“လွှတ်တော်ထဲမှာ ကျနော်တို့ လွှမ်းမိုးနိုင်မယ်”

ရန်ကုန် အခြေစိုက် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ကို ဦးသုဝေက ၂၀၀၉ ခုနှစ် စက်တင်ဘာလ အတွင်း၌ ယခင် ပါလီမန် ဒီမိုကရေစီ ခေတ်က ၀န်ကြီးချုပ်များ ဖြစ်ခဲ့သည့် ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့၏ သမီးများဖြစ်သော ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေ တို့ ဖြင့် ဖွဲ့စည်းခဲ့သည်။

Thu-Wai-chairman-of-the-Democratic-Partyယခုအခါ စစ်အစိုးရက ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာထားသည့်အတွက် ရွေးကောက်ပွဲ ဝင်မည့် ပါတီများ အနေနှင့် စည်းရုံးရေးဆင်း၊ မဲဆွယ်လှုပ်ရှားမှုများ ပြုလုပ်နေသည့် အချိန်ဖြစ်သည်။

ထို့ကြောင့် စည်းရုံးမဲဆွယ်လှုပ်ရှားမှုတွင် ကြုံရသည့် အခက်အခဲနှင့် အားသာချက်၊ အားနည်းချက်များ အပါအဝင် ရွေးကောက် ပွဲလွန်ကာလ လွှတ်တော်ထဲ၌ ကြုံတွေ့နိုင်မည့် အခြေအနေအရပ်ရပ် တို့နှင့် ပတ်သက်၍ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေအား ဧရာဝတီသတင်းထောက် ခင်ဦးသာက ဆက်သွယ်မေးမြန်း ထားပါသည်။

ဦးသုဝေသည် လွန်ခဲ့သော ၁၉၉၀ ပြည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်လည်း ဒီမိုကရေစီ ပါတီ အမည်ဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်သည်။

မေး။     ။ ရွေးကောက်ပွဲ ကျင်းပဖို့ တလတောင် မလိုတော့ဘူးဆိုတော့ ဦးသုဝေတို့ ပါတီရဲ့ လက်ရှိအခြေအနေက ဘယ်လို ရှိပါသလဲ။

ဖြေ။     ။ အချိန်က သိပ်လည်း မကျန်တော့ဘူးလေ။ အဲဒီတော့ ရွေးကောက်ပွဲ ပါတီကိုယ်စားလှယ်တွေက ၀င်ပြိုင်မယ့် နေရာတွေမှာ စည်းရုံးရေးဆင်းနေကြပါပြီ။ ကျနော်က မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်က ၀င်မယ်ဆိုတော့ ကိုယ်တိုင်ဆင်းပြီး စည်းရုံးရေးဆင်းနေတာ ၄ ကြိမ်ရှိပါပြီ။ အားတဲ့ရက်တွေတော့ တခြားမြို့နယ်တွေကို သွားပါတယ်။ အားရစရာကောင်းပါတယ်။ အစပိုင်းမှာ ကြောက်ကြပေမယ့် အခုတော့ ကျနော်တို့ပါတီကို အတော်လေး အားပေးလာတယ်။

တနေ့ကဆိုရင် ကျနော်နဲ့ပြိုင်မယ့် ၀န်ကြီးဦးအောင်ကြည်ဆိုရင် ကျနော်နဲ့ လမ်း ဟိုဘက် ဒီဘက် စည်းရုံးကြပါတယ်။
အဲဒီလိုပြိုင်လုပ်တာ ပိုကောင်းပါတယ်။ ၂ ခု ပြိုင်တော့ကျနော်တို့ကို ပိုအားပေးတာ တွေ့ရတယ်။ တခြားမြို့နယ်တွေက တင်ပြချက်တွေအရ ဒီအနေအထားနဲ့ပြောရရင် အတော်အားရစရာ ကောင်းပါတယ်။

မေး။     ။ ဦးသုဝေတို့ ပါတီနဲ့ ပြိုင်မယ့် အဓိက ပါတီဖြစ်တဲ့ ကြံ့ဖွံ့ပါတီက ငွေအင်အား၊ လူအင်အားတွေကို ပုံအောပြီး သုံးနေတော့ သူတို့မှာ ဘာအားသာချက်တွေ ရှိနိုင်မလဲ။

ဖြေ။     ။ ဒါကတော့ သူတို့က အာဏာရှိတယ်၊ ငွေရှိတယ်။ ဥပမာ- ဆိုရင်၊ ကျနော်နဲ့ပြိုင်မယ့် ၀န်ကြီးဦးအောင်ကြည်ဆိုရင်
ရပ်ကွက်ထဲတွေသွားတယ်၊ ဓမ္မာရုံတွေသွားတယ်၊ လမ်းဖောက်ပေးတယ်၊ ကျောင်းတွေဆောက်ပေးတယ်၊ အခုမှပဲ ဆောက်ပေး တာပေါ့နော်။ အဲဒါအပြင် အစ္စလမ်ဘာသာဝင်တွေများတော့ ဗလီတွေကိုသွားတယ်၊ အခွင့်အရေးတွေပေးတယ်၊ အခွင့်အရေးပေးတာတော့ ကြိုက်ကြတာပေါ့။ သူပြောတာကို ကြိုက်တဲ့လူလည်းရှိတယ်၊ မထောက်ခံတဲ့လူလည်းရှိတယ်။

ဒါပေမယ့် နောက်နေ့မှာ ကျနော်တို့သွားတဲ့အခါကျတော့ ကျနော်တို့ကို ပိုအားပေးကြတယ်။ ဘာကြောင့်လဲဆိုတော့
ကြံ့ခိုင်ရေးက အခု လတ်တလော လုပ်ပေးနေပေမယ့် အရင်က ခံထားရတာတွေများတဲ့ အတွက်လို့ ပြောကြတယ်။

မေး။     ။ ပြီးခဲ့တဲ့ တပတ်ကျော်က ဒီမိုကရက်တစ်ပါတီတချို့နဲ့ တိုင်းရင်းသားပါတီ တချို့ မဟာမိတ်ဖွဲ့လိုက်ကြတယ်။ အဲဒီအထဲမှာ ဦးသုဝေတို့ပါတီက ဘာကြောင့်မပါတာလဲ။

ဖြေ။     ။ ဒီမဟာမိတ် ၆ ပါတီက အားလုံးဟာ ကျနော်တို့ရဲ့ မဟာမိတ်တွေပါပဲ။ အတူလုပ်သွားကြဖို့လဲ သဘောတူ ထားပြီးသားပါ။ အဓိက မပါရတာကတော့ အထူးသဖြင့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပေါ့။ တချို့နေရာတွေမှာ သူတို့နဲ့ပြိုင်ရမယ့် ဟာတွေ ရှိတယ်။ ဒီတော့ မဟာမိတ်လို့လည်း ပြောတယ်၊ ပြိုင်လဲပြိုင်တယ်ဆိုတော့ ပြည်သူတွေေ၀၀ါးသွားမှာ စိုးလို့ပါ။ မဲပေးတဲ့အခါ ပေးချင်တဲ့လူပေး၊ ရွေးကောက်ပွဲ ပြီးသွားရင်တော့ ပြန်ညှိလုပ်သွားကြမှာပါ။ အားလုံးဟာ ကျနော်တို့ရဲ့ မဟာမိတ်တွေပါ။

မေး။     ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအ၀င် သူတို့ရဲ့မိတ်ဆွေ အတိုက်အခံပါတီတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံကို  အယုံအကြည် မရှိဆိုပြီးတော့ သပိတ်မှောက်တဲ့ သူတွေနဲ့ အတိုက်အခံပါတီအချင်းချင်း အမြင် မတူညီကြတဲ့ အနေအထားမှာ ရွေးကောက်ပွဲကို ဖြတ်သန်းရမယ်ဆိုတော့ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။

ဖြေ။     ။ NLD ဆိုတာလဲ ကျနော်တို့နဲ့ မိတ်ဆွေတွေပဲလေ၊ ရင်းနှီးတယ်၊ သူတို့လုပ်တဲ့ အခမ်းအနားတွေ ကျနော် အမြဲသွားတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးပြောရရင် ဒါတွေက ကိုယ့်ပါတီတွေရဲ့အယူအဆတွေပဲလေ။ ဒီတော့ ဘယ်သူမှားတယ်၊ မှန်တယ်ပြောလို့မရပါဘူး။ သူတို့ရဲ့ ဆုံးဖြတ်ချက်လည်း ကျနော်တို့ လေးစားတာပဲ။ ကျနော်တို့ ဆုံးဖြတ်ချက်လည်း သူတို့လေးစားတယ်။ သီးသန့်မတွေ့ဖြစ်ရင်တောင် ဧည့်ခံပွဲတွေမှာ အမြဲတွေ့ပါတယ်။ လူချင်းလဲ ရင်းနှီးကြပါတယ်။ တယောက်အခြေအနေ တယောက်နားလည် ကြပါတယ်။

မေး။     ။ ဒီမိုကရက်တစ် တချို့က ရွေးကောက်ပွဲကို သပိတ်မှောက်တယ်၊ တချို့က ရွေးကောက်ပွဲ ၀င်တယ်၊ ဒါတွေက အမြင်
မတူတဲ့ အရာတွေကြောင့်လို့ဆိုတယ်။ တူညီတဲ့ လုပ်ငန်းစဉ်တွေကကော ဘာတွေလဲ။

ဖြေ။     ။ တချို့ဟာတွေက မတူပေမယ့် ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီ ရရှိဖို့ဆိုတဲ့ တူညီတဲ့ပန်းတိုင်ပါ။ တိုင်းပြည် ဖွံ့ဖြိုးအောင်လုပ်မယ်၊ တိုးတက်အောင် လုပ်မယ်ဆိုတာ အတူတူပါပဲ။ ဒါပေမယ့် အခြေအနေပေါ် မူတည်ပြီး သွားရာ လမ်းကြောင်း မတူတာလေးတွေတော့ ရှိပါတယ်။ မတူပေမယ့်လည်း အခါအားလျှော်စွာ ပေါင်းလို့ရပါတယ်။

မေး။     ။ ရွေးကောက်ပွဲမှာ စစ်တပ်က ထောက်ခံထားတဲ့ ကြံ့ခိုင်ရေးပါတီက အင်အားကြီးနေသလို ပါတီခေါင်းဆောင်တွေ ဟာလည်း စစ်ဗိုလ်ချုပ် လူထွက်တွေများတယ်။ လွှတ်တော်မှာလည်း စစ်တပ်က ၂၅ ရာခိုင်နှုန်း ယူဦးမယ်ဆိုတော့ လာမယ့်
အစိုးရဟာလည်း စစ်တပ်ကြီးစိုးတဲ့ အစိုးရ ဖြစ်မလာနိုင်ဘူးလား။

ဖြေ။     ။ အခြေခံအားဖြင့်တော့ စစ်တပ်က ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာယူမယ်။ နောက်တခုက ကာကွယ်ရေးဝန်ကြီးတို့၊
ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ဝန်ကြီးတို့ကိုလည်း စစ်တပ်ကပဲ၊ လုံခြုံရေးကောင်စီကလည်းပဲ အချိန်မရွေး အာဏာသိမ်းနိုင်တယ် ဆိုတော့ သူတို့မှာ အခွင့်အရေးတွေ အများကြီး ရှိနေတာပေါ့လေ။ ဒါက တပိုင်းပေါ့နော်။

အခုလည်း ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အနေနဲ့ဝင်ပြိုင်မယ်ဆိုတော့ သူတို့ပိုရဖို့ လုပ်တာပေါ့။ ဒါပေမယ့် တကယ် ပြိုင်တဲ့ အခါမှာတော့ နိုင်မှ ရမှာလေ။ ဒါပေမယ့် ပြည်သူတွေက သူတို့ကို သိပ်မကြိုက်ကြတော့ ပြိုင်မှပဲ သိမှာပေါ့။ ပြည်သူတွေက သူတို့ကို မဲမပေးချင်တာတွေ ရှိတယ်။ သူတို့ကို မဲမပေးရင် ကျနော်တို့က နိုင်မှာပဲလေ။ တချို့နေရာတွေမှာတော့ ကျနော်တို့ ဒီမိုကရက်တစ် အင်အားစုတွေ မပြိုင်နိုင်တဲ့ နေရာတွေမှာ သူတို့က မပြိုင်ဘဲနဲ့ အနိုင်ရမှာပါ။

မေး။     ။ ရွေးကောက်ပွဲ ကျင်းပဖို့ တလပဲ လိုတော့တယ်ဆိုပေမယ့် ကြံခိုင်ရေးပါတီရဲ့ခေါင်းဆောင်တွေဟာ လက်ရှိမှာ ၀န်ကြီးချုပ်၊ ၀န်ကြီး ဆိုတဲ့ ရာထူးတွေယူထားတုန်းပဲ။  နိုင်ငံ့ဝန်ထမ်းက ပါတီဝင် မဖြစ်ရဘူးလို့လည်း ဥပဒေ ပြဌာန်းထား
တယ်။ အဲဒီတော့ ဒီရာထူး၊ အာဏာတွေနဲ့ ရွေးကောက်ပွဲကို ၀င်ပြိုင်ကြမယ်ဆိုတော့ ပြိုင်ရမယ့် အနေအထားတွေက ဘယ်လိုဖြစ်လာ နိုင်မလဲ။

ဖြေ။     ။ ဟုတ်ပါတယ်၊ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေမှာ ပါပါတယ်။ ဒါလည်း သူတို့ရဲ့ဥပဒေပါပဲ။ သူ့တို့ ဥပဒေမှာ ပြည်သူ့ဝန်ထမ်းက ရွေးကောက်ပွဲ မ၀င်ရလို့ပါတယ်။ ၀န်ကြီးဆိုတာလည်း ၀န်ထမ်းပဲလေ။ သူတို့ ဥပဒေကို သူတို့ ချိုးဖောက်တာပေါ့။ အဲဒီဥပဒေ အရဆိုရင် သူတို့က ပါတီလည်း ထောင်လို့မရသလို ရွေးကောက်ပွဲလည်း မ၀င်ရဘူး။ ဒါပေမယ့် ဒီဥပဒေကို အခုချိန်ထိ သူတို့လိုက်နာတာ မတွေ့ရသေးဘူး။

ဒီရာထူးတွေနဲ့ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် ဥပဒေအရ ကျနော်တို့က ထောက်ပြလို့ရတယ်။ ဘယ်လောက်အထိ ထိရောက်မယ်၊ မထိရောက်ဘူး ဆိုတာတော့ သေချာပြောလို့မရဘူးပေါ့။

ဖဆပလ ခေတ်တုန်းက ဥပဒေတွေမှာတော့ ၀န်ကြီးတွေလည်း ၀င်ပြိုင်လို့ရအောင် ပြဌာန်းခဲ့ဖူးတယ်။ ပါတီထောင်လို့ရတယ်။ ဒါက နိုင်ငံရေးရာထူးလေ။ ဒီ ဥပဒေက အခု မရှိတော့ဘူး။ သူတို့လက်ရှိ လုပ်နေတာတွေက ဟိုတုန်းက ဥပဒေနဲ့လုပ်နေတာ။ ဒါပေမယ့် တခြားပါတီတွေက အဲဒီလို ရာထူးတွေနဲ့ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် ဥပဒေ ချိုးဖောက်တယ် ဆိုပြီး အရေးယူ မှာလေ။ ဘာဖြစ်လို့လဲ ဆိုတော့ တရားသူကြီးက သူတို့ပဲလေ။

မေး။     ။ ဦးသုဝေ တခါပြောဖူးတယ်။ ကြံ့ခိုင်ရေးပါတီ မဖြစ်ခင် အသင်းအနေအထားကပေါ့။ စစ်တပ်ဟာ နိုင်ငံရေးကနေ တဖြည်းဖြည်း ဆုတ်ခွာနေပြီ ဆိုပြီးတော့လေ။ ဒါပေမယ့် လက်ရှိမှာက တခြား ဖြစ်နေတော့ ဦးသုဝေ ပြောခဲ့တာ မှားသွားတယ်လို့ မထင်ဘူးလား။

ဖြေ။     ။ ဒီလိုလည်း မဟုတ်ပါဘူး။ ရွေးကောက်ပွဲ လုပ်တယ်ဆိုကတည်းက ဆုတ်တာပါပဲ။ လူထုအပေါ်မှာလည်း မူတည်ပါတယ်။ ပြည်သူ့ပါတီတွေအပေါ် မူတည်ပါတယ်။ စစ်တပ်က ၂၅ ရာခိုင်နှုန်း ယူထားတယ်ဆိုပေမယ့် ပါတီတွေလည်း တကယ်ကြိုးစားမယ်၊ လူထုကလည်း တကယ်အားပေးမယ် ဆိုရင် ၇၅ ရာခိုင်နှုန်း ရနိုင်သေးတာပေါ့။ အဲဒီတော့ ကိုယ့်အပေါ်မှာပဲ မူတည်မှာပေါ့။ ကိုယ်ကများများလုပ်နိုင်ရင် သူတို့က များများဆုတ်မယ်၊ နည်းနည်းလုပ်ရင်တော့ နည်းနည်းပဲ ဆုတ်မှာပေါ့လေ။

မေး။     ။ ၇၅ ရာခိုင်နှုန်း ရနိုင်တယ်ဆိုပေမယ့် အခုက စစ်သားလူထွက်တွေနဲ့ ၂၅ ပေါင်းရင် အရေအတွက်က အရမ်းကွာနေသေးတယ်။ ဒီမိုကရက်တွေ၊ တိုင်းရင်းသားပါတီတွေ အားလုံးပေါင်းက အရမ်းနည်းနေတော့ လွှတ်တော်မှာ နေရာ ရလာနိုင်ပါ့မလား။

ဖြေ။     ။ ဟုတ်ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေကလည်း ကျနော်တို့တွေ အင်အားတခုတော့ရှိပါတယ်။ တကယ်လို့ ကျနော်တို့ နိုင်ခဲ့မယ်ဆိုရင် လွှတ်တော်ထဲမှာ ကျနော်တို့ လွှမ်းမိုးနိုင်မှာပါ။

မေး။     ။ ဦးသုဝေတို့ ကိုယ်စားလှယ်တွေ နိုင်မယ်လို့ မျှော်လင့်ထားပါသလား။

ဖြေ။     ။ လက်ရှိ အနေအထားအရ ဆိုရင် ကျနော်တို့ပါတီကို အားရပါတယ်။ နိုင်မယ်လို့လဲ မျှော်လင့်ထားပါတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်