အရှင်ပညာစာရ ကို ဘယ်လို တရား စီရင်ခဲ့သလဲ ...

Saturday, 02 October 2010 16:23 အင်တာဗျူး
Print
သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်ပြည့် နှစ်ပတ်လည် ကာလအတွင်းမှာပဲ ရခိုင်ပြည်နယ် စစ်တွေမြို့ က သက်တော် ၅၇ နှစ်၊ ၀ါတော် ၃၇ ၀ါ ခန့်ရှိ ဆရာတော် အရှင်ပညာစာရကို စစ်အာဏာပိုင်များက နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့ သည်။

Panyarsara-monasteryရခိုင်ပြည်နယ် စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်မှ ရခိုင်သမိုင်း သုတေသီ အရှင်ပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့ တွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးခဲ့ပြီး ကျောင်းတိုက်ကိုပါ ချိပ်ပိတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဆရာတော် စောင့်ရှောက်ထားသော မိဘမဲ့ကလေး ၁၅၀ ကျော်ကို အာဏာပိုင်များက အစိုးရ လူမှုဝန်ထမ်း ဦးစီးဌာန များသို့ ပို့ဆောင်ခဲ့ပြီး ဆရာတော် စုဆောင်းထားသော ရခိုင် ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကိုလည်း သိမ်းယူခဲ့သည်။

ဆရာတော်ကို စစ်တွေ ခရိုင်တရားရုံးတွင် ပုဒ်မ ၇ ခုနှင့် တရားစွဲဆို စစ်ဆေးခဲ့ကာ စက်တင်ဘာ ၂၉ ရက်နေ့တွင် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့ ခြင်းဖြစ်သည်။

ဆရာတော် အရှင်ပညာစာရ ၏ တရားခွင် လွတ်လပ် မျှတမှု နှင့် စပ်လျဉ်း၍ ဆရာတော်၏ ရှေ့နေ ဒေါ်အေးနုစိန်ကို ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ဆက်သွယ် မေးမြန်း ထားပါသည်။

မေး။    ။ ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က အရှင်ပညာစာရကို ထောင်ဒဏ် ၈ နှစ် ၃ လ နဲ့ ဒဏ်ငွေ ကျပ် ၁ သောင်း ချမှတ်လိုက်ပြီ ဆိုတော့ ဘာတွေဆက်လက် ဆောင်ရွက်ပေးသွားဖို့ ရှိပါသလဲ။

ဖြေ။    ။ ဒဏ်ငွေ တသောင်းကိုတော့ ပေးဆောင်လိုက်ပါပြီ။ နောက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂ ၊ ၂၉၅ ၊ ၄၀၆ နဲ့  နိုင်ငံခြား ငွေကြေး လက်ဝယ် ကိုင်ဆောင်တယ် ဆိုတဲ့ ပုဒ်မ ၂၄(၁) အမှုတွေအတွက်ကို အယူခံတင်သွင်းသွားဖို့ ရှိပါတယ်။

မေး။    ။ ဆရာတော်ကို မာတေဇ လူမှုရေး အဖွဲ့အစည်းက လူတချို့က တိုင်တန်းခဲ့တယ်လို့ ကြားထားရပါတယ်။ တကယ်တမ်း တရားစွဲဆိုတဲ့အခါမှာ ဘယ်သူက တရားလိုအဖြစ်နဲ့ စွဲခဲ့တာပါလဲ။

ဖြေ။    ။ အမှုတမှုမှာ ဦးထွန်းသိန်း ဆိုတဲ့ နာမည်နဲ့ အမှုစွဲတင်ပြီးတော့၊ နောက်တမှုမှာတော့ ဦးထွန်းသိန်းရဲ့ တိုင်တန်းမှုကို မူတည် ပြီး အမှတ် ၁ ရဲစခန်းမှူး ဦးမြို့ဆွေက တရားလိုအနေနဲ့ ၂ မှုခွဲပြီး စွဲပါတယ်။

ဦးထွန်းသိမ်းရဲ့ ပထမတိုင်စာအရ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀၊ ၂၉၂၊ ၂၉၅၊ ၄၀၆၊ ၅၀၅ (ခ) နဲ့ ပြစ်မှုဆိုင်ရာ မူလအမှု အမှတ် ၆၁/ ၂၀၁၀ နဲ့ စွဲဆိုခဲ့ပြီး ရဲအုပ်ဦးမြို့ဆွေကတော့ ပြစ်မှုဆိုင်ရာ မူလအမှုအမှတ် ၆၂/ ၂၀၁၀မှာ  နိုင်ငံခြားငွေ လဲလှယ်ခြင်းဆိုင်ရာ စည်းမျဉ်း သတ်မှတ်မှု ဥပဒေပုဒ်မ ၂၄ (၁)နဲ့ တမှုစွဲဆိုပါတယ်။ နောက် ပြစ်မှုဆိုင်ရာ မူလအမှုအမှတ် ၆၃/၂၀၁၀ မှာ စည်ပင် အက် ဥပဒေ ပုဒ်မ ၆၁ (ဂ) နဲ့လည်း ဦးမြို့ဆွေကပဲ တရားလို ပြုလုပ်ပါတယ်။

မေး။     ။ ဆရာတော်နဲ့ စွပ်စွဲခံရတဲ့ ဒေါ်မာလာက တရားရုံးမှာ သူနဲ့ ငြိစွန်းမှုမရှိပါဘူးလို့ ထွက်ဆိုခဲ့တယ်လို့ ကြားသိထားရပါတယ်။ ဟုတ်ပါသလား။

ဖြေ။     ။ ဟုတ်ပါတယ်။

မေး။     ။ တရားခွင်အတွင်းမှာ တရားလိုဘက်က သက်သေ ဘယ်နှဦး တင်သွင်းခဲ့တာပါလဲ။

ဖြေ။     ။ အမှုအမှတ် ၆၁/ ၂၀၁၀အတွက် တရားလိုပြသက်သေ ၂၅ ဦးတင်သွင်းပါတယ်။ နောက်ထပ် ၂ ဦးတင်သွင်းတဲ့အခါ ၁ ဦး ကိုပဲ စစ်မေးပြီး ၁ ဦးကို ပယ်ခဲ့ပါတယ်။ တရားလိုပြသက်သေ ၂၆ ဦး စစ်မေးခဲ့ရပါတယ်။

မေး။     ။ ဆရာတော်ဘက်က သက်သေ ၃၄ ဦးတင်ခဲ့တယ်။ ဒီသက်သေတွေကို ရဲက ဖိအားလိုက်ပေးတာတွေရှိခဲ့ပြီး နောက်ပိုင်းမှာ သက်သေတချို့ကို မတင်သွင်းတော့ဘူးလို့ သိရပါတယ်။ ဘယ်လိုကြောင့် မတင်သွင်းခဲ့တော့တာပါလဲ။

ဖြေ။     ။ ကျမက အမှုတွေအတွက် သက်သေ ၃၄  ဦး တင်ပြခဲ့ပါတယ်။ ဒါပေမယ့် ၆၁/ ၂၀၁၀ အတွက် ဆရာတော်က စွဲချက်ကို မကျေနပ်လို့ ပြင်ဆင်နေတဲ့ အချိန်မှာပဲ ပြည်နယ်တရားရုံးက အကျဉ်းနည်းနဲ့ ပလပ် လိုက်တယ်။ အဲဒီအချိန်မှာပဲ ဆရာတော်ကို စစ်တယ်ဆိုတော့ ဆရာတော်က ကိုယ်တိုင်ပဲအစစ်ခံပြီး ကျန်သက်သေတွေကို မပြတော့ဘူးဆိုပြီး ရပ်တည်ခဲ့တာပါ။ အဲဒီလို ပြည်နယ်က အကျဉ်းနည်းနဲ့ ပြင်ဆင်မှုကို ပလပ်လိုက်တဲ့အပေါ် တရားရုံးချုပ်ကို ပြင်ဆင်မှုဆက်တင်ပါတယ်။ ဒါပေမယ့် ဒီမှာတော့ ဒီပုဒ်မနဲ့ပဲ ဆရာတော်ကို စစ်ဆေးပြီး အမိန့်ချလိုက်တဲ့ အဆင့်ကို ရောက်သွားခဲ့ပါတယ်။

မေး။     ။ တရားခွင် မစတင်မီကစပြီး တရားလိုပြသက်သေအဖြစ် ထွက်ဆိုမယ့် ဒေါ်မာလာတို့လို အရေးကြီး သက်သေတွေကို တရားလိုပြုလုပ်မယ့် ရဲစခန်းထဲမှာ ခေါ်ထားခဲ့တာဟာ တရားဥပဒေနဲ့ လျော်ညီပါရဲ့လား။

ဖြေ။      ။ ကျမ အဲဒီအကြောင်းအချင်းအရာတွေ ပေါ်လွင်အောင် စစ်မေးခဲ့ပါတယ်။ သူတို့ကလည်း ၀န်ခံခဲ့ကြပါတယ်။ ဥပဒေနဲ့ ညီ၊ မညီ သုံးသပ်ဖို့က တရားရုံးရဲ့ အပိုင်းပါ။ ကျမတို့ကတော့ သူတို့ရှိနေခဲ့တဲ့ အနေအထားတွေကို ရုံးရှေ့သက်သေခံချက်တွေမှာ ပေါ်လွင်အောင် စစ်မေးထားခဲ့ပါတယ်။

မေး။     ။ စောစောပိုင်းက ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၇ ခုနဲ့ စွဲဆိုတယ်လို့ ကြားပါတယ်။ နောက်ပိုင်းမှာ ပုဒ်မ ၂ ခု မပါတော့ဘူး ဆိုတာ ဘယ်လိုကြောင့်ပါလဲ။

rakhaing-sayartawဖြေ။     ။ ၆၁/ ၂၀၁၀ အတွက် မူလစွဲဆိုတဲ့ ပုဒ်မက ၅ ခုပါ။ တရားလိုပြသက်သေ ၂၆ ဦးကို စစ်ပြီးတဲ့အခါ ဒီ ပုဒ်မတွေနဲ့ စွဲသင့်၊  မစွဲသင့် ကျမတို့က လျှောက်လဲချက် ပေးရပါတယ်။ အဲဒီလို ပေးတဲ့အချိန်မှာ ဥပဒေ အကြံပြုရုံးကလည်း ပုဒ်မ ၄၂၀ နဲ့ ၅၀၅ (ခ) ၂ ခုဟာ မစွဲသင့်ကြောင်း အကြံပြုတဲ့အတွက် တရားရုံးက ဒီပုဒ်မ ၂ ခုကို ဖြုတ်လိုက်တာပါ။ ကျန်ပုဒ်မတွေနဲ့ စွဲချက်တင်တာကိုလည်း ကျမတို့ မကျေနပ်တဲ့အတွက် ပြည်နယ်ရုံးကို ပြင်ဆင်မှုအမှတ် ၁၁၃/ ၂၀၁၀ နဲ့ တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေ့ ချက်ချင်း ပါပဲ ပလပ်ခံခဲ့ရတယ်။ ဒါနဲ့ ၂၉ ရက်နေ့မှာပဲ နိုင်ငံတော်တရားရုံးချုပ်ကို ပြင်ဆင်မှု ဆက်တက်ပါတယ်။  အဲဒီလို ပြင်ဆင်မှု တက် ရောက်ထားဆဲ ကာလမှာပဲ ခရိုင်တရားရုံးက ဆရာတော်ကို စစ်ဆေးပါတယ်။ ဒါကြောင့် မူလက တင်ပြထားတဲ့ သက်သေ ၃၄ ဦး ကို မတင်ပြတော့ဘဲ ဆရာတော် ကိုယ်တိုင်ပဲ အစစ်ခံပါတယ်။ အဲဒီနောက် နှစ်ဘက် လျှောက်လဲချက်တွေ ကြားနာပြီး ပြစ်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

မေး။     ။ ဆရာတော်ရဲ့ ရှေ့နေတဦးအနေနဲ့ ဆရာတော် အထိန်းသိမ်းခံနေရစဉ် အတွင်းမှာ အမှုအတွက် ပြင်ဆင်နိုင်ဖို့ ဘယ်နှကြိမ် တွေ့ဆုံခွင့် ရခဲ့ပါသလဲ။

ဖြေ။     ။ ကျမနဲ့ တွဲဖက်လိုက်ပါတဲ့ ရှေ့နေမလေး ၂ ဦးနဲ့အတူ ဆရာတော် အထိန်းသိမ်းခံထားရတဲ့ ထောင်အတွင်းမှာ ၂ ကြိမ် တွေ့ခွင့်ရပါတယ်။

မေး။     ။ ဒီအမှုအတွက် ၂ ကြိမ်ပဲတွေ့ခွင့်ရတာဟာ လျှောက်လဲချက်တွေ ပြင်ဆင်ဖို့ လုံလောက်တဲ့အချိန်ရခဲ့တယ်လို့ ပြောနိုင် ပါ့မလား။

ဖြေ။     ။ ဒီအမှု တခုလုံးရဲ့ အနေအထားကို ကြည့်မယ်ဆိုရင်တော့ ပထမ တရားလိုပြသက်သေ ၂၆ ဦးကို စစ်ဆေးတဲ့ အဆင့်မှာ တော့ တရက်ခြား စစ်ဆေးပါတယ်။ ဆရာတော်ကို စွဲချက်တင်ပြီးတဲ့နောက်မှာတော့ နေ့စဉ်ရက်ဆက် စစ်ဆေးတဲ့ အနေအထားကို ကျမ ကြုံခဲ့ရပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ တောက်လျှောက်ကြီးပဲ စစ်တာပါ။ ဒီလို စစ်နေတဲ့ ရုံးချိန်း ၆ ချိန်း လောက် ကျော်ပြီး နောက်ပိုင်းမှာမှ ကြားမှာ ၁၅ မိနစ် နားခွင့်ပေးခဲ့ပါတယ်။ အဲဒီလို အနေအထားမျိုးမှာ ကျမတို့ဘက်က အမှု အတွက် ပြင်ဆင်ချိန် လုံလောက်မှု ရှိတယ်၊ မရှိတယ်ဆိုတာကို ပြောစရာမလိုဘဲနဲ့ ဘယ်သူမဆို ချင့်ချိန်ပြီး သုံးသပ်နိုင်တယ်လို့ပဲ ကျမ ပြောချင်ပါတယ်။