီ ဆိုရင် သူတို့ အတွက် မကောင်းတဲ့ အရိပ်ထိုးသွားနိုင်မလားလို့ ညီမ ထင်တယ်။ ဒီမြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူ အများစုက ကိုယ့်မြန်မာနိုင်ငံကို တိုးတက်ချင်ကြတယ်လေ။ ဥပမာ - ယိုးဒယားတို့၊ ကိုရီးယားတို့၊ တရုတ်တို့ကိုပဲကြည့်၊ သူတို့လည်း လွန်ခဲ့တဲ့ တချိန်တုန်းက ညီမတို့လိုပဲ ယဉ်ကျေးမှုကြောင့် ၀တ်စုံတွေ ၀တ်တယ်။ ဒါပေမယ့် အခုအချိန်မှာ သူတို့ အောင်မြင်တိုးတက် သွားကြတယ်။ သူတို့မှာ ဒါတွေ ကျန်လားဆိုတော့ မကျန်တော့ ဘူးပေါ့နော်။ ဒါတွေကို သူတို့ ယဉ်ကျေးမှု အနေနဲ့ တချိန်တုန်းက သူတို့ မိန်ကလေး တယောက်အနေနဲ့ ဒီလိုမျိုး မရှိခဲ့ဘူး။ ဒါပေမယ့် ဒါက ခေတ်နဲ့ အညီ ကိုယ်က ပြောင်းတာလေ။ ကိုယ့် နိုင်ငံကြီးပဲ တိုးတက်ပြီးတော့ ၀တ်စုံက ဒါကြီးတွေပဲ ၀တ်ပြီးတော့ ဒီလိုကြီးပဲ နေနေလို့ ဖြစ်ပါ့မလား။ အဲဒီလို နိုင်ငံမျိုးလည်း မရှိဘူးလို့ ညီမ ထင်တယ်။

နောက်ပြီးဒီမှာ ဓာတ်ပုံ တပုံ ရဖို့ ဒေါ်လာဆိုလည်း သိန်းနဲ့ ချီပြီး ကုန်ကြတယ်။ မြန်မာနိုင်ငံမှာ ကျတော့ အဲဒီလောက်အထိ သုံးနိုင်တဲ့ ငွေပမာဏလည်းမရှိဘူးထင်တယ်။

နောက် တခုက အနေအထား မျိုးစုံ ရှိတယ်လေ။ ဒီနိုင်ငံမှာ မော်ဒယ်လ် အမျိုးအစား ပေါင်းစုံရှိတယ်။ play boy မော်ဒယ်လ် လိုမျိုး၊ ရည်ရွယ်ချက် မျိုးနဲ့ ရိုက်တာ မဟုတ်ဘူး။ ရေကူးကန်မှာ သဘာဝ အတိုင်း ရေကူးတယ် ဆိုတဲ့ သဘောမျိုး ပါအောင် သရုပ် ဆောင်တယ်။ အဲဒီလို သဘောမျိုး ရိုက်တာပါ။ မြန်မာ အများစု ကတော့ မြန်မာ နိုင်ငံမှာ မျက်စိပိတ်၊ နားပိတ်ဆိုတော့ အမြင်ကျဉ်းကြတော့ တမျိုးမြင် ကြတာပေါ့။ ညီမကိုလည်း အီးမေးလ်တွေ ဘာတွေ လာကြ၊ ညီမ ပုံတွေ ကိုလည်း ဝေဖန်ကြပါတယ်။ 

ကိုယ်လည်း တချိန်တုန်းက အဲဒီလို အမြင်ကျဉ်းတဲ့ နေရာမှာ နေခဲ့ရတော့ ကမ္ဘာကြီးနဲ့ အဆက် အသွယ် ပြတ်နေတယ်။ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာလည်း မသိဘူး။ ဒီလိုပဲ သဘောထား လိုက်တယ်။ တချို့တွေလည်း နိုင်ငံ အသီးသီး ရောက်ပြီး မျက်စိပွင့်၊ နားပွင့် လာကြပြီး ဒါကို လက်ခံလာ နိုင်တယ်ပေါ့နော်။ ကိုယ်က မြန်မာ့ ယဉ်ကျေးမှု ဆုတ်ယုတ်အောင် ဘာမှ လုပ်နေ တာလည်း မဟုတ်ဘူးလေ။

မေး။     ။ အဲဒီနေ့က ၀တ်စုံ ဘယ်နှစုံနဲ့ ရိုက်တာလဲ။

ဖြေ။     ။ ၄ စုံ ရိုက်တယ်။ အဲဒါရိုက်နေတုန်းက ကမ်းခြေ တခုလုံးမှာ ရေကူးဝတ်စုံနဲ့ ဆိုလို့ ညီမတယောက်ပဲ ရှိတယ်။ အကုန်လုံး က ၀ိုင်းကြည့်နေကြတယ်။ ဟယ် ...မအေးဘူးလားဆိုပြီး ပေါ့နော်။ ဒါပေမယ့်လည်း အဆင်ပြေသွားပါတယ်။ အဲဒီနေ့ကတော့ မနက်ကနေ ညနေအထိပဲ တနေကုန်တယ်။ 

မေး။     ။ အဲဒါက ဘယ်ကမ်းခြေမှာလဲ။

ဖြေ။     ။ အဲဒါက BOUNE MOUTH ကမ်းခြေ မှာပါ။ သူက လန်ဒန်ကနေတဆင့် ထပ်သွားရတဲ့နေရာမှာ ရှိပါတယ်။ မြန်မာပြည် အနေနဲ့ ပြောရင်တော့ ရခိုင်ဘက်အခြမ်းလိုနေရာပေါ့။ အဲဒီတုန်းက ဓာတ်ပုံတွေ ကြည့်ကောင်းတယ်ဆိုတာ ညီမတယောက် တည်းကြောင့် မဟုတ်ပါဘူး။ ဓာတ်ပုံ ဆရာတွေရော၊ အကုန်လုံးကြိုးစားကြလို့ပါ။

မေး။     ။ ရေကူးဝတ်စုံကြော်ငြာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုဝေဖန်ကြသူတွေ အများကြီးရှိတယ်ဆိုတော့ ဒီလို ဝေဖန်ချက်တွေ အပေါ်မှာရော ဟန်နီဦး အနေနဲ့ ဘယ်လိုသဘောထားပြီးနေဖို့ စဉ်းစားထားလဲ။

ဖြေ။     ။  ဝေဖန်ခံရတာတော့ အနုပညာသမားတိုင်းပါပဲ။ အောင်မြင်တဲ့ သူရော၊ မအောင်မြင်တဲ့ သူရော။ ချီးမွမ်းတာလည်း ရှိသလို ကဲ့ရဲ့တာလည်းရှိတယ်လေ။  ညီမ ကြားဖူးတာက ချီးမွမ်း မခံရတဲ့ လူရှိတယ်တဲ့၊ ဒါပေမယ့် ကဲ့ရဲ့ မခံရတဲ့လူ မရှိဘူးတဲ့။

မေး။     ။ မြန်မာပြည်က  မော်ဒယ်လ် တွေရဲ့ အနေအထားနဲ့ နိုင်ငံတကာက မော်ဒယ်လ်တွေရဲ့ အနေအထား ဘယ်နေရာတွေမှာ  ကွာခြားမှုရှိတယ်လို့ မြင်မိလဲ။

ဖြေ။     ။ ပြည်တွင်းမှာ လုပ်ခဲ့ တုန်းကတော့ ညီမ အရမ်းငယ်သေးတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ညီမက ပြည်တွင်း လောကကို သေသေချာချာမသိပါဘူး။ ဒါပေမယ့် ညီမ သိသလောက် ပြောမယ်ဆိုလို့ ရှိရင်တော့ ဥပမာ - မြန်မာပြည်က  မော်ဒယ်လ် တယောက်က မင်းသမီးလည်း လုပ်တယ်၊ သီချင်းလည်းဆိုတယ်၊ ကြော်ငြာလည်း ရိုက်တယ်။ အဲဒီလို အစုံပေါ့နော်၊ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာပြည်မှာ ရှိနေတဲ့ ဈေးကွက်က ကျဉ်းတာကိုး ဒီမှာက မော်ဒယ်လ် တယောက်ဆိုတာ ဥပမာ - သူခြေထောက်လှရင် ခြေထောက်မော်ဒယ်လ်၊ သူ့ခြေထောက်ကို သူ အာမခံ ထားမယ်။ လာသမျှ ဖိနပ်တွေ ရိုက်မယ်ဆို  ခြေထောက် မော်ဒယ်လ် ပေါ့နော်။ ဒါပေမယ့် များသောအားဖြင့် ဖက်ရှင် မော်ဒယ်လ် ဆိုလို့ ရှိရင် အေဂျင်စီတွေနဲ့ ဟောင်ကောင် သွားပြီးတော့ ဓာတ်ပုံရိုက်တာရှိတယ်။ ဒီနိုင်ငံတွေမှာက ဈေးကွက် နယ်မြေက အရမ်းကြီးတော့ လုပ်ရတာ အဆင်ပြေတယ်။  မြန်မာပြည်မှာက ဈေးကွက်နယ်မြေ အရမ်းကျဉ်းတော့ ကိုယ်တယောက်တည်းနဲ့ အစုံလုပ်ရတာပေါ့။ Kate Mossဆိုရင် သူ ရုပ်ရှင် မရိုက်ဘူး၊ သူ မော်ဒယ်လ်ဆို မော်ဒယ်လ်ပဲလုပ်တယ်။ ဒီမှာက နယ်ပယ်အရမ်းကျယ်တော့ ကိုယ့်မှာပါလာတဲ့ စွမ်းရည်နဲ့ အံဝင်ခွင်ကျလေး ဖြစ်အောင် သုံးလို့ရတယ်။

နောက်ပြီးတော့ မြန်မာနိုင်ငံမှာ ဆိုရင် ကိုယ်က ဘယ်လောက်ကြီးပဲ ချောချော နိုင်ငံခြားကို သွားပြီးတော့ အလုပ်လုပ်မယ်ဆိုရင် မြန်မာဆိုတာနဲ့ ခက်ခဲတယ်။  မြန်မာပတ်စ်ပို့စ်က သိတဲ့အတိုင်းပဲ။ အဲဒီလိုတွေ အရမ်းကွာခြားတယ်လို့ ညီမ ထင်ပါတယ်။

နောက်တခုက မော်ဒယ်အလုပ်ကို ကိုယ်က အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ရွေးချယ်ပြီဆိုတာနဲ့ ကြော်ငြာတွေ များများ ရိုက်ရမှဖြစ်မယ်လေ။ မြန်မာပြည်မှာက မော်ဒယ်လ် ရှိုးချည်းပဲ သွားပြီး အားကိုးလို့မရဘူး၊ ဓာတ်ပုံချည်းပဲ ရိုက်မယ်ဆိုရင်လည်း ကိုယ်က ဘာမှ ဖြစ်မလာဘူးလေ။ အဲဒီတော့ ကိုယ်က ကိုယ့် အသက်မွေးဝမ်းကျောင်းမှု အတွက် သရုပ်ဆောင်တာရော၊ သီချင်း ဆိုတာရော ၊ မော်ဒယ်လ်ရော မျိုးစုံ လုပ်ရတော့မယ်။ အဓိက ကတော့ ဈေးကွက်နယ်ပယ် ကျဉ်းလို့ပါ။

ပြည်ပမှာကတော့ အောင်မြင်နေတဲ့ မော်ဒယ်တယောက်က တနာရီကို ပေါင် တထောင်၊ ဒေါ်လာ နှစ်ထောင် အဲဒီလိုမျိုး ရတယ်ဆိုတော့ သူတို့အတွက် ဓာတ်ပုံ ရိုက်ရတာ ရပ်တည်လို့ရနေပြီ။ သူတို့ ဒီလိုင်းသက်သက်ပဲ သွားတယ်။ အဲဒီလိုမျိုးတွေ ကွာခြားတယ်လို့ ထင်ပါတယ်။

မေး။     ။ ဟန်နီဦး အားကျ အတုယူတဲ့ ပြည်တွင်းပြည်ပ အနုပညာရှင်တွေရှိရင် ပြောပြပေးပါဦး။

ဖြေ။     ။ ပြည်တွင်းမှာ အားကျတဲ့ မော်ဒယ်လ်တွေကတော့ တင်မိုးလွင်၊ သန္တာလှိုင်နဲ့ ပပ၀င်း တို့ပါပဲ။ ပြည်ပမှာ Kate Moss ကိုကြိုက်တယ်။

မေး။     ။  နိုင်ငံရဲ့ ယဉ်ကျေးမှု အရ မော်ဒယ်လ်ဆိုတဲ့ အပေါ်မှာ အမြင်တွေ ကွာနေသေးတာ၊ လက်ခံမှုနည်းသေးတာကို ဟန်နီဦး ဘယ်လို မြင်လဲ။

ဖြေ။     ။ အမြင်ကျဉ်းကြလို့ လက်မခံနိုင်တာလို့ ညီမမြင်တယ်။ ဒါက မဟုတ်တာ၊ မကောင်းတာ လုပ်စားနေတာလည်း မဟုတ်ပါဘူး။ ညီမ ကျင်လည်နေရတာလည်း ဒီနိုင်ငံမှာရှိတဲ့ အဲဒီလို အနုပညာ လောကလည်း ဖြစ်တယ်။ နောက်ပြီးတော့ ၀က်ဘ်ဆိုက်မှာ ဒီဟာက မော်ဒယ်လ် တယောက် အနေနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားကို ပြဖို့ အတွက်ပေါ့နော်။ ညီမ Nude မရိုက်ဘူး။ ဒါပေမယ့် ဒီလိုမျိုး ရေကူးဝတ်စုံကတော့ Mask အနေနဲ့ ကိုယ့်ရဲ့ body structure ပြရတာပါ။ ဘယ်လောက် နှုန်းနဲ့ ပြရမယ် ဆိုတာမျိုး အဲဒီလို သတ်မှတ်ချက်တော့ မရှိပါဘူး။ ဒါပေမယ့် များသော အားဖြင့် ၉၉. ၉ ရာခိုင်နှုန်းလောက်ကတော့ ကိုယ်ခန္ဓာကိုပြရတယ်ပေါ့နော်။ အဲဒီလိုမှပဲ အေဂျင်စီက ကိုယ့်ရဲ့ အခြေအနေကို ကြည့်ပြီး ကိုယ့်ဓာတ်ပုံ၊ ကိုယ့်ခန္ဓာကိုယ် အချိုးအစားကို သိပြီးတော့မှ သူတို့က ဒီမော်ဒယ်လ်နဲ့ အလုပ်အတူတူ တွဲလုပ်၊ မတွဲလုပ်ဖို့ ဆိုတာ သူတို့ ဆုံးဖြတ်ချက် ချရတာပေါ့နော်။

မေး။     ။  နိုင်ငံတကာ အဆင့်ကိုရောက်သွားတဲ့ မြန်မာမော်ဒယ်လ်တွေ အခုချိန်ထိ မရှိသေးတာ ဘာကြောင့်လို့ထင်မိလဲ။

ဖြေ။     ။ ညီမထင်တာကတော့ အဓိက မြန်မာနိုင်ငံကနေပြီးတော့ နိုင်ငံတကာပွဲတွေမှာ ကိုယ်က apply လုပ်လို့ရတယ်။ ဒါပေမယ့်  မြန်မာနိုင်ငံကနေပြီး apply လုပ်ရတာ ခက်ခဲမယ်လို့  ညီမထင်တယ်။ ဥပမာ - များသောအားဖြင့် ထိုင်းဆိုရင်လည်း သူတို့ အတွက်က ဘယ်နိုင်ငံသွားသွား ဗီဇာက လွယ်တယ်လေ။ မြန်မာနိုင်ငံသား တယောက် အနေနဲ့က ဗီဇာက ဘယ်လိုရှိမလဲ မသိဘူး။ Unknown reason တချို့ကြောင့် ဗီဇာက ခက်ကြတယ်။  အခုကျတော့ မြန်မာပြည်မှာ အင်တာနက်ကို အများဆုံး သုံးလာကြပါပြီ။ မြန်မာလူမျိုးတွေ ညီမ တွေ့ရပါတယ်။ အရင်ခေတ်တုန်းက အဲဒီလိုမျိုး မသုံးခဲ့ကြတော့ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေလဲဆိုတာ မသိ၊ သုံးခဲ့ ပြန်ရင်လည်း ဟိုက ပိတ်လိုက်၊ ဒီက တားလိုက်နဲ့ အဲဒီလိုမျိုး ကြောင့်လို့လည်း ညီမ ထင်တယ်။

နောက်ပြီးတော့ ဒီမြန်မာနိုင်ငံ အေဂျင်စီတွေ အနေနဲ့လည်း အဲဒီလို world wide ကို ဆက်သွယ်ဖို့ ဘာညာဆိုရင် မြန်မာနိုင်ငံမှာ အခုထိ မက်ဒေါ်နယ်တို့ ဘာတို့တောင် မရှိသေးတဲ့ အခါကျတော့ ... ညီမလည်း အဲဒီလောက်ပဲ နားလည်တယ်။

အဓိက အားဖြင့် ညီမ ထင်တယ် အုပ်ချုပ်မှုပိုင်း ဆိုင်ရာ ပြောင်းလဲမှ အများသော အားဖြင့် ဒီလိုမျိုး ပွင့်လင်း လာမယ်။ လူတွေက ဦးနှောက်ပွင့်၊ နားပွင့်၊ အသိဉာဏ်ပွင့် ဖြစ်လာမယ်။ မြန်မာ နိုင်ငံက မြန်မာ လူမျိုးတွေ တော်ကြပါတယ်။ အများသော အားဖြင့် သူတို့ ကြိုးစား ချင်စိတ် ရှိတယ်။ သူတို့ လူမှုရေး တွေမှာ တော်ကြပါတယ်။ သူတို့ အခွင့် အရေး မရှိကြလို့ပါ။ အခြေ အနေကြောင့် အခွင့်အရေး မရှိတော့ ကြိုးစားဖို့ လမ်းမှ မရှိတာ။ အဲဒါကြောင့်လို့ ညီမ ထင်ပါတယ်။

အခုဆိုရင် ညီမ ကြည့်နေတာ ချမ်းချမ်း ဆိုတဲ့ မော်ဒယ်လ် တယောက် သူဒီနိုင်ငံကို လာရင် တော်တော်ကို အောင်မြင် မယ်လို့ ညီမ မြင်ပါတယ်။ ညီမက အရပ် ၅ ပေ၊ ၄ လက်မပဲ ရှိတယ်။ ဒီမှာ မော်ဒယ်လ် တယောက် ဖြစ်ဖို့က အရပ် ၅ ပေ ၉ လက်မ ကနေ ၅ ပေ ၁၁ လက်မ အတွင်း ရှိမှ ၉၈ ရာခိုင်နှုန်း အောင်မြင်တယ်။ အရပ် ၅ ပေ ၉ လက်မ အောက်နဲ့ ၅ ပေ ၁၁ လက်မ အထက်ရှိတဲ့ မော်ဒယ်လ် တွေက အောင်မြင်ဖို့ အတွက် ၁ ရာခိုင်နှုန်း ပဲရှိတယ်။ ဒါပေမယ့် ညီမ အခုသွားမှာ ကျတော့ ဖက်ရှင် မော်ဒယ်လ် သွားမှာ မဟုတ်ဘူး။ ညီမ အခု သွားမှာက ဓာတ်ပုံ မော်ဒယ်လ်၊ Commercial ပေါ့။ ဒါပေမယ့် ညီမက အဓိက ဒါကြီးကို အသက်မွေး ဝမ်းကျောင်းမှု အနေနဲ့ ဆုံးဖြတ်ချက် ယနေ့တိုင် ချမထားပါဘူး။ ညီမက ၀ါသနာ အရလုပ်တယ်။ ညီမရဲ့ အိပ်မက်က ဘာလဲဆိုတော့ ညီမ နာမည် အရကြီး မဟုတ်ပေမယ့် လူ တော်တော် များများ ညီမကို သိကြမယ် ဆိုတာ လောက်ပဲ။ ညီမ လုပ်ချင်တာကို ထပ်ပြီးတော့ ကြိုးစားသွားမယ်၊ လုပ်သွားမယ်။

တနေ့မှာ ညီမလုပ်ချင်တာက ဘာလဲဆိုတော့ လူမှုရေးအလုပ်တွေ လုပ်ချင်တယ်။ မြန်မာနိုင်ငံနယ်စပ်တွေမှာ ကျောင်းလေးတွေ ဖွင့်ပြီးတော့ ကိုယ့်နာမည်နဲ့ အဲဒီလို လုပ်မယ်။ အဲဒါကတော့ ညီမရဲ့ အိပ်မက်ပါ။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်