“နိုင်ငံသားတယောက် ခံစားသင့်တဲ့ အခွင့်အရေး မရဘူး”

မကြာသေးခင်က ကချင်ပြည်နယ် မြစ်ကြီးနား မြို့ အခြေစိုက် ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) မှ တသီးပုဂ္ဂလ လွှတ်တော်အမတ်အဖြစ် လျှောက်ထားသူများကို ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်က ငြင်းပယ်ခဲ့ရာ ၎င်းပါတီ အထွေထွေ အတွင်းရေးမှူး ဦးတူးရော်လည်း တယောက် အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ ငြင်းပယ် ခံခဲ့ရသည့် ကိစ္စနှင့်ပတ်သက်၍ ဦးတူးရော်ကို ဧရာဝတီသတင်းထောက် ကိုထွေးက ဆက်သွယ်မေးမြန်းထားပါသည်။

kspp-meetingKSPP ကို ၂၀၀၉ ခုမတ်လက ဒေါက်တာမနန် တူးဂျာ ဦးဆောင်၍ စတင် ဖွဲ့စည်းခဲ့သည်။ KSPP ကို ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်က ပါတီ မှတ်ပုံတင်ခွင့် ချမပေးခဲ့ပေ။

မေး။     ။ တသီးပုဂ္ဂလအဖြစ် အရွေးချယ်ခံဖို့ ငြင်းဆိုလိုက်တာကို ဘယ်တုန်းက အကြောင်းပြန်တာလဲ။ ဘယ်နှစ်ယောက် အငြင်းခံရတာလဲ။

ဖြေ။     ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ကပေါ့။ ၁၄ ယောက်ပါ။ ကျနော်တို့ ဗဟိုကော်မတီဝင်မှာ ပါတဲ့လူ များပါတယ်။

မေး။     ။ အခု တယောက်မှ ရွေးကောက်ပွဲ ဝင်ဖို့အတွက် မဖြစ်နိုင်တော့ဘူးပေါ့။ 

ဖြေ။     ။ အပယ်ချ ခံရတယ်ဆိုတော့လည်း အဲဒီလို သဘောဖြစ်မှာပေါ့လေ။ ဒါပေမယ့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ထဲမှာတော့ ပယ်ချခံရတယ်ဆိုရင် အယူခံဝင်လို့ ရတယ်ဆိုတာ ရှိတယ်လေ။ ပြီးတော့ ကျနော်တို့ ပြည်နယ် ကော်မရှင်ထဲမှာ အယူခံဖို့ ရှိတာပေါ့။ အယူခံမယ့်သူတွေ တယောက်၊ နှစ်ယောက်ရှိလားမသိဘူး။ သတင်းတော့ နည်းနည်း ရထားတယ်။ ကျနော်ကတော့ အယူမခံတော့ပါဘူး။

မေး။     ။ အခုလို အပယ်ခံလိုက်ရတော့ ဘာဆက်လုပ်မယ် စဉ်းစားထားပါသလဲ။

ဖြေ။     ။ ကျနော်တို့ကတော့ အခု နဂိုအချက်တွေ ဆက်လုပ်ဖို့ကတော့ ပါတီအနေနဲ့ ရပ်တည်ဖို့ရာ မဖြစ်နိုင်တော့ဘူးပေါ့။ မဖြစ်နိုင်တော့ ကြုံရင်ကြုံသလိုပေါ့၊ အခွင့်အရေးရရင် ရသလို ပြည်သူရဲ့ လိုအပ်ချက်တွေ ပေါ့လေ။ အဲဒါကို ဝိုင်းဝန်းပြီး လုပ်ကြဖို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့တဲ့အခါ၊ ကြုံတဲ့အခါမှာ ဝိုင်းဝန်းဆွေးနွေးကြဖို့၊ အကောင်အထည် ဖော်နိုင်မယ့် ဟာတွေပေါ့။ ကျနော်တို့ပြည်နယ်မှာက အရေးကြီးတာကတော့ နဂို ကျနော်တို့ KSPP  ထဲက ရည်ရွယ်ထားတဲ့ ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ ပြည်နယ်ဖွံ့ဖြိုးရေးပေါ့။ ဆက်လက်ပြီးမှ လုပ်ဖို့တော့ ရှိတာပေါ့လေ။ ဒါတွေကတော့ ဘာဖြစ်လို့လဲဆိုတော့ ပြည်နယ်မှာ ငြိမ်းချမ်းရေး အဆင်ပြေမှသာလျှင် ကျနော်တို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်လို့ ရတာပေါ့လေ။ ငြိမ်းချမ်းရေး အဆင်ပြေဖို့ဆိုတာက ဒီတိုင်းရင်းသားတွေ အပေါ်မှာ နိုင်ငံတော်ရဲ့ တရားမျှတမှုရှိမှသာလျှင် ဖြစ်နိုင်မှာပေါ့လေ။ အဲဒီတော့ ငြိမ်းချမ်းရေး ရမှသာလျှင် ဖွံ့ဖြိုးတိုးတက်မှုက ဆောင်ရွက်လို့ရမယ်ဆိုတော့ အကုန်လုံးဆက်နွှယ်နေတယ်ပေါ့။ ဒီဥစ္စာကို လူထုကြားမှာသော်လည်းကောင်း၊ အာဏာပိုင်ကြားမှာသော်လည်းကောင်း၊ လူငယ်လူရွယ်တွေ ကြားမှာ သော်လည်းကောင်း ဒီသဘောတရားတွေကို နားလည်သဘောပေါက်အောင် ကျနော်တို့တတ်နိုင်တဲ့ နည်းလမ်းနဲ့ အလျဉ်းသင့်ရင်သင့်သလို နေ့စဉ် ပြောဆိုဆွေးနွေးဖို့၊ ဒါပါပဲ။ ဒီအလုပ်တွေလုပ်ဖို့ပဲ ရှိတော့တာပေါ့လေ။ ကျနော်တို့ နိုင်ငံရေးမှာ၊ လွှတ်တော်တွေမှာ ဆွေးနွေးဖို့၊ ဥပဒေပြုအဖွဲ့မှာ ပါဝင်နိုင်ဖို့ အခွင့်အလမ်းကတော့ ဒီအချိန်မှာ မရှိတော့ဘူး ပေါ့။ ဖြစ်နိုင်ရင်တော့ အဲဒီနေရာကနေ ပြောချင်တာပေါ့။

မေး။     ။ တခြားကချင်ပါတီ တခုကိုတော့ ခွင့်ပြုပြီးတော့ အန်ကယ်တို့ရဲ့ KSPP ပါတီဝင်တွေကိုပဲ ငြင်းလိုက်တာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုထင်ပါသလဲ။

ဖြေ။     ။ ကျနော်ထင်တာကတော့ ၂ ချက် ရှိတယ်ပေါ့လေ။ ပထမ တချက်ကတော့ ကျနော်တို့က ပြည်နယ်အတွင်းမှာ စည်းရုံး လှုပ်ရှားတဲ့အခါမှာ ပြည်သူလူထုက ကျနော်တို့ဘက်ကို အပြည့်အဝထောက်ခံတယ်။ လူမျိုးမရွေး၊ ဘာသာမရွေး ကချင်ပြည်နယ်မှာ ရှိတဲ့အဖွဲ့အစည်းတွေအားလုံး။ ရှင်းရှင်းပြောရရင်တော့ ကျနော် ပြောရဲတယ်။ ဒီမှာ တာဝန် ထမ်းဆောင် နေတဲ့ အစိုးရဝန်ထမ်းတွေပေါ့၊ တပ်မတော်သားများ အပါအဝင်ပေါ့လေ။ ရဲတွေက အစပေါ့။ ကျနော်တို့ကို အမြဲတမ်းအားပေးတယ်။ သူတို့က ကျနော်တို့ကို ဘာပဲဖြစ်ဖြစ် အဲဒီအချိန်မှာ ခင်ဗျားတို့ဆီမှာပဲ မဲများမှာပါလို့ သူတို့က အမြဲတမ်း ပြောတယ်ပေါ့လေ။ သူတို့လည်း အဲဒီလို စဉ်းစားထားပုံရတယ်။ အဲဒီလိုဖြစ်နေတဲ့ အခါကျတော့ တကယ်လို့ ပြည်ခိုင်ဖြိုးကလည်း အနိုင်ရမှ ဖြစ်မယ်ဆိုတဲ့ဟာပေါ့လေ။ ဖြစ်နေတော့၊ သူအနိုင်ရဖို့ဆိုရင် KSPP နဲ့ ယှဉ်လို့ကတော့ မဖြစ်ဘူး ဆိုတဲ့သဘောပေါ့။ KSPP ကို ပါတီအဖြစ် မှတ်ပုံတင်ခွင့် မရရှိရေးပေါ့လေ၊ မရရှိရေးနဲ့ ရွေးကောက်ပွဲကို ဝင်ခွင့် မရရှိရေးပေါ့၊ ဒါကို သူတို့ အစွမ်းကုန်ဆောင်ရွက်တယ်။ သဲကြီးမဲကြီးဆောင်ရွက်တယ်လို့ ကျနော်ကတော့ ပထမ အချက်အနေနဲ့ အဲဒီလိုမြင်တယ်။ ဒုတိယ အချက်ကတော့ အခု တပ်မတော် အစိုးရကနေပြီးတော့ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ကို နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းဖို့ အမိန့်ပေးထားတာပေါ့၊ ညွှန်ကြားတာပေါ့လေ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ KIO က အဲဒီဟာကို ငြင်းဆန်တာပေါ့။ ငြင်းဆန်တဲ့အခါကျတော့ ကျနော်တို့ဘက်ကိုလည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆက်နွှယ်တယ်ဆိုပြီးမှ အကြောင်းပြတာပေါ့လေ။ ပြောရမယ် ဆိုလို့ရှိရင် ဒါကတော့ သူတို့အနေနဲ့ အကြောင်းပြချက် ရှာတယ်လို့ပဲ မြင်တာပေါ့လေ။ ပြီးတော့နောက်တခုက ဒါ ဗိုလ်ချုပ်မှူးကြီးရဲ့ အမိန့်ကို ဖီဆန်တာပဲ ဆိုပြီး ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်က ဒီဥစ္စာကို ခွင့်မပြုအောင် အဲဒီလို အကြံပြုပုံ ရပါတယ်။ အဲဒါနဲ့ ဗိုလ်ချုပ်မှူးကြီးကလည်း အဲဒီလိုပဲ ဆုံးဖြတ်တဲ့ သဘောဖြစ်မှာ ပေါ့လေ။ အဲဒါနဲ့ ပါတီတည်ထောင်ခွင့်လည်း မပြုတဲ့အပြင် ကျနော်တို့ဘက်မှာ KSPP မှာ နာမည်ပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ တသီးပုဂ္ဂလတွေ တောင်မှ ခွင့်မပြုတော့တဲ့ သဘောပေါ့။ အဲလိုပဲမြင်ပါတယ်။

မေး။     ။ တသီးပုဂ္ဂလ အဖြစ် ရွေးကောက်ပွဲဝင်ဖို့ အငြင်းခံလိုက်ရတဲ့ KSPP အဖွဲ့ဝင် ၁၄ ယောက် နာမည်ကို ပြောပြလို့ရမလား။

ဖြေ။     ။ နာမည်ကတော့ အခု ပြောပြလည်း သိပ်မထူးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်မဖြစ်တော့တဲ့ ကိစ္စလေ။ သမိုင်းတော့ တွင်သွားတယ်ပေါ့ဗျာ။ နောက်ပိုင်းကျ သတင်းဌာနတွေကနေ ရပါလိမ့်မယ်။ တခြားသူတွေရဲ့ သဘောတူညီချက် မရဘဲနဲ့ ကျနော်မပြောချင်ပါဘူး။

မေး။     ။ KIO နဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် ဘယ်လိုပြောချင်ပါလဲ။

ဖြေ။     ။ ပတ်သက်မှုရှိတယ်ဆိုတာက ကချင်လူမျိုး အချင်းချင်းဖြစ်လို့ပါ။ ပတ်သက်တယ်ဆိုတာက လူမျိုးအရတော့ ပတ်သက်တယ် ဆိုရမှာ ပေါ့လေ။ ဒါပေမယ့် နိုင်ငံရေးအရတော့ ဘယ်လိုမှ မပတ်သက်ဘူး။ ကျနော်တို့ လုပ်ငန်းအရ မပတ်သက်ဘူး။ အဲဒါတခု ရှိတာပေါ့။ နောက်ထပ်တခုရှိတာ၊ ကျနော်တို့ကလည်း ကချင်ပြည်နယ်ကိုယ်စားပြု နိုင်ငံရေးပါတီ အနေနဲ့ ရပ်တည်မယ်ဆိုပြီးတော့ ကြိုးစားလာတဲ့အခါမှာ ကချင်ပြည်နယ်မှာ တည်ရှိနေတဲ့ အဖွဲ့အစည်း၊ အင်အားစု အဖွဲ့အစည်းပေါ့၊ အားလုံးရဲ့ ထောက်ခံမှု ကျနော်တို့ လိုချင်တာပေါ့ဗျာ။ အဲဒါကြောင့် ကျနော်တို့က KIO ကိုလည်း ပြောတယ်။ ကျနော်တို့ကို ထောက်ခံပါလို့ပြောထားတယ်။ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDAK) ဆို အခု နယ်ခြားစောင့်တပ် ဖြစ်သွားပြီ။ NDAK ကိုရော၊ ဗိုလ်မှူးကြီး လာစာအို အဖွဲ့ကိုရော ကျနော်တို့ကို ထောက်ခံပါလို့ ပြောထားတယ်။ သူတို့ကတော့ ကျနော်တို့ကို မထောက်ခံစရာ အကြောင်းမရှိဘူး၊ ထောက်ခံပါတယ်။ ခင်ဗျားတို့ပေါ်လစီက ကောင်းနေတာပဲ။ ကျနော်တို့ ထောက်ခံတယ် လို့ပြောတယ်။ ဒါကြောင့် သူတို့ထောက်ခံတယ်ဆိုတဲ့ အပိုင်းကတော့ ရှိပါတယ်။ တခြားတော့ ဘာမှ ထူးထူးထွေထွေ မရှိပါဘူး။ သူတို့မထောက်ခံရင်လည်း ကျနော်တို့အတွက်တော့ မလွယ်ဘူးလေ။

မေး။     ။ ဒီလိုအပယ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသေးလဲ။

ဖြေ။     ။ ကျနော်တဦးအနေနဲ့ ပြောရမယ်ဆိုရင်တော့ တရားမျှတမှု မရှိဘူးလို့ စိတ်ထဲမှာ ခံစားရတာပေါ့နော်။ နိုင်ငံသား တယောက် ခံစားခွင့်ရှိတဲ့ နိုင်ငံသား အခွင့်အရေးတွေကို ကျနော်တို့ ရရှိခံစားခွင့် မရှိဘူးပေါ့။ တရားမျှတမှု မရှိဘူးပေါ့။ အဲဒီလို ခံစားရတာပေါ့။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်