အကျဉ်းထောင်ထဲက စိတ်ငြိမ်းချမ်းမှု ရှာပုံတော်

Tuesday, 27 July 2010 13:10 အင်တာဗျူး
Print
မြန်မာ နိုင်ငံတွင် ၂၀၀၈ ခုနှစ် ဇူလိုင်လမှ စတင်၍ အကျဉ်းထောင် အတွင်း ၀ိပဿနာ တရားပြခွင့် ရရှိခဲ့သည်။ အင်းစိန်ထောင် အပါအ၀င် အကျဉ်းထောင်များ အတွင်း တရားပြသမှု အခြေအနေ များကို ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ၀ိပဿနာ တရားပြ ဆရာကြီး ဦးဂိုအင်ကာ၏ သားဖြစ်သူ ဗန္ဓုလဦးရွှေကို ဆက်သွယ် မေးမြန်း ထားပါသည်။

U-Shweဗန္ဓုလ ဦးရွှေသည် ရန်ကုန်မြို့တွင် နေထိုင်လျက် မြန်မာနိုင်ငံတွင်းရှိ ဦးဂိုအင်ကာ ၏ တရား စခန်းများကို စီစဉ်ကြီးကြပ်နေသူဖြစ်ပြီး မြန်မာ-အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ လည်း ဖြစ်သည်။

ဦးဂိုအင်ကာသည် မြန်မာနိုင်ငံ မန္တလေးမြို့တွင်ဖွားမြင်ခဲ့သော ဟိန္ဒူအမျိုးသားဖြစ်သည်။ ခေါင်းကိုက်ဝေဒနာ ပျောက်ကင်းစေရန် မြန်မာဝိပဿနာတရားပြဆရာကြီး ဦးဘခင်ထံ ရောက်ရှိခဲ့ရာမှ အစပြု၍ လယ်တီ ၀ိပဿနာ တရားနှင့် ထိတွေ့ခွင့်ရခဲ့သည်။

တော်လှန်ရေးကောင်စီ အစိုးရ တက်လာပြီးနောက် ဦးဂိုအင်ကာ၏ လုပ်ငန်းများ ပြည်သူပိုင် အသိမ်းခံရပြီး ၄င်းသည် အိန္ဒိယ နိုင်ငံသို့ ပြန်သွားခဲ့သည်။ ထို့နောက် ၀ိပဿနာတရားကို ကိုယ်တိုင်လည်း ဆက်လက်အားထုတ်ကာ အခြားအိန္ဒိယနိုင်ငံသား များကိုလည်း သင်ကြားပေးရင်းဖြင့် ကမ္ဘာကျော် ၀ိပဿနာ တရားပြ ဆရာကြီး ဖြစ်လာခဲ့သည်။

အကျဉ်းထောင်တွင်း တရားပြမှုကို ဦးဂိုအင်ကာက ၁၉၇၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံရှိ Jaipur ဆိုသည့် အကျဉ်းထောင်၌ စတင်ခဲ့ပြီး ယခုအခါ အမေရိကန် ၊ နယူးဇီလန် ၊ သြစတြေးလျ စသည့် နိုင်ငံတကာ အကျဉ်းထောင်များတွင် တရားစခန်းများ ဖွင့်လှစ်ထား သည်။

မေး။    ။မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ တရားစခန်းဖွင့်လှစ်နေတဲ့ အခြေအနေတွေကို သိချင်ပါတယ်။

ဖြေ။    ။ ပထမဆုံးတော့ ရန်ကုန် အင်းစိန်ထောင်ထဲမှာ တရားစပြတာ ၊ အခုဆိုရင် ၂ နှစ်ရှိပြီပေါ့လေ။ ကျနော်တို့ ဆရာကြီး ဦးဂိုအင်ကာ နည်းအတိုင်းပေါ့လေ။ တလမှ တကြိမ်  လဆန်း (၁) ရက်ကနေ (၁၁) ရက်နေ့အထိ ဖွင့်လှစ်ပေးနေပါတယ်။

မေး။    ။ တရားပြဆရာ ဘယ်နှစ်ဦးနဲ့ တရားပြပေးနေတာပါလဲ။

ဖြေ။    ။ ကျနော်တို့ မြန်မာပြည်မှာတော့ တရားပြဆရာ (၅၀) ကျော်ရှိတယ် ၊ အင်းစိန်ထောင်ထဲမှာ ပထမဆုံးတရားစပြတော့ ဆရာ (၄) ဦးနဲ့ စပြတယ်။ နောက်ကျတော့ အသားကျသွားပြီး ဘာပြဿနာမှလည်း မရှိဘူးဆိုတော့ တရားပြဆရာ (၁) ဦးနဲ့ပဲ ပြတော့တယ်။ (၂)လခြားတခါ အမျိုးသမီးအကျဉ်းသားတွေအတွက်လည်း သီးသန့်တရားစခန်းဖွင့်ပေးတယ်။ အခုဒီလအတွက် အမျိုးသမီးအကျဉ်းသားသီးသန့် တရားစခန်း စနေပါပြီ။

မေး။    ။ အန်ကယ်လ်တို့ (၁၀)ရက်တရားစခန်းမှာ သက်သတ်လွတ်စားရတယ်ဆိုတော့ အကျဉ်းထောင်တွင်း တရားစခန်းတွေမှာ စားရေးသောက်ရေးအတွက်ကို ထောင်အာဏာပိုင်တွေက စီစဉ်ပေးတာလား။
ဖြေ။    ။ ကျနော်တို့ ရိပ်သာအဖွဲ့ကပဲ စီစဉ်တယ်။ အုပ်ချုပ်တာကအစ အားလုံး ရိပ်သာအဖွဲ့ကပဲ စီစဉ်ပါတယ်။ ဝေယျာဝစ္စ လုပ်တာက အစ အားလုံးရိပ်သာရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ လုပ်တယ်။ ကျွေးမွေးရေးအတွက်ကလည်း အလှူရှင်တွေရှိ ပါတယ်။ ထောင်က အစားအစာကို လက်မခံပါဘူး။ တရားပတ်တပတ်ဆိုရင် (၉)သိန်းလောက် ကုန်တယ်။

မေး။    ။ အင်းစိန်ထောင်တခုပဲ တရားစခန်းရှိတာလား။

ဖြေ။    ။ မဟုတ်ပါဘူး။ အင်းစိန်ထောင်ထဲက တရားစခန်း အမည်ကတော့ "ဓမ္မဟိတသုခ ၀ိပဿနာရိပ်သာ"လို့ ခေါ်ပါတယ်။ နောက် သာယာဝတီထောင်မှာလည်း တရားစခန်းပြနေပါတယ်။ သာယာဝတီထောင်ကတော့ နှစ်လတကြိမ်ဖွင့်ပေးပါတယ်။ မန္တလေးအိုးဘိုထောင်မှာလည်း ဖွင့်ထားတယ်။

မေး။    ။ နိုင်ငံရေးအကျဉ်းသားတွေရော တရားအားထုတ်နိုင်တဲ့ အခြေအနေရှိရဲ့လားခင်ဗျ။

ဖြေ။    ။ ရှိတယ်။ ရှိတယ်။ လာကြပါတယ်။ တခါတလေ ကျနော်လည်း ထောင်တွင်း တရားစခန်းကို ရောက်တယ်လေ။ ရောက်တော့ ကျနော် သူတို့ရဲ့ ခံစားချက်တွေကိုလည်း မေးကြည့်ဖြစ်ပါတယ်။ သူတို့ရဲ့ အာဘော်ကတော့ ဒီမှာ အစားစာကောင်း တယ်။ သန့်သန့်ရှင်းရှင်းနေရတယ်။ အိမ်သာ ရေချိုးခန်းတွေ အပြည့်အစုံရှိတယ်။ အဲဒါတွေ ကြားပြီး လာတာတွေလည်း ရှိတယ်။ တရားပတ်ပြီးလို့ မေးတဲ့အချိန်မှာ တချို့ယောဂီတွေက ပြောတယ်။ သူ ထမင်းဟင်းကောင်းစားချင်လို့ ဒီတရားစခန်းကိုလာတာ။ ဒီလာဖြစ်လို့ တရားရသွားတယ်။ သူ့ကိုထောင်ထဲရောက်အောင် လုပ်လိုက်တဲ့သူကိုတောင် ခွင့်လွှတ်တယ်။ အပြင်မှာသာဆိုရင် သူ တရားထိုင်ဖြစ်မှာမဟုတ်ဘူးဆိုတဲ့ အကျဉ်းသားတွေရဲ့ ထွက်ဆိုချက်တွေလည်း ရှိပါတယ်။

မေး။    ။ တိုက်ပိတ်ခံ အကျဉ်းသားတွေရော တရားထိုင်ခွင့်ရပါသလား။

ဖြေ။    ။ အစုံပါပါတယ်။ ဘယ်သူမဆို သူတို့ ခွင့်ပြုတယ်။ ကိုယ်တိုင်က စိတ်ပါဖို့ပဲလိုတယ်။ နှစ်ရှည်အကျဉ်းသားတွေလည်း ပါ တယ်။ နှစ်ရှည်အကျဉ်းသားတွေထဲမှာ ဌာနဆိုင်ရာက လူတွေများတယ်။ကျနော်တွေ့တဲ့ တယောက်ဆိုရင် သမ၀ါယမက။ သူက ထောင်ဒဏ် (၅၀၅) နှစ်ကျခံထားရတယ်။ သူ့မှာ အမှုပေါင်း (၆၀) ကျော်ရှိတယ်။ နောက် သေဒဏ်ထိထားသူတွေလည်း ပါတယ်။

မေး။    ။ တရားစခန်းဝင်ခွင့်ရမယ့် အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေကပဲ ရွေးချယ်တာလားခင်ဗျ။

ဖြေ။    ။ သူတို့ဆီကို လျှောက်ရတယ်။ တရားစခန်းဝင်ခွင့်အတွက် သူတို့ကို လျှောက်ရတယ်။ အဲဒီအထဲကမှ သူတို့ ရွေးချယ်ခွင့်ပြု တာပဲဖြစ်မယ်။ အဲဒီအပိုင်းအသေးစိတ်ကိုတော့ ကျနော်တို့ မသိရဘူးလေ။

မေး။    ။ တရားစခန်းဝင်ခွင့်ရဖို့ အကျဉ်းသားတွေက ထောင်အာဏာပိုင်တွေကို လျှောက်ထားရတယ်ဆိုတော့ ဘယ်နှစ်လလောက် ကြိုတင်လျှောက်ထားရတယ်လို့ ကြားမိပါသလဲ။

ဖြေ။    ။ အဲဒီလို အသေးစိတ်တော့ ကျနော်မသိဘူးဗျ။ တလတကြိမ်တော့ ပုံမှန် အကျဉ်းသား (၇၀) ၊ (၈၀) ကတော့ ရှိနေတာပါပဲ။အကျဉ်းသားယောဂီအဟောင်းတွေက နောက်တရားပတ်တွေမှာ ပြန်ထိုင်တာတွေလည်း ရှိတယ်။ တရားစခန်းစဖွင့်စကတော့ အပြင်က ယောဂီတွေကို ခေါ်ရတာမျိုးရှိတယ်။ ဒါကလည်း အပြင်ကယောဂီတွေရဲ့ နေပုံထိုင်ပုံကို အကျဉ်းသားယောဂီတွေ လေ့လာ နိုင်အောင်ပါ။ နောက်ပိုင်းတော့ အကျဉ်းသားယောဂီဟောင်းတွေကပဲ ယောဂီသစ်တွေကို နေနည်း ထိုင်နည်း ပြန်ပြပေးသွားကြ တာပါပဲ။

မေး။    ။ အင်းစိန်အကျဉ်းထောင်တရားစခန်းကို ၂၀၀၈ ဇူလိုင်ကစခဲ့တာဆိုတော့ ခုဆို ၂ နှစ်ပြည့်ပြီ။ ဒီအတောအတွင်းမှာ ထောင်တွင်းတရားစခန်းတွေကို လစဉ်ဖွင့်နိုင်ခဲ့ရဲ့လားဗျ။ အာဏာပိုင်တွေဘက်က ရပ်ဆိုင်းခိုင်းတာမျိုး ရှိခဲ့သေးလား။
ဖြေ။    ။ ပျက်တဲ့လ တခါမှ မရှိခဲ့ပါဘူး။ တောက်လျှောက် တရားပြပေးနေတာပါပဲ။ ထောင်ပိုင်ကလည်း ကောင်းကောင်း  လုပ်ပေးပါတယ်။ အောက်ကြမ်းပြင် ပါကေးခင်းပေးတာတို့ ၊ ခုတင်တွေလည်း ကောင်းကောင်းလုပ်ပေးပါတယ်။ အခုနောက်ပိုင်း တခေါက်သွားရင်တခု အသစ်တွေ့ရတာပဲ။ အကျဉ်းသားယောဂီတွေက လှူတာတွေလည်း ရှိပါတယ်။ ထောင်ကလည်း တော်တော် ပြုပြင်ပေးပါတယ်။ သာယာဝတီထောင်လည်း ဒီလိုပဲ။ မန္တလေးထောင်ထဲတော့ ကျနော် မရောက်ဖူးသေးဘူး။ အခု မုံရွာထောင်မှာ တရားစခန်းသစ်ဖွင့်နိုင်ဖို့ ကျနော်တို့ လုပ်နေတယ်။ ဒါပေမယ့် ကျနော်တို့ ဖြစ်စေချင်တဲ့ အဆောက်အဦးတော့ မရသေးဘူး။ သူတို့ လုပ်တော့လုပ်နေကြတယ်။ ကျနော်တို့ တရားစခန်းက သူ့ပရ၀ုဏ်နဲ့သူ ရှိနေရတာ။ တခြားသူတွေ ဖြတ်သန်းသွားလာခြင်း မပြုရဘူး။

မေး။    ။ ကျနော်ကြားမိတာကတော့ အန်ကယ်လ်တို့အနေနဲ့ ထောင်တွင်းတရားစခန်းတွေ ဖွင့်နိုင်ဖို့ ၂၀၀၀ ခုနှစ်ဝန်းကျင်တွေ ကတည်းက အာဏာပိုင်တွေနဲ့ ညှိတယ် မရခဲ့ဘူး။ ၂၀၀၈ခုနှစ်ကျမှ ရတယ်လို့ သိထားရပါတယ်။

ဖြေ။   ။ ကျနော်တို့ ကြိုးစားနေခဲ့တာ ကြာပါပြီ။ ၂၀၀၀ခုနှစ်တွေ မတိုင်မီကတည်းကပါ။ အခုမှပဲ ပြည်ထဲရေးဝန်ကြီးတို့ ဘာတို့က စိတ်ဝင်စားလို့ နေမှာပေါ့လေ။ ၂၀၀၈ ခုနှစ်မှာ ခွင့်ပြုတယ်။ ကျနော်တို့လည်း ဆရာကြီး ဦးဂိုအင်ကာရဲ့ နိုင်ငံတကာက ထောင်တွေ မှာ တရားပြတဲ့ ဗွီဒီယိုတိပ်ခွေတွေ လူကြီးတွေဆီကို တင်ပြတယ်။ ဗိုလ်ချုပ်မောင်ဦးလက်ထက်ရောက်မှပဲ အောင်မြင်သွားတယ်။ သူလည်း အထက်ကို ဆက်တင်ပြရတာတော့ ရှိမှာပေါ့လေ။

မေး။   ။ အဲဒါဆို နောက်ထပ် အခြားထောင်တွေမှာလည်း တရားစခန်းဖွင့်နိုင်မယ့် အခြေအနေရှိတယ်ပေါ့။

ဖြေ။    ။ ထပ်ပြီး တိုးချဲ့ဖို့ရှိပါတယ်။ ကျနော်တို့မှာကလည်း တရားပြဆရာ အခက်အခဲလေး နည်းနည်းရှိပါတယ်။ အပြင်တရား စခန်းတွေကလည်း တနိုင်ငံလုံးမှာ ရိပ်သာ (၂၀) ကျော်ရှိနေသေးတာကိုး။ အာဏာပိုင်တွေဘက်ကတော့ ဒီမှာရှိတဲ့ ထောင် (၄၂) ခုစလုံးမှာ လုပ်ပေးစေချင်နေတယ်။ အခုလောလောဆယ်တော့ မုံရွာထောင်မှာ ရိပ်သာသစ်ဖွင့်ဖို့ လုပ်နေပါတယ်။