တမျိုးသားလုံးအရေးကို သံဃာတွေ လျစ်လျူမရှုနိုင်ဘူး

လာမည့် ရွေးကောက်ပွဲတွင် ရဟန်းသံဃာ များ၏ အခန်းကဏ္ဍ၊ ရဟန်း သံဃာများနှင့် နိုင်ငံရေး သြဇာ၊ ရဟန်း သံဃာများ နိုင်ငံရေး လုပ်သင့် မလုပ်သင့် စသည့် သံဃာနှင့် နိုင်ငံရေး အခင်းအကျင်းကို သာသနာ့ ဥသျှောင်အဖွဲ့ (ထိုင်းနိုင်ငံ၊ မဲဆောက်မြို့) တာဝန်ခံ ဆရာတော် အရှင်ဇဝနကို ဧရာဝတီသတင်းထောက် မင်းနိုင်သူက ဆက်သွယ် မေးမြန်းထားပါသည်။ အရှင်ဇဝနသည် ပဲခူး၊ မန္တလေး၊ ရန်ကုန်မြို့တို့ရှိ စာသင်တိုက်များတွင် ပညာသင်ကြားပြီး ဓမ္မာစရိယဘွဲ့ရရှိခဲ့သည်။

uzawana interview၁၉၈၈ အရေး အခင်းတွင် ရန်ကုန်မှ ဒိုက်ဦးမြို့သို့ပြန်၍ သပိတ်မှောက် လုပ်ငန်းများ တာဝန်ယူ လုပ်ဆောင်ခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့သို့ ပြန်လာပြီး ၁၉၈၉ တွင် ရွှေပြည်သာမြို့တွင် ရွှေပြည်သာ ပရိယတ္ထိ စာသင်တိုက်ကို တည်ထောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ပတ္တနိကုဇ္ဇန ကံဆောင်ရာတွင် ပါဝင်ခဲ့သည်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပါမောက္ခ ယိုဇို ယိုကိုတာ ကို သွားရောက်တွေ့ဆုံပြီး လူ့အခွင့်အရေး ကိစ္စများကို တိုင်ကြားခဲ့သောကြောင့် အဖမ်းခံရကာ ၁၉၉၃ ခုနှစ်တွင် ထောင်ဒဏ် ၁၉ နှစ် အချခံခဲ့ရသည်။ အင်းစိန်ထောင်၊ သာယာဝတီထောင်၊ တောင်ငူထောင်များတွင် နေခဲ့ရပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာတွင် ပြန်လည် လွတ်မြောက်လာသည်။ ထိုင်းနိုင်ငံသို့ ၂၀၁၀ နှစ်ဆန်းပိုင်းတွင် ရောက်ရှိလာခဲ့သည်။

{play}images/stories/podcasts/uzawana.interview.mp3|[AUTOPLAY]|transparent[BGCOLOR]|[AUTOREPLAY]{/play}
{wd file=images/stories/podcasts/uzawana.interview.mp3 name='အသံဖိုင်ရယူရန်'}
မေး ။   ။ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကို နအဖအစိုးရဘက်က ကြေညာလိုက်ပြီဘုရား။ ရွေးကောက်ပွဲမှာ သံဃာတော်တွေတော့ မဲဆန္ဒပေးခွင့် မရှိဘူးပေါ့လေ။  ဒီရွေးကောက်ပွဲအပေါ်မှာ သံဃာတော်တွေရဲ့ သဘာထားက ဘယ်လိုရှိတယ်ဆိုတာ သိချင်ပါတယ်ဘုရား။

ဖြေ ။   ။ ၁၉၄၇ အခြေခံဥပဒေမှာမှ သံဃာတွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့် မရှိဘူးဆိုတာ ပါလာတာပေါ့။ ဒါပေမယ့် ၁၉၄၇ ခုနှစ် မတိုင်မီ အင်္ဂလိပ် လက်ထက်ကတည်းက သံဃာတွေဟာ ဒကာ၊ ဒကာမတွေရဲ့ အရေးကိစ္စတွေမှာ ကိုယ်ကျိုးစွန့်ပြီး လုပ်ခဲ့ကြတာ။ သမိုင်း အဆက်ဆက်မှာလည်း ရှိခဲ့တယ်။ အခုလည်း ရှိနေတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ တနိုင်ငံလုံး အရေးကိစ္စကြီး ဖြစ်တဲ့အတွက် ဆရာတော်၊ သံဃာတော်တွေအနေနဲ့ ဘယ်လိုမှ လျစ်လျှူရှုပြီး နေမှာမဟုတ်ဘူး။

မေး ။   ။ တင်ပါ့။ လျစ်လျူရှုပြီး နေမှာမဟုတ်ဘူးဆိုတော့ သံဃာတော်တွေဘက်က ဘာတွေဆောင်ရွက်သွားမှာလဲ ဘုရား။

ဖြေ ။   ။ ၁၉၉၀ ပြည့်နှစ်က အတွေ့အကြုံတွေကို ပြန်ကြည့်ရင် သံဃာတွေ ဘာလုပ်နိုင်တယ်ဆိုတာကို တွေ့ရမယ်။ ၁၉၉၀ ရွေးကောက်ပွဲကို ဦးပဉ္ဇင်းတို့ ကိုယ်တိုင်လည်း ကြုံခဲ့ရတယ်။ ၁၉၉၀ တုန်းကလည်း သံဃာတွေဟာ မဲဆန္ဒပေးရတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပချိန်က သံဃာတော်တွေ စာဝါပိတ်ချိန် ဖြစ်တဲ့အတွက် ဦးပဉ္ဇင်းတို့ ကိုယ့်ရပ်ရွာကို ပြန်ကြတဲ့အချိန်၊ အဲဒီအချိန်မှာ မြို့မှာနေခဲ့ဖူးတဲ့ သံဃာတွေအားလုံးဟာ အတွေးအမြင် အတွေ့အကြုံတွေ ရှိတယ်။ မျက်စိပွင့် နားပွင့်ရှိတယ်။ ကိုယ့်နယ်ကို ပြန်ရောက်တဲ့ အချိန်ကြတော့ ဒကာဒကာမတွေဆီကို တအိမ်တက်ဆင်း လိုက်ပြီးတော့ ခင်ဗျားတို့ ဘယ်ပါတီကိုတော့ မဲပေးသင့်တယ် ဆိုတာတွေကို ပါတီဝင်လုပ်သား မဟုတ်ပေမယ့် ပြည်သူ့အတွက် အကျိုးရှိမယ့်ပါတီ မဲရဖို့ လုပ်ပေးခဲ့တာတွေ ရှိတယ်။ ဒါတွေက ၁၉၉၀ ရွေးကောက်ပွဲမှ မဟုတ်ဘူး။

တည်မြဲ သန့်ရှင်းလက်ထက် ရွေးကောက်ပွဲတွေကတည်းက ပြည်သူလိုလားတဲ့ ပါတီတွေ အောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးတဲ့ အစဉ်အလာတွေ ရှိခဲ့ပြီးပြီ။ အခုလို ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ သမိုင်းအတွက် အရေးကြီးတဲ့အချိန်။ ဒီဥစ္စာကြီးသာ အတည်ဖြစ်သွားပြီး သက်ဝင်လှုပ်ရှားသွားမယ်ဆိုရင် တနိုင်ငံလုံးရဲ့ ဒုက္ခဟာ ကမ္ဘာဆုံးတဲ့အထိကို ခံစားရတော့မယ်ဆိုတာကို သဘောပေါက်ထားကြတဲ့ သံဃာတွေ အများကြီးရှိနေတယ်။ အဲဒီ သံဃာအများစုကြီးက လျစ်လျူရှုပြီး နေမှာမဟုတ်ဘူး။ နိုင်ငံရေး လှုပ်ရှားမှုတိုင်းမှာလည်း သံဃာတော်တွေဟာ ကိုယ့်ရဲ့ အကျိုးစီးပွား မဟုတ်ပေမယ့်လို့ ဒကာ၊ ဒကာမတွေရဲ့ အကျိုးစီးပွားအတွက်ဆိုရင် အမြဲတမ်း ရှေ့တန်းကနေ ကိုယ်ကျိုးစွန့်ပြီး လုပ်ခဲ့တဲ့ အစဉ်အလာတွေရှိတယ်။ 

၂၀၁၀ ရွေးကောက်ပွဲမှာ ဒကာ၊ ဒကာမတွေအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်သင့်တယ်၊ ဘာတွေလုပ်သင့်တယ် ဆိုတာကို ဒကာ၊ ဒကာမတွေကို မကြာခင် ပြောကြမယ်။ မကြာခင် မဟုတ်ပါဘူး၊ အခုလည်း ပြောကုန်ကြပါပြီ။ ဦးပဉ္ဇင်းတို့လို သံဃာ့ အဖွဲ့အစည်းတွေကလည်း ပြောတယ်။ ပြည်တွင်းမှာ ရှိနေတဲ့ သံဃာတွေပေါ့။ ဥပမာ တောင်ဒဂုံက မကွေးကျောင်းတိုက်က ဆရာတော်တို့ကလည်း ပြောလာနေပြီ။ ဒီလို အသံတွေလည်း ထွက်လာနေတယ်။ ဒါတွေက မီဒီယာတွေက လက်လှမ်းမီသလောက် တင်ပြထားတာတွေပဲ ရှိသေးတာ။  ဒီထက်မက ဖြစ်နေတယ်ဆိုတာကို ဦးပဉ္ဇင်းတို့ အဆက်အသွယ်တွေအရ ၊ ဦးပဉ္ဇင်းတို့နဲ့ အမြဲတမ်းထိတွေ့နေတဲ့ ပြည်တွင်း သံဃာတွေရဲ့ ပြောစကားတွေအရ၊ ဒကာ၊ ဒကာမတွေ ဘာတွေ လုပ်သင့်တယ်ဆိုတာကို သူတို့ အများကြီး အသိပေးထားပြီးကြပြီ။

မေး ။   ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD တို့လို လူထုအကျိုးစီးပွား ရှေးရှုမယ့် ပါတီတွေ၊ လူထုကြိုက် ပါတီတွေကို မြင်ရတွေ့ရတယ်။ ခုချိန်မှာတော့ လူထုကြိုက် ပါတီရယ်လို့ မမြင်တွေ့ရဘူး။ လူထုကလည်း ဒီရွေးကောက်ပွဲကို စိတ်ဝင်စားဟန် မပြဘူးဆိုတော့ သံဃာတွေအနေနဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်လိုပုံစံနဲ့ ဆော်သြလှုပ်ရှားမှုတွေ ပေးကြမှာလဲဘုရား။

ဖြေ ။   ။ အခုအခါမှာ လူတွေအားလုံးရွေးရမှာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ပျက်စီးသွားဖို့ပဲ။ ဒီဥစ္စာကြီး အသက်ဝင်သွားရင်  တသက်လုံး၊ တနိုင်ငံလုံး ဒုက္ခတွေ ရောက်မယ်ဆိုတာကို အားလုံးက သိပြီးတော့ ဒီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ကိုပဲ လုပ်ရမှာ။ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလုပ်ရမှာ ဆိုတာက အဓိကအားဖြင့် မဲမပေးဖို့ပဲ။ အခု NLD  လူငယ်တွေ လုပ်နေတဲ့ မဲမပေးဘဲ နေနိုင်ခွင့်ရှိတယ်ဆိုတာကို လူတိုင်းသိဖို့ တတိုင်းပြည်လုံးအတွက် အရေးတကြီး လိုအပ်ချက် ဖြစ်နေပြီ။ သံဃာတွေဟာ ဒီလိုအပ်ချက်အတိုင်းပဲ ကိုယ့်ဒကာ၊ ဒကာမတွေ မဲသွားမပေးကြဖို့ လုပ်ကြဖို့ရှိတယ်။ လုပ်လည်း လုပ်နေကြပြီ။

မေး ။   ။ တချို့တွေကြတော့လည်း သံဃာနဲ့နိုင်ငံရေး မအပ်စပ်ဘူးလို့ မြင်ကြ၊ ပြောကြတာတွေရှိတယ်။ ဒီအမြင်တွေ အပေါ်မှာ အရှင်ဘုရားရဲ့ သဘောထားက ဘယ်လိုရှိပါသလဲဘုရား။

ဖြေ ။   ။ ဦးပဉ္ဇင်းတို့ ဗုဒ္ဓဘာသာမှာ လောကတ္ထစရိယ၊ ဉာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယ ဆိုတာတွေ ရှိတယ်လေ။ လောကရဲ့အကျိုး၊ ဆွေမျိုးသားချင်းရဲ့ အကျိုး၊ ရပ်ရွာရဲ့ အကျိုးတွေကို ဆည်းပူးရတယ်ဆိုတာ။ ဘုရားတောင်မှ လောကရဲ့အကျိုးကို လုပ်ခဲ့တာပဲ။ ပိဋကတ်သုံးပုံကို မပြောပါနဲ့ဦး၊  ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်တွေကို ဖတ်ဖူးတဲ့ သူတွေတောင်မှ ဘုရားလောင်းက သူ့အလောင်းတော် ဘ၀တလျှောက်လုံးမှာ သူ့ရဲ့အကျိုးစီးပွားကို လုပ်တာမဟုတ်ဘူး။ အမျိုးသား အကျိုးစီးပွားတွေကိုပဲ လုပ်သွားတယ်ဆိုတာကို တွေ့ရလိမ့်မယ်။ သံဃာတွေ နိုင်ငံရေးလုပ်တယ်ဆိုတာက ၀န်ကြီးချုပ်လုပ်ဖို့၊ အမတ်လုပ်ဖို့၊ ရာထူးဌာနန္တရ ယူဖို့ဆိုတာတွေ တခုမှမပါဘူး။ သံဃာတွေ နိုင်ငံရေးလုပ်တယ်ဆိုတာ အမျိုးသား အကျိုးစီးပွားအတွက်သာ ဖြစ်တဲ့အတွက် လောကတ္ထစရိယ စစ်စစ် ဖြစ်တယ်။ အသန့်ရှင်းဆုံး နိုင်ငံရေးလုပ်တာက ဘုန်းကြီးတွေမှာပဲ ရှိလိမ့်မယ်လို့ ဦးပဉ္ဇင်း ယုံတယ်။

နောက်ပြီး တဆက်တည်း ပြောချင်တာက တချို့တွေက မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသကို ပမာတင်ပြီး ဒီလို ဆရာတော်ကြီးတွေဟာ နိုင်ငံရေးမလုပ်ဘူးဆိုပြီး ပြောတာတွေရှိတယ်။ သူတို့ဟာ ဆရာတော်ရဲ့ စာအုပ်တွေကို ဂဃနဏ ဖတ်ဖူးပုံမရဘူး။ ၂၀၀၀ ပြည့်နှစ်တုန်းက ၂၀ ရာစုနှစ် အထူးချွန်ဆုံး လူသားတွေကို ရွေးချယ်ဖို့ဆိုပြီး နိုင်ငံခြားကနေ သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်း၊ ဦးထွန်းအောင်ရှိန်နဲ့ ဒေါက်တာ ခင်မောင်ညွှန့်တို့ကို ဖိတ်တယ်။ ဖိတ်ပြီး သူတို့ရဲ့ အမြင်တွေကိုမေးပြီး ရာစုနှစ်အတွင်း အထူးချွန်ဆုံး ပုဂ္ဂိုလ်အဖြစ် ဆရာတော်ကို ရွေးချယ်လိုက်တယ်။ အဲဒီလို ရွေးချယ်တာ ဘာ့ကြောင့်လဲဆိုရင် ဆရာတော်ရဲ့ စာတွေကို ကြည့်လိုက်၊ သူဟာ ဘာသာရေးသက်သက်တင် ရေးတာမဟုတ်ဘူး။ မြန်မာပြည် တပြည်လုံးရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတွေ တိုးတက်ကြီးပွားစေလိုတာ အများဆုံးတွေ့ရတယ်။

သူရဲ့တရားတော်တွေမှာလည်း ဒါတွေဟောနေတာ။ ဆရာတော် ဟောခဲ့တဲ့ တရားတွေဟာ တကယ့်နိုင်ငံရေးတွေပဲ။ ဆရာတော်ဟာ ဒကာ၊ ဒကာမတွေရဲ့ အကျိုးစီးပွားကိုလည်း များစွာလိုလားတယ်။ ဆရာတော်ရဲ့ နံနက်ခင်း သြ၀ါဒများဆိုတဲ့ စာအုပ်ထဲမှာဆိုရင် “ဘုန်းကြီးတို့ကတော့လေ မြတ်စွာဘုရားကို ဘုရားဖြစ်မှ ကြည်ညိုတာ မဟုတ်ဘူးတဲ့။ ဘုရားအလောင်းတော် ဘ၀ကတည်းက သူ့ရဲ့စွန့်လွှတ် အနစ်နာခံခဲ့တာတွေကို ကြည့်ပြီးတော့ကို ကြည်ညိုနေခဲ့တာ” တဲ့။ ဘုရားအလောင်းတော် ဘ၀တုန်းက တရားတွေ ကျင့်နေတာမဟုတ်ဘူး။ အမျိုးသား အကျိုးစီးပွားတွေကို လုပ်နေခဲ့တာ။အဲဒီတော့ စဉ်းစားကြည့်ပေါ့။ ဆရာတော် အရှင်ဇနကာဘိဝံသနဲ့ ခိုင်းနှိုင်းပြီးတော့ သံဃာတွေ နိုင်ငံရေးနဲ့ နှီးနွှယ်တာကို ရှုတ်ချတဲ့လူတွေ အနေနဲ့ ဒါကို စဉ်းစားကြည့်ပေါ့။ နိုင်ငံရေး အေးအေးဆေးဆေး ဖြစ်သွားပြီဆိုရင်တော့ ဘယ်ဘုန်းကြီး၊ ဘယ်သံဃာမှ ၀င်ရောက်စွက်ဖက်တော့မှာ မဟုတ်ဘူး။ ပါဝင်တော့မှာ မဟုတ်ဘူး။ ကိုယ့်တရားကိုယ် အားထုတ်မယ့်၊ ကိုယ့်ကျောင်းမှာကိုယ် အေးအေးနေမယ့် ဘုန်းကြီးတွေချည်းပဲ။ အမတ်ဝင်လုပ်မယ့် ဘုန်းကြီးတပါးမှ မရှိဘူးဆိုတာ ဦးပဉ္ဇင်း ယုံကြည်တယ်။

မေး ။   ။ မကြာသေးခင် ရက်ပိုင်းအတွင်း ရွှေတိဂုံဘုရား ခြေရင်းမှာရှိတဲ့ ပဋိကတ်တိုက်တွေက သံဃာတွေကို အာဏာပိုင်တွေက နေရာရွှေ့ပြောင်းခိုင်းတာတွေ ရှိတယ်။ နောက်ပြီး မုံရွာက လယ်တီကျောင်းတိုက်၊ စိတ္တသုခ ကျောင်းတိုက်တို့ကို မီးရှို့မယ့်လူတွေကို တွေ့ရတယ်။ စစ်တွေက အရှင်ပညာစာရကိုလည်း ဖမ်းဆီးထားတဲ့အပြင် ကျောင်းတိုက်ကိုပါ ချိပ်ပိတ်တာတွေ ရှိတယ်ဆိုတော့ ဒီအပေါ်မှာ သံဃာ့ဥသျှောင်အဖွဲ့ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲဘုရား။

ဖြေ ။   ။ ဦးပဉ္ဇင်းတို့ သံဃာ့ဥသျှောင်အနေနဲ့ ပြောရရင် ၂၀၀၇ ရွှေဝါရောင် အရေးအခင်း နောက်ပိုင်းမှာ သူတို့ အစိုးရိမ်ဆုံး၊ အထိတ်လန့်ဆုံးဟာ သံဃာ့အဖွဲ့အစည်းဖြစ်တယ်။ စစ်အစိုးရက အာဃာတ တရား ကြီးမားတယ်။ သူတို့ အာဏာ တည်မြဲဖို့ဆိုရင် သံဃာတွေမပြောနဲ့ ဘုရားကိုတောင်မှ သူတို့လိုသလို လုပ်မှာပဲ။ သူတို့အတွက် အကျိုးရှိမယ်ဆိုရင် မဟာမြတ်မုနိဘုရားရဲ့ ဗိုက်ကို ဖောက်ဖို့လည်း ၀န်မလေးဘူး။ သူတို့ အာဏာတည်မြဲဖို့ဆိုရင် ဘုရားကို အောက်ခံထားပြီး ယတြာချေတာတို့လည်း လုပ်မှာပဲ။ အတ္တအကျိုးစီးပွားနဲ့ ဘာသာရေးကို ချဉ်းကပ်ကြသူတွေသာ ဖြစ်တယ်။ သံဃာတွေကိုလည်း အမြင့်ဆုံးကို နှိပ်ကွပ်ထားမှ ငါတို့ ထင်သလို လုပ်လို့ရမှာဆိုတဲ့ သဘောနဲ့ လုပ်တယ်။ မကြာခင် ပေါ်ပေါက်လာတော့မယ့် ၂၀၁၀ ရွေးကောက်ပွဲကြီးမှာ မြန်မာလူထုအပေါ် သြဇာရှိနေတဲ့ သံဃာ့အဖွဲ့အစည်းကြီးက တစုံတခုသော အသံထွက်လာပြီဆိုရင် သံဃာတွေရဲ့ တိမ်းညွှတ်မှုဟာ ဘယ်ဘက်မှာ ရှိနေတယ်ဆိုတာကို သူတို့ သဘောပေါက်ပြီးသား ဖြစ်မယ်။

သူတို့စည်းရုံးထားတဲ့ သံဃာအနည်းအကျဉ်းကလွဲပြီး သံဃာအားလုံးဟာ သူတို့ဘက်မှာ မရှိဘူးဆိုတာကို စစ်တပ်က သဘောပေါက်ပြီးသား။ ဒါကြောင့်လည်း သူတို့က အစဉ်တစိုက် နှိပ်ကွပ်ထားတယ်။ ရထားဂိတ်၊ ကားဂိတ်တွေမှာဆိုရင် သံဃာငယ်လေးတွေဟာ အရမ်းမျက်နှာငယ်ရတယ်။ ရွှေတိဂုံဘုရားလို နေရာမျိုးမှာတောင် သံဃာတွေကို စစ်လားဆေးလား၊ မေးလားမြန်းလားတွေ လုပ်လာတယ်ဆိုတော့ သံဃာတွေအပေါ် နှိပ်ကွပ်မှုဟာ ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလအတွင်းမှာ ပိုလာတဲ့သဘောပဲ။ လယ်တီကျောင်းတိုက် မီးရှို့တာတွေကလည်း သံဃာတွေ ကြွလာအောင် ဆွနေတဲ့သဘောပဲ။ ကြွလာတာနဲ့ ငါတို့ နှိပ်ကွပ်ပြမယ်ဆိုတဲ့ သဘောပဲ။ ရခိုင်ဆရာတော်ဆိုလည်း သူဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာကို စုဆောင်းထားသူဖြစ်တယ်။ သူ့ပစ္စည်းတွေကို မတရားသိမ်းပိုက်တယ် ဆိုတာ ရခိုင်လူမျိုးတွေဘက်က ကြည့်မယ်ဆိုရင် တော်တော်ကို မကျေနပ်စရာဖြစ်တယ်။

သူတို့က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလို့ ပြောနေပေမယ့် ရခိုင်တွေဟာ ဗမာတွေအပေါ်မှာ အထင်အမြင်လွဲအောင် စစ်တပ်က လုပ်နေတာ။ တလျှောက်လုံးလည်း တိုင်းရင်းသားတွေ အထင်အမြင်လွဲအောင် စစ်တပ်က လုပ်ခဲ့တဲ့အတွက်ကြောင့် တိုင်းရင်းသားတွေဟာ ဗမာတွေအပေါ် အထင်လွဲတာတွေ ရှိနေတယ်။ မကြာခင်ကလည်း တနင်္သာရီတိုင်းထဲမှာ သံဃာတပါးဟာ မွေးမြူရေးဝန်ကြီးကို ပါဏာတိပါတာကံအကြောင်း ဟောလို့  လူဝတ်လဲခိုင်းတယ်ဆိုတော့ သူတို့ နှိပ်ကွပ်ချင်သလို နှိပ်ကွပ်မယ်ဆိုတဲ့သဘော သူတို့မှာ အပြည့်ရှိတယ်။ ဒီတော့ သံဃာတော်တွေအနေနဲ့ တဘက်က သူတို့ရဲ့ အန္တရာယ်ကို မပြတ်သတိထား ကြည့်နေရပေမယ့် တဘက်ကလည်း ဒကာ၊ဒကာမတွေ လမ်းမှားမရောက်ဖို့အတွက် အမြဲတမ်း အလုပ်လုပ်နေတယ်ဆိုတာကို ပြောချင်ပါတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်