မွန်တွေရဲ့နိုင်ငံရေးရပိုင်ခွင့်ကို ဒီမိုကရေစီနည်းနဲ့ ရယူမယ်

Thursday, 05 August 2010 11:52 အင်တာဗျူး
Print
၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် မကြာသေးမီက ဖွဲ့စည်း တည်ထောင်လိုက်သော မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ(All Mon Region Democracy Party)၏ နိုင်ငံရေး ဦးတည်ချက်၊ ရည်မှန်းချက်များ အပါအ၀င် ပါတီ လှုပ်ရှားမှုများ နှင့် ပတ်သက်ပြီး ယင်းပါတီ ဒု ဥက္ကဌ ဒေါက်တာ မင်းလှအောင် အား ဧရာဝတီ သတင်းထောက် ဘစောတင်က ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြ လိုက် ပါသည်။

dr-min-hla-aungဒေါက်တာ မင်းလှအောင် သည် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ တရနာ ရွာ၌ နေထိုင်လျက်ရှိပြီး ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော မွန် အမျိုးသား ဒီမိုကရေစီ ပါတီ ၏ ဗဟိုကော်မတီဝင် အဖြစ် တာဝန် ယူခဲ့ဖူးသူ ဖြစ်သည်။

မေး။  ။ ပါတီ ပေါ်ပေါက်လာပုံကို ပြောပြပေးပါ။

ဖြေ။  ။ ၂၀၁၀ နိုင်ငံရေးလမ်းကြောင်း အကွေ့ အလှည့်မှာ မွန်တမျိုးသားလုံးနဲ့ မွန်ဒေသမှာ ရှိနေကြတဲ့ တိုင်းရင်းသား လူမျိုးတွေကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတခု လိုအပ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ မျိုးချစ် သံဃာတော်  တွေ ထံကနေ အရင်ဆုံး သြ၀ါဒခံယူခဲ့ကြတယ်။ အဲဒီနောက် မျိုးချစ်ပုဂ္ဂိုလ်တွေ။ မျိုးချစ် ရဲဘော်ဟောင်းတွေ၊ မျိုးချစ် ပညာတတ်တွေ။ မျိုးချစ်လူငယ်တွေ စုစည်း ညှိနှိုင်း တိုင်ပင်ဆွေးနွေးပြီး ပါတီထောင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အများစုရဲ့ သဘောတူညီချက်နဲ့ ပထမဦးစွာ ကိုယ်စားလှယ်(၁၅)ဦးကို ရွေးချယ်ခဲ့ကြတယ်။ သူတို့ ကို ပါတီတည်ထောင်ခွင့် မှတ်ပုံတင် လျှောက်ထားဖို့ တာဝန်ပေးပြီး လုပ်ဆောင်ခြင်းဖြင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဖြစ်လာပါတယ်။

မေး။  ။ ပါတီရဲ့ ရည်ရွယ်ချက်များကို သိလိုပါတယ်။

ဖြေ။  ။ ယနေ့ နိုင်ငံရေး အခြေအနေ အပြောင်းအလဲဟာ မြန်မာတနိုင်ငံလုံးမှာရှိကြတဲ့ တိုင်းရင်းသား ပြည်သူ လူထု တရပ်လုံးနဲ့ မွန်ပြည်နယ် တပြည်နယ်လုံးမှာရှိတဲ့ မွန်တိုင်းရင်းသား အပါအ၀င် အခြားတိုင်းရင်းသားတွေ အားလုံး အတွက် ၂၀၁၀ ရွေးကောက်ပွဲဟာ မဖြစ်မနေသွားရမယ့် ဒီမိုကရေစီ လမ်းကြောင်းဖြစ်ပါတယ်။ ဒီနိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု ဖြစ်စဉ်မှာ ကျနော်တို့ မွန်လူမျိုးအနေနဲ့လည်း ဒီဖြစ်စဉ်နဲ့ အတူ ၀ိုင်းဝန်းလက်တွဲ ပူးပေါင်း ပါဝင်သွားရန်၊ နိုင်ငံရေးမျိုးဆက် ခါးပြတ်နေတဲ့ မွန်လူငယ်တွေ နိုင်ငံရေးအသိတရား၊ နိုင်ငံရေး အသိစိတ်ဓာတ် နိုးကြားမှု ရှိလာစေ ရန်၊ မွန်အမျိုးသားတို့၏ နိုင်ငံရေးရပိုင်ခွင့်များကို ဒီမိုကရေစီနည်းနဲ့ ရယူသွားရန်၊ အနာဂတ်မှာ ဖွံ့ ဖြိုးတိုးတက်ပြီး စစ် မှန် တဲ့ ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာမှာ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသား လူမျိုးစုအားလုံးနဲ့ ပူပေါင်း ဆောင်ရွက်သွားရန်၊ အဓိက ရည်မှန်းချက်က ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တန်းတူရေး ကိစ္စတွေပဲဖြစ်ပါတယ်၊

မေး။  ။ ဆရာတို့ ပါတီမှာ ဘယ်လိုပုဂ္ဂိုလ်တွေနဲ့ အဓိက ဖွဲ့ စည်းထားပါသလဲ။

ဖြေ။  ။ အဓိက ပါဝင်တဲ့လူတွေကတော့ ပညာတတ်အလွှာတွေ များပါတယ်။ အငြိမ်းစား အရာရှိကြီးတွေ။ လူငယ် လူ လတ်ပိုင်း ပညာတတ် တွေ။ ကျေးရွာတွေ မြို့နယ်တွေမှာရှိတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေ ပါဝင်ကြပါတယ်။

ခေါင်းဆောင်ပိုင်းကတော့ ဦးနိုင်ငွေသိန်း(နိုင်ဂျနူမွန်)က ဥက္ကဌ ၊ ကျနော်က ဒု ဥက္ကဌ၊ ဒေါက်တာ မင်းနွယ်စိုးက အတွင်းရေးမှူး ဖြစ်ပါတယ်။ နိုင်ငွေသိန်းဟာ အခြေခံပညာ ဦးစီးဌာန အထက်မြန်မာပြည် ညွှန်ကြားရေးမှူး(စီမံ) ရာထူး နဲ့ အငြိမ်းစားယူခဲ့သူဖြစ်တယ်။ ဒေါက်တာ မင်းနွယ်စိုး ကတော့ ပြည်နယ် ကျန်းမာရေးဦးစီးမှူး ဘ၀နဲ့ အငြိမ်းစားယူထား သူပါ။

မေး။  ။ ပါတီ စည်းရုံးလှုပ်ရှားတဲ့ နေရာတွေက ဘယ်နေရာတွေပါလဲ။ မွန်ပြည်နယ်အတွင်းမှာပဲလား။

ဖြေ။  ။ မွန်ပြည်နယ် တခုတည်းမှာရှိတဲ့ မွန်တွေကိုပဲ ကိုယ်စားပြုမှာ မဟုတ်ပါဘူး၊ မွန်ပြည်နယ်တွင်းမှာရှိတဲ့ အခြား တိုင်းရင်းသားတွေ၊ အခြားတိုင်းတွေ ပြည်နယ်တွေမှာရှိတဲ့ မွန်တွေကိုလည်း ကိုယ်စားပြုသွားမှာ ဖြစ်ပါတယ်၊ စည်းရုံး သွားမှာ ဖြစ်ပါတယ်၊ အဓိက စည်းရုံးရေးလုပ်မှာကတော့ ရန်ကုန်တိုင်း ပဲခူးတိုင်း မွန်ပြည်နယ် ၁၀ မြို့နယ်၊ တနင်္သာရီ တိုင်းမှာရှိတဲ့ ရေဖြူမြို့နယ်၊ ကော့သောင်း၊ မြိတ်၊ ဘုတ်ပြင်း၊ ပလောပလောက်၊ ကရင်ပြည်နယ်တွင်းက ကော့ကရိတ်၊ ဘားအံ၊ ကြာအင်းဆိပ်ကြီး၊ မြ၀တီ စတဲ့ ဒေသတွေက မွန်တွေကိုရော ဗမာအပါအ၀င် အခြား တိုင်းရင်းသားတွေကိုပါ စည်းရုံးသွားမှာဖြစ်ပါတယ်။

မေး။  ။ စည်းရုံးရေး ဆင်းနေပြီဆိုတော့ စည်းရုံးရေးအခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ။  ။ ပါတီစည်းရုံးရေး စဆင်းနေပြီ ဖြစ်ပါတယ်၊ စည်းရုံးရေးဆင်းတဲ့အခါမှာ အောင်မြင်တယ်လို့ ကျနော်တို့ ခံယူပါ တယ်၊ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ ပြည်သူတွေနဲ့ ထိတွေ့ တဲ့အခါ လူတွေဟာ အပြောင်းလဲတခုကို တနည်း နည်းနဲ့ လိုချင်နေကြတယ်ဆိုတာကို တွေ့ ရတယ်၊ အပြောင်းအလဲဖြစ်ချင်တဲ့ စိတ်ဆန္ဒ တအားထက်သန်နေတဲ့ အနေ အထားကို တွေ့ နေရပါတယ်။

မေး။  ။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေမှာ ပြည်ထောင်စု တ၀န်းလုံး စည်းရုံးမယ့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့နေ့က စပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကိုစည်းရုံးရမယ်လို့ ပါတယ်၊ အခု ဆရာတို့ ပါတီဝင် အင်အား တော်တော်စုမိပါပြီလား။

ဖြေ။  ။ လက်ရှိ ကျနော်တို့ အင်အားက ၁၀၀၀ မက ၃၀၀၀-၄၀၀၀ အထိ ရှိပါတယ်။ ဒီလမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြပြီးတဲ့အကြောင်း သတင်းတွေကနေ ဖတ်ရှုရပြီလို့ထင်ပါတယ်။

မေး။  ။ မွန်နိုင်ငံရေးမှာ အခရာကျတဲ့ မွန်ပြည်သစ်ပါတီက နအဖ က ဖွဲ့ ခိုင်းတဲ့ နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်မခံ ဘူး၊ နအဖ နဲ့ တင်းမာတဲ့အခြေအနေ ရောက်နေပါတယ်၊ ဒါကြောင့် မွန်ပြည်သစ်ပါတီအပေါ်မှာ အမြင်ဘယ်လိုရှိပါ သလဲ ဆိုတာ သိလိုပါတယ်။

ဖြေ။  ။ မွန်ပြည်သစ်ရဲ့ရပ်တည်ချက်ကို သူတို့ ပြတ်ပြတ်သားသား ဖော်ပြပြီးသားမို့လို့ ကျနော်တို့ မှတ်ချက်တစုံတရာ ပြောဖို့ မလိုဘူး ထင်ပါတယ်။ သူ့ကဏ္ဍနဲ့သူ သွားနေပါတယ်။ သူ့ရပ်တည်ချက်နဲ့သူ လုပ်ဆောင်နေတယ်လို့ပဲ ပြောချင် ပါတယ်။

မေး။  ။ အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေနဲ့ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဆရာတို့ ပါတီ လည်း ဒီရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ်ဆိုတော့ ဒီ ၂၀၀၈ ဖွဲ့ စည်းပုံက ဘာများ မျှော်လင့်ပါသလဲ။

ဖြေ။  ။ ဖွဲ့ စည်းပုံကတော့ လူတိုင်းအသိပါပဲလေ၊ ကျနော်တို့ ပါတီအနေနဲ့ ဘယ်လိုမျိုး မြင်သလဲဆိုတော့ ကျနော်တို့ တိုင်းရင်းသား လူမျိုးတွေရဲ့ အရေးကို ပါဝင်ဆုံးဖြတ်မှုအတွက် အခွင့်အရေးများ၊ လုပ်ပိုင်ခွင့်များကို စပြီးရသော ထောင့် ကနေပြီး တဖြည်းဖြည်း တဆင့်ချင်း တဆင့်ချင်း တွန်းတိုက်ချဲ့ယူပြီး လုပ်ဆောင်သွားရလိမ့်မယ်လို့ ထင်ပါတယ်။

မေး။  ။ လာမယ့် ရွေးကောက်ပွဲက မွန်လူထု အပါအ၀င် နိုင်ငံသားအားလုံးအတွက် အကျိုးဖြစ်ထွန်းအောင် လုပ်လို့ ရ မယ်လို့ ထင်ပါသလား။ ဘာကြောင့်ထင်ပါသလဲ။

ဖြေ။  ။ ဒီမိုကရေစီရဲ့ ပြောင်းလဲမှုတွေမှာ ရွေးကောက်ပွဲကို ဖြတ်ကိုဖြတ်ရမည့်ကိစ္စပါ၊ ရွေးကောက်ပွဲဆိုတာ ရှိခြင်း အားဖြင့် တဆင့်ချင်း တဆင့်ချင်း နိုင်ငံသူနိုင်ငံသား အားလုံး မျှော်လင့်နေတဲ့ ပြောင်းလဲမှုဆိုတာကတော့ ဖြစ်ကို ဖြစ် လာ လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အပြောင်းအလဲသည် တခဏအတွင်း သွားလို့ မရပါ။ ရေရှည် သွားရ ပါမယ်။ နောက်တချက် ကျနော်တို့ မွန်လူထုအတွက် တစုံတရာကောင်းကျိုးကို ဆောင်ရွက် နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ 

မေး။  ။ အခု ဆရာတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲများရှိရင် ပြောပြပေးပါ။

ဖြေ။  ။ အဓိက ကြုံရတဲ့အခက်အခဲကတော့ ငွေအင်အားပေါ့ဗျာ၊ ကျနော်တို့ ပါတီက ပါတီလုပ်ငန်းစဉ် အတွက် အလုပ် လုပ်ဖို့ရော အမတ်လောင်းတွေ အတွက်ရော ဘဏ္ဍာရေးဘက်မှာ အတော်လေးကို အခက်အခဲရှိပါတယ်။

မေး။  ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။  ။ ၉၀ ရွေးကောက်ပွဲဆိုတာ ကျနော့် အမြင်ကတော့ တကယ့်ကို စစ်မှန်တဲ့ ရွေးကောက်ပွဲတခုပဲလေ၊ ဒါပေမယ့် အာဏာလွှဲတယ် မလွှဲဘူးဆိုတာကတော့ တပိုင်းပေါ့၊ အဲဒီကိစ္စကို အခုရွေးကောက်ပွဲဝင်မယ့် ပါတီတွေနဲ့တော့ ပုသဏ္ဌာန် မတူဘူးလို့ ထင်တယ်။

မေး။  ။ ကျနော်တို့ သတင်းတွေကတဆင့် သိနေရတာကတော့ တိုင်းရင်းသား ပါတီတွေဟာ ခွဲခြား ဆက်ဆံ ခံနေရ တယ် ဆိုတာမျိုး ကြားသိနေရပါတယ်၊ ဆရာတို့ရော ခွဲခြားဆက်ဆံတဲ့ အဖြစ်မျိုး ကြုံနေရပါသလား၊ အဲဒီလို ခံစားရ တာများ ရှိပါသလား။

ဖြေ။  ။ မွန်အနေနဲ့တော့ ခွဲခြားဆက်ဆံခံရတာတို့ ကန့်သတ်တာတို့ကို ထူးထူးခြားခြားမရှိပါဘူး။ မခံစားရ သေးဘူးလို့ ပြောချင်ပါတယ်။

မေး။  ။ ပြီးတော့ သတင်းတွေမှာ ကြံ့ဖွံ့ ပါတီက စိတ်ကြိုက်လှုပ်ရှားခွင့်ရပြီး ကျန်တဲ့ ပါတီတွေ အတွက်ကျတော့ လှုပ်ရှားရ ခက်တယ်၊ စသဖြင့် အသံတွေထွက်နေကြပါတယ်၊ ဆရာတို့ ပါတီအနေနဲ့ရော ပါတီရေးရာ ကိစ္စတွေ လှုပ်ရှားရတာ ဘယ်လိုရှိပါသလဲ။

ဖြေ။  ။ အခြားပါတီတွေ အနေနဲ့တော့ ကျနော်မသိပါဘူး၊ ကျနော်တို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေ နဲ့ က တော့ တော်တော်လေးကို အဆင်ပြေပါတယ်၊ လှုပ်ရှားမှု အပိုင်းမှာပေါ့လေ။

မေး။  ။ မွန်လူထုတရပ်လုံးကိုရော ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူ တရပ်လုံးကိုပါ ဘာများ စကား လက်ဆောင် ပါးလိုပါ သေးသလဲ။

ဖြေ။  ။ ကျနော်တို့ ဘာပဲဖြစ်ဖြစ် ၂၀၁၀ အကွေ့အလှည့်မှာ ပါဝင်ဆင်နွှဲဖို့၊ ပါတီတွေလည်း ပါဝင်ဆင်နွှဲဖို့ သက်ဆိုင်ရာ ပြည်သူလူထုတွေကလည်း ကိုယ့်ဒေသ ကိုယ့်အရပ်ကို ကောင်းအောင်လုပ်ပေးနိုင်မယ့် ပါတီတွေ၊ကိုယ်စားလှယ် လောင်း တွေကို မဲပေးကြဖို့ ပြည်သူလူထုတရပ်လုံး ရွေးကောက်ပွဲဖြစ်လာရင် အားလုံး မဲထွက်ပေးကြဖို့၊ မဲ မပေးဘဲ မနေကြဖို့ ပြောလိုပါတယ်၊ ဥပမာ မွန်တွေနဲ့ မွန်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ က လည်း မွန်ပါတီကို မဲပေးဖို့ တိုက်တွန်းချင်ပါတယ်၊ အလားတူ အခြား တိုင်းရင်းသား ပြည်နယ်တွေမှာ သက်ဆိုင်ရာ ပြည်နယ် လူမျိုးတွေရဲ့ ပါတီတွေကို မဲပေးကြဖို့ ပြောလိုပါတယ်။
ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုအတွက် အပြောင်းအလဲ တခုပဲ၊ အခြေခံဥပဒေကတော့ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ကျနော်တို့ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားတွေ အကုန် လုံး သူ့ နေရာနဲ့သူ၊ သူ့ ဒေသနဲ့သူတော့ စုစုစည်းစည်းနဲ့ ရွေးကောက်ပွဲဝင်ပြီးတော့ ဗဟိုအစိုးရပဲ ဖြစ်ဖြစ် ပြည်နယ် အစိုးရပဲ ဖြစ်ဖြစ်၊ စုစုစည်းစည်း ပူးပေါင်းလုပ်ဆောင်လို့ ရှိရင်တော့ အချိန်တန်ရင် လိုချင်တဲ့ပန်းတိုင်ကို ရောက်ရမှာ မလွဲပါဘူးလို့ ပြောချင်တယ်။