နုတ်ထွက်လိုက်သည့် ပါတီဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းနှင့် အင်တာဗျူး

စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတခြင်း ရှိမည်မဟုတ်ဟု ကြေညာကာ  ဦးဖြိုးမင်းသိန်းသည် ပြည်ထောင်စု ဒီမိုကရေစီ ပါတီ (UDP) ဥက္ကဋ္ဌ တာဝန်မှ ယမန်နေ့တွင် နုတ်ထွက်လိုက်သည်။ မှတ်ပုံတင်ခွင့် ရထားပြီးသော နိုင်ငံရေးပါတီ ၄၀ အနက် ဦးဖြိုးမင်းသိန်းသည် ၂၀၁၀ ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိမည်မဟုတ်ဟု ဝေဖန်ပြီး ပါတီ၏ ဥက္ကဋ္ဌ ရာထူးမှ ပထမဆုံး နုတ်ထွက်သူ ဖြစ်သည်။ အသက် ၄၁ နှစ် အရွယ်ရှိ ဦးဖြိုးမင်းသိန်းသည် ၁၉၈၈ လူထုအုံကြွမှုတွင် ပါဝင်ခဲ့သည့်အတွက် ၁၉၉၀ ခုနှစ်တွင် စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်းကို ခံရပြီး ၂၀၀၅ ခုနှစ်တွင် ပြည်လည် လွတ်မြောက်လာခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ နိုင်ငံရေး အခင်းအကျင်းမှ နုတ်ထွက်လိုက်သော ဦးဖြိုးမင်းသိန်းကို ဧရာဝတီ သတင်းထောက် ကိုထွေးက ဆက်သွယ် မေးမြန်းထားပါသည်။

Phyo-Min-Theinမေး ။    ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့ ပြောပြပါ။ ပြီးတော့ ရွေးကောက်ပွဲ အခင်းအကျင်းကနေ ထွက်ခွာရတဲ့ အကြောင်းကိုလည်း ပြောပြပေးပါ။

ဖြေ ။    ။ ကျနော်က ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြု ပြဋ္ဌာန်းနိုင်မယ်ဆိုရင် စစ်အုပ်ချုပ်ရေးကို ရပ်ဆိုင်းပြီး အရပ်သားနဲ့ စစ်သားပါဝင်မယ့် အစိုးရပုံစံသစ်တရပ်ကို ပြောင်းလဲနိုင်မယ်လို့ ထင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ဟိုဘက်မှာ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ လူထု လူတန်းစား အလွှာအသီးသီးရဲ့ ဖွဲ့စည်းမယ့် ပုံသဏ္ဌာန်တွေကိုလည်း ပေါ်ပေါက် လာမယ်လို့ မျှော်လင့် တယ်ပေါ့ဗျာ။ အဲဒီ အခြေအနေသစ်တွေဟာ ဒီမိုကရေစီ ပန်းတိုင်ကြီးဆီ ရောက်ဖို့အတွက် ဆက်လက်ချီတက်ရာမှာ အထောက်အကူ ဖြစ်နိုင်တယ်။ တဖြည်းဖြည်း ဒီမိုကရေစီ နိုင်ငံတော်ဆီသို့ ကျနော်တို့ ချီတက်သွားလို့ ရလိမ့်မယ်လို့ မျှော်မှန်းပြီး နိုင်ငံရေး အခင်းအကျင်းကို ကျနော်ပါဝင်ခဲ့တာပါ။

၂၀၁၀ ရွေးကောက်ပွဲမှာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်ကနေပြီးတော့ တတပ်တအား တက်ရောက်မှာပေါ့နော်။ အမတ် ၄၄၀ မှာ ၃၃၀ ကို ပြည်သူလူထုက တိုက်ရိုက် ရွေးချယ်မယ်လို့ ကျနော်တို့က မျှော်လင့်ခဲ့ပါတယ်။ အဲဒီ အခြေအနေပေါ်ကနေ ကျနော်တို့ ဒီရွေးကောက်ပွဲကို ပါဝင်ခဲ့တာပါ။ ဒါပေမယ့် ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ ပြည်သူလူထု ရွေးချယ်မယ်ဆိုတဲ့ အခြေအနေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီလည်း အရွေးချယ်ခံမယ်၊ တစည လည်း အရွေး ချယ်ခံမယ်၊ ဒီမိုကရေစီ အင်အားစု ပါတီလည်း အရွေးချယ်ခံမယ်ဆိုရင်၊ ဒီရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုရင် ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေက အနိုင်ရမှာပါ။ ဒါပေမယ့် ဒီအခြေအနေတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်မှုနဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်ကနေ ဦးသိန်းစိန် အဖြစ် ပြောင်းလဲထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အာဏာရဖို့အတွက် ကြိုးပမ်းမှုတွေဟာ ဒီမိုကရေစီ အင်အားစုတွေရဲ့ ဆောင်ရွက်နိုင်ခွင့်တွေကို လာရောက် ထိပါးနေတဲ့ သဘောမျိုးတွေ ဖြစ်နေပါတယ်။

ဥပမာ - ကွန်ကရစ်လမ်းတွေကို ခင်းပေးမယ်။ ဒီလမ်းတွေကို ခင်းပြီးရင် ပါတီဝင်အဖြစ် ဝင်ရမယ်။ ဒီပါတီဝင်အဖြစ် ဝင်ရမယ်ဆိုတာ လာပြောတဲ့ သူတွေက ရပ်ကွက် အေးချမ်းသာယာနဲ့ ဖွံ့ဖြိုးရေး ကောင်စီဝင်တွေကနေပြီးတော့ လိုက်ပြီး ပြောခိုင်းနေတယ်ဆိုတဲ့ အခြေအနေတွေ ရှိလာပါတယ်။ ဒီလိုအနေအထားမျိုးကို ရွေးကောက်ပွဲကော်မရှင်က တစုံတရာ ဟန့်တားတာမျိုး မရှိပါဘူး။ ဒီမိုကရေစီ အင်အားစုဘက်က ဆောင်ရွက်တဲ့ အခြေအနေပေါ်မှာတော့ အမိန့်ဥပဒေ အမျိုးမျိုးထုတ် တားဆီးနေပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အာဏာကို ပုံစံတမျိုးနဲ့ ကျင့်သုံးပြီး အတင်းအဓမ္မ ပါတီဝင်ခိုင်းနေတဲ့ အခြေအနေမျိုးပေါ်မှာတော့ တစုံတရာ ဟန့်တားမှု မရှိပါဘူး။ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာလိမ့်မယ်လို့ ကျနော် မမျှော်လင့်ပါဘူး။ ဒါကြောင့် မဖြစ်လာနိုင်တော့မယ့် ဒီရွေးကောက်ပွဲ အခင်းအကျင်းမှာ ဆက်လက်တည်ရှိနေတာ မလိုအပ်ဘူးဆိုပြီး ကျနော် ဒီရွေးကောက်ပွဲ အခင်းအကျင်းကနေ ထွက်ခွာခဲ့တာပါ။

မေး ။    ။ ရွေးကောက်ပွဲမှာ ပါဝင်တဲ့နေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မျှတမှု မရှိတာတွေကို လျစ်လျူရှုပြီး ပါဝင်ခဲ့တာပေါ့။

ဖြေ ။    ။ ၂၀၀၈ ဖွဲ့စည်းပုံကို ကျနော် သဘောတူ လက်ခံတဲ့ အခြေအနေပေါ်မှာ ပြောစရာရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ကျနော် မကြိုက်ပါဘူး။ ဒါပေမယ့် ဒီထဲကနေ အခြေအနေတခုကို ရယူပြီး ပိုမိုကောင်းမွန်တဲ့ အနေအထားသစ် တခုကို ကျနော် ကြိုးစားဖို့ပါ။ ပြောရမယ်ဆိုရင် ကျနော်တို့ အကျဉ်းထောင်ထဲမှာ နေစဉ်တုန်းကဗျာ အကျဉ်းထောင်လက်စွဲ ဥပဒေက ကျနော်တို့ကို အကာအကွယ်ပေးမှု တအား အားနည်းပါတယ်။ ဒါပေမယ့် ထောင်အာဏာပိုင်တွေက ကျနော်တို့ကို ထုတ်ရိုက်တော့မယ်ဆိုတဲ့ အချိန်မှာတော့ ကျနော်တို့က အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ သူတို့ကို ဟန့်တားရပါလိမ့်မယ်။ ဒီ ပုံသဏ္ဌာန်မျိုးပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာ ကျနော်တို့အတွက် အကာအကွယ်ပေးမှုတွေ အားနည်းတာ ကျနော် လက်ခံပါတယ်။ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးဆိုတာလည်း ကျနော် လက်ခံပါတယ်။ ဒါပေမယ့် ပါးစပ်ကထွက်တဲ့ အမိန့်တွေ အားလုံးဟာ ဥပဒေတွေပဲဆိုပြီး ဆောင်ရွက်မှုတွေကို တားဆီးနိုင်ဖို့အတွက် ကျနော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် ပေါ်လာတာကို ကျနော် လက်ခံခဲ့တာ ဖြစ်ပါတယ်။

မေး ။    ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်မှုကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရေး စတဲ့အချက် အလက်များ ပေါ်ထွန်းလာရေး တစုံတရာ မရှိနိုင်ဘူးဆိုပြီး နုတ်ထွက်တာနဲ့ ပတ်သက်လို့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရေးထားတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်ပါသလဲ။

ဖြေ ။    ။ ရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်ပေးမယ့် အခြေအနေတွေက တစုံတရာ မရှိနိုင်ဘူးပေါ့နော်။ ဒီအခြေ အနေကတော့ ဒီမိုကရေစီ အင်အားစုတွေ အပေါ်မှာကျတော့ စည်းကမ်း အမျိုးမျိုး ဘောင်အမျိုးမျိုး အမိန့် ဥပဒေ အမျိုးမျိုး ထုတ်ပြီး တင်းကျပ်ပါတယ်။ ဥပမာ - အလှူခံတာမျိုးက စပြီး စည်းရုံးရေး ဆင်းတာမျိုးတွေမှာပေါ့။ ဒါပေမယ့် တဖက်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဆောင်ရွက်နေမှုအပေါ်မှာ တစုံတရာ တားဆီးတာမျိုး၊ ဟန့်တားတာမျိုး ဘာမှမရှိပါဘူး။ ဥပမာ - ပညာရေး ဒုဝန်ကြီး ဦးအောင်မျိုးမင်း နိုင်ငံခြား ဘာသာ တက္ကသိုလ်မှာ သွားပြောတဲ့ အခြေအနေမျိုးမှာဆိုရင် ကျောင်းသားတွေရော ဆရာဆရာမတွေရော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ မနိုင်ရင် ပြန်အာဏာသိမ်းမှာပဲဆိုတာ ရွေးကောက်ပွဲ ဂုဏ်သိက္ခာတွေကို ထိပါးစေပါတယ်။ ဒီအခြေအနေမျိုးတွေ အပေါ်မှာ ဟန့်တားမှု ဘာမှ မရှိခဲ့ပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်လာမှု ပုံသဏ္ဍာန်ကလည်း တရားမျှတလာလိမ့်မယ်ဆိုတဲ့ ကျနော်တို့ရဲ့ မျှော်လင့်ချက်ကို ပျက်ပြားလာစေခဲ့တယ်။

မေး ။    ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဆောင်ရွက်နေတဲ့ မဲဆွယ် စည်းရုံးလှုပ်ရှားမှုတွေက ရွေးကောက်ပွဲ ဥပဒေအရ ဆိုလို့ရှိရင် ဘယ်လိုမြင်သလဲ။

ဖြေ ။    ။ ရွေးကောက်ပွဲ ဥပဒေစည်းမျဉ်း စည်းကမ်းတွေဟာ ပါတီတွေရဲ့ ဆောင်ရွက်နိုင်မှုတွေကို ထိန်းချုပ်ထားပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေဘောင်တွေရဲ့ အပေါ်ကို ရောက်နေပါတယ်။ ဥပဒေရဲ့ အပေါ်မှာ ဘယ်သူမှ မရှိစေချင်ပါဘူး။ ဒါပေမယ့် အခုဆောင်ရွက်နေတဲ့ အခြေအနေကတော့ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေဟာ အချက်အလက်တွေကို ကျော်လွန်ပြီး ဆောင်ရွက်နေတာတွေ အများကြီးရှိနေပါတယ်။ ဥပမာ - နိုင်ငံတော်ပိုင် ငွေကြေးတွေကို အမွေဆက်ခံတယ်ဆိုပြီး ရယူလိုက်တာတို့၊ စည်းရုံးရေးအပိုင်းမှာလည်း ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပါ စည်းမျဉ်း စည်းကမ်းတွေနဲ့ မကိုက်ညီတာတွေကို ရွေးကောက်ပွဲ ကော်မရှင်က ဒီတိုင်းပဲ လျစ်လျူရှုပြီး နေနေတာပါ။

မေး ။    ။ ရွေးကောက်ပွဲ ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်ပါသေးသလဲ။

ဖြေ ။    ။ ရွေးကောက်ပွဲ ဥပဒေတွေက လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတခုကို ဆောင်ရွက်နိုင်ဖို့ တဖက်စောင်းနင်း မဖြစ်ဖို့လိုပါတယ်။ အခုဟာက ၂/၂၀၁၀ မူတွေကို ထုတ်ပြန်ကြေညာပြီး ပါတီအသစ်တွေနဲ့ ငွေအင်အား အားနည်းပြီးတော့ ရုံးခန်း မတည်ဆောက်နိုင်တဲ့ ပါတီတွေအတွက် စည်းရုံးလှုပ်ရှားနိုင်မှုတွေကို ပိုမို ဘောင်ကျဉ်းအောင် ဆောင်ရွက်တဲ့ အချက်အလက်တွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥပဒေကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ဥပဒေတွေ ဖြစ်ဖို့ လိုသလို ထုတ်ပြန်တဲ့ အမိန့်ဥပဒေတွေဟာလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေမှုကို အထောက်အကူ ဖြစ်စေနိုင်တဲ့ အချက်အလက်ပဲ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် အခု အခြေအနေကတော့ ဒီမိုကရေစီ အင်အားစုတွေကို တင်းကျပ်စေတဲ့ အခြေအနေမျိုးတွေ ဖြစ်နေပြီး တဖက်ကတော့ ဒီအမိန့် ဥပဒေတွေအပေါ်မှာ လိုက်နာမှုမရှိဘူး ဖြစ်နေပါတယ်။

မေး ။    ။ ပြည်ထောင်စု ဒီမိုကရေစီ ပါတီရဲ့ ရွေးကောက်ပွဲ အကြိုကာလ လိုလားချက်များဖြစ်တဲ့ ပြည်သူတရပ်လုံး နိုင်ငံရေးတွင် ပါဝင်ရရှိရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနဲ့ မြန်မာနိုင်ငံရေးတွင် ပါဝင်ခွင့် ရရှိရေးစတဲ့ အချက်တွေက ပေါ်ထွန်းလာမှု မရှိဘူးလို့လည်း နုတ်ထွက်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီးတော့ ကြေညာချက်မှာ ရေးသားထားတာနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် ရှင်းပြပါဦး။

ဖြေ ။    ။ ကျနော်တို့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီဟာ ရွေးကောက်ပွဲ အကြိုကာလတွေမှာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ နိုင်ငံတကာကနေ အသိအမှတ်ပြုလာနိုင်ဖို့၊ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ရစေဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ခွင့် ရဖို့လိုပါတယ်။ ပြည်သူလူထု တရပ်လုံးကလည်း နိုင်ငံရေးမှာ ပါဝင်ခွင့်ရှိဖို့ လိုပါတယ်။ မီဒီယာ လွတ်လပ်ခွင့်၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ အခြေအနေတွေကို ကျနော့်ဘက်ကနေပြီးတော့ အစဉ်တစိုက် ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားတွေလည်း အခုအခြေအနေထိ တစုံတရာ အတိုင်းအတာတခု လွတ်မြောက် လာတယ်လို့ ကျနော်တို့ မတွေ့မြင်ရပါဘူး။ မီဒီယာ လွတ်လပ်ခွင့်လည်း နိုင်ငံရေးပါတီတွေ ဖော်ပြနိုင်တဲ့ အခြေအနေနဲ့ကို ပိုပြီး နည်းလာတဲ့ သဘောမျိုးတွေ၊ ပိုပြီးတင်းကျပ်လာတဲ့ သဘောမျိုးတွေကို တွေ့ရပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ခွင့်ရဖို့ဆိုတဲ့ အခြေအနေမှာ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ခဲ့တဲ့ သူတွေတောင်မှ မြန်မာ့နိုင်ငံရေးမှာ ပါဝင်မှုကို ကန့်သတ်လာမှုတွေ တွေ့မြင်ရပါတယ်။ ဒါကြောင့်မို့ ဒီအခြေအနေ တစုံတရာ ပေါ်ထွန်းဖို့ မရှိသေးပါဘူး။  ဒီအတွက် ပြည်ထောင်စု ဒီမိုကရေစီ ပါတီရဲ့ ရွေးကောက်ပွဲ အကြိုတောင်းဆိုထားမှုတွေ မရရှိတဲ့အတွက် မြန်မာ့နိုင်ငံရေးမှာ ရွေးကောက်ပွဲဆိုတဲ့ အခင်းအကျင်းရဲ့ ပြင်ပကို ကျနော်ထွက်လာခဲ့တာပါ။

မေး ။    ။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့က မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ ဘယ်လောက်အထိ အရေးပါ တယ်လို့ ထင်သလဲ။

ဖြေ ။    ။ မြန်မာ့နိုင်ငံရေးမှာ အဓိကကျတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ တော်တော်များများဟာ အထိန်းသိမ်းခံနေရပါတယ်။ အဲဒီမှာ တိုင်းရင်းသား ခေါင်းဆောင်ထဲကဆိုရင် ဦးခွန်ထွန်းဦး၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် အစရှိတဲ့ ကျောင်းသား ခေါင်းဆောင်တွေဟာ နှစ်ရှည် အကျဉ်းကျ ခံနေရတယ်။ အခုအချိန်အထိ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ခွင့်မရှိဘူး။ ဒီလူတွေ မပါဝင်ဘဲနဲ့ ရွေးကောက်ပွဲကို ကျင်းပမယ်။ ဒီအခြေအနေတွေကနေ ဒီလူတွေကို မြန်မာ့နိုင်ငံရေးရဲ့ ပြင်ပမှာ ရောက်သွားစေအောင် ကြိုးပမ်းမှုမျိုးတွေဟာ မဖြစ်သင့်ဘူးလို့ ကျနော်ထင်ပါတယ်။

မေး ။    ။ သူတို့တွေ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ခွင့်ရမယ်ဆိုရင် မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဟာ တစုံတရာ ဖော်ဆောင်နိုင်မယ့် သဘောလား။

ဖြေ ။    ။ ဒီလူတွေ အားလုံးသာ ပါဝင်ခွင့်ရမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံရေး အင်အားစုရဲ့ ခေါင်းဆောင်တွေ လည်းရှိနေမယ်။ တပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း လမ်းကြောင်း ပေါ်ကနေ ကျနော်တို့ တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေ တိုင်းရင်းသားခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်များ အာလုံးပါဝင်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲကြီးသာ ဆောင်ရွက်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ တကယ်ကို ကောင်းမွန်တဲ့ နိုင်ငံတော်အသစ်ကြီးအဖြစ် ပေါ်ထွန်းလာမှာပါ။

မေး ။    ။ နိုင်ငံရေး အင်အားစုများကို လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် မပြုတာနဲ့ပတ်သက်ပြီးတော့ ဘာပြောချင်လဲ။

ဖြေ ။    ။ ပါတီရဲ့ စည်းရုံးလှုပ်ရှားမှုမှာ ပါတီဝင်တွေရဲ့ ပါတီထဲမှာ ဝင်ရောက် ရပ်တည်ဖို့အတွက် နယ်မြို့တွေမှာ အကြောက်တရားတွေ ရှိနေပါတယ်။ အကြောက်တရားတွေဟာ အနှစ် ၂၀ လုံးလုံး ကျနော်တို့ တိုင်းပြည်မှာ ပြည်သူလူထု နိုင်ငံရေးမှာ ပါဝင်ခွင့် မရအောင်၊ နိုင်ငံရေးကို ဝင်လုပ်မိတယ်ဆိုရင် ထိန်းသိမ်းခံရမယ်ဆိုတဲ့ အသိမျိုးတွေ ပေါ်အောင်၊ လူငယ်တွေ မြန်မာ့နိုင်ငံရေးမှာ မပါဝင်နိုင်အောင် ဆောင်ရွက်ထားမှု အခြေအနေတွေဟာ ပါတီတွေရဲ့ စည်းရုံးလှုပ်ရှား မှုတွေကို တော်တော် ခက်ခဲစေပါတယ်။  ဒီအခြေအနေတွေဟာ ပါတီတွေရဲ့ လွတ်လပ်စွာ စည်းရုံးနိုင်ခွင့်ကို ထိပါးစေပါတယ်။ ဒီ အနေအထားပေါ်မှာ နယ်မြို့တွေမှာရှိတဲ့ တချိန်တုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်တွေ၊ စွမ်းအားရှင် အဖွဲ့ဝင်တွေ အဖြစ် လုပ်ခဲ့တဲ့ လူတွေနဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ဖိအားပေးမှုတွေကိုလည်း ပြည်သူလူထုက ရင်ဆိုင်နေရပါတယ်။ ဒီအခြေနေပေါ်မှာ ကျနော်တို့ နိုင်ငံရေးပါတီတွေ အနေနဲ့လည်း လွတ်လပ်စွာ စည်ရုံးနိုင်ခွင့် မရရှိ ဖြစ်နေပါတယ်။

မေး ။    ။ သတင်းမီဒီယာတွေ လွတ်လပ်ခွင့်ရရေးဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ဘယ်လောက်အထိ အရေးပါတယ် ထင်ပါသလဲ။

ဖြေ ။    ။ ဒီအချက်က အရေးကြီးဆုံး အချက်တခုထဲမှာ ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်ရမှသာလျှင် အတိုက်အခံပါတီတွေက ဒီရွေးကောက်ပွဲဟာ မတရားဘူးလို့ ပြောမယ်။ အစိုးရကလည်း ဒီရွေးကောက်ပွဲဟာ တရားမျှတတယ်လို့ ပြောချင်ပြောမယ်။ ဒါပေမယ့် ဒီအခြေအနေအပေါ်မှာ အဓိက မီးမောင်း ထိုးပြနိုင်တာကတော့ နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ မီဒီယာပါပဲ။ မီဒီယာတွေက မှန်မှန်ကန်ကန် အခြေအနေတွေကို ပြည်သူ လူထုကို မီးမောင်း ထိုးပြမယ်ဆိုရင် ဖြစ်ပေါ်နေတဲ့ အဖြေမှန်တွေကို ပြည်သူလူထုကလည်း သိမယ်၊ နိုင်ငံတကာကလည်း သိမယ်ဆိုရင် ရွေးကောက်ပွဲပေါ်မှာ အတိုက်အခံကလည်း ပြောချင်ရာပြောလို့ မရသလို အာဏာပိုင် အဖွဲ့အစည်းကလည်း ပြောဆိုချင်ရာ ပြောဆိုလို့ မရပါဘူး။ ဒါဆိုရင် နိုင်ငံရေး အသိုင်းအဝိုင်း၊ အာဏာပိုင်အဖွဲ့အစည်း၊  ရွေးကောက်ပွဲ ကော်မရှင်တွေက  မှန်မှန်ကန်ကန် ထုတ်ဖော်ပြောနိုင်မယ့် အခြေအနေမျိုးတွေကို သူတို့ လုပ်ဆောင် လာကြမှာပါ။ ဘာကြောင့်လဲ ဆိုတော့ မီဒီယာတွေဟာ ဒီအခြေအနေကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ မီဒီယာ လွတ်လပ်မှုဟာ အထူး လိုအပ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတိုင်းမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ဒါကို ထိန်းညှိထားတာပါ။

မေး ။    ။ ပါတီစာစောင် ထုတ်တုန်းကလည်း မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ဘယ်လို အခက်ခဲမျိုးတွေ ကြုံခဲ့ရ ပါသလဲ။

ဖြေ ။    ။ ကျနော်တို့ စာစောင်ထုတ်ဝေတဲ့ အချိန်တွေမှာ စာပေစိစစ်ရေးရုံးကနေပြီးတော့ စာစောင်ဟာ ဂျာနယ် ပုံစံမျိုး ဖြစ်နေတယ်။ ဒီအခြေနေနဲ့ ပတ်သက်ပြီး ပါတီရဲ့ ဆောင်ရွက်မှုတွေကို ဖော်ပြတဲ့ အခြေနေမျိုးလောက်ပဲ ဖြစ်စေချင်တယ်ပေါ့။ ဒါပေမယ့် ဒီအခြေအနေတွေကို ထုတ်ဝေတဲ့ အနေအထားပေါ်မှာ စာပေစိစစ်ရေးနဲ့ ညှိနှိုင်းလုပ်ဖို့ ဆိုပြီးတော့ သူတို့က အသိပေးလာပါတယ်။ အခုဆိုရင် စာပေစိစစ်ရေးရုံးကနေပြီးတော့ နောက်ထပ် အမိန့် ညွှန်ကြားချက်တွေ ပေးပို့လာပါတယ်။ အဲဒီ ပေးပို့တဲ့စာတွေက ပါတီရုံးတွေကို မရောက်သေးပါဘူး။ ဒါပေမယ့် တယ်လီဖုန်းနဲ့ စာပေစိစစ်ရေး ရုံးကနေပြီး ပါတီရုံးတွေကို လှမ်းပြီးအသိပေးထားပါတယ်။ သူတို့ရဲ့ နောက်ထွက်မယ့် အမိန့် ကြေညာချက်တွေကို စာတိုက်ကနေ ပေးပို့မယ်ဆိုတဲ့ အကြောင်းပေါ့နော်။ မကြာခင်မှာ နောက်ထပ် ဒီပါတီစာစောင် ထုတ်ဝေမှုတွေနဲ့ ပတ်သက်ပြီး ထိန်းကွပ်တဲ့ အမိန့်ဥပဒေတွေ ထပ်ထွက်လာတယ်။

မေး ။    ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့ အောင်နိုင်ရေး ကြိုးပမ်းလာတဲ့ အချိန်အခါမှာ ကြံ့ဖွံ့ရဲ့ “ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း” ဆိုပြီးတော့ စာအုပ်တအုပ် အပြင်ကို ထွက်လာတာ ရှိတယ်။ အဲဒီထဲမှာ သူတို့က တခြားပါတီတွေကို ရန်သူလို သဘောထားတဲ့ အချက်အလက်တွေ ပါလာတယ်။ ရပ်ကွက်ထဲမှာရှိတဲ့ လူဆိုးလူမိုက်တွေကို သူတို့က စည်းရုံးထားဖို့၊ အဲဒီ လူမိုက်တွေကို မစည်းရုံးထားဘူး၊ တခြားပါတီတွေက စည်းရုံးသွားမယ် ဆိုလို့ရှိရင်လည်း သူတို့အနေနဲ့ ရန်သူ အဖြစ်မခံနိုင်ဘူးဆိုတဲ့ သဘောမျိုးတွေ ရေးထားတာ တွေ့နေရတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ရော ဘယ်လို မှတ်ချက် ပေးချင်ပါသလဲ။

ဖြေ ။    ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကို အမွေဆက်ခံခဲ့တာပေါ့နော်။ ဒီ အသင်းနဲ့ အဖွဲ့အစည်းမှာ စွမ်းအားရှင်လို အဖွဲ့အစည်းမျိုးတွေကို တချိန်တုန်းက လက်ကိုင်တုတ်လို သုံးခဲ့တာမျိုးတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာဆိုရင် ဒီပဲယင်းလို ကိစ္စရပ်မျိုး ပေါ်ပေါက်ခဲ့တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်မို့ ဒီအခြေနေမျိုးတွေကိုတော့ ခုနကပြောတဲ့ အချက်အလက်မျိုးတွေ၊ ရန်သူသဖွယ် အနေအထားမျိုးတွေ၊ ဒီမိုကရေစီမှာ ကိုယ်နဲ့မတူ ရန်သူလို့ သတ်မှတ်လို့ မရနိုင်ပါဘူး။ ကွဲပြားမှုတွေဆိုတာ ဒီလိုပဲ ရှင်သန်ခွင့်ရှိနေမှာပါ။ ဒီအနေထားမျိုး မဟုတ်ဘဲနဲ့ ကိုယ်နဲ့မတူ ရန်သူဆိုတာ အာဏာရှင်တွေလုပ်တဲ့ ပုံသဏ္ဌာန်ပါ။ ဒီပုံသဏ္ဌာန်တွေကတော့ ရှေ့ဆက်ပြီး မြန်မာနိုင်ငံမှာ ရှိနေဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးအတွက် ကြိုးပမ်းလာတိုင်း ဒီအခြေအနေတွေကို ပြည်သူလူထုတွေ ရင်ဆိုင်နေကြဦးမှာပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်