နိုင်ငံရေးပါတီအားလုံးနဲ့ မိတ်ဆွေဖြစ်ဖို့ မျှော်လင့်တယ်

Saturday, 23 October 2010 16:11 အင်တာဗျူး
Print
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းဇာတိ ဖြစ်သော ဦးစိုင်းအိုက်ပေါင်းသည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တွင် အထွေထွေ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ပြီး လွန်ခဲ့သော ၁၀ နှစ်ခန့်က SNLD မှ နုတ်ထွက်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ ဥက္ကဋ္ဌဖြစ်သည်။ SNDP သည် ကျားဖြူပါတီဟု လူသိများပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် အဓိက ပြိုင်ဘက်အဖြစ် မဲဆွယ်နေသည်။ SNDP ၏ လတ်တလော လှုပ်ရှားမှုများ၊ ကြံ့ဖွံ့ပါတီနှင့် ဆက်ဆံရေး၊ အနာဂတ်နိုင်ငံရေး မျှော်လင့်ချက်များကို ဧရာဝတီ သတင်းထောက် စိုင်းဇွမ်ဆိုင်းက ဦးစိုင်းအိုက်ပေါင်းနှင့် ဆက်သွယ် မေးမြန်းထားပါသည်။

sai ai pao 2မေး ။     ။ ပါတီရဲ့ နာမည်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဆိုတော့ ရှမ်းတိုင်းရင်းသားတွေကိုပဲ ကိုယ်စားပြုတာလား၊ တခြားတိုင်းရင်းသားတွေကိုရော ဘယ်လောက်အထိ ကိုယ်စားပြုမှုရှိလဲ။

ဖြေ ။     ။ ကျနော်တို့ပါတီက ရှမ်းတိုင်းရင်းသား တမျိုးတည်းကိုပဲ ကိုယ်စားပြုတယ်လို့ မဆိုလိုဘူးဗျ။ ရှမ်းပြည်နယ်ထဲမှာ နေထိုင်ကြတဲ့ မျိုးနွယ်စုတွေ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲမှာ ရှိတဲ့ ရှမ်းမျိုးနွယ်စုအားလုံးကို ကိုယ်စားပြုပါတယ်။

မေး ။     ။ ရွေးကောက်ပွဲမှာ သေချာပေါက် အနိုင်ရမယ့် နေရာတွေကို မျှော်မှန်းထားတာမျိုး ရှိလား။

ဖြေ ။     ။ ကျနော်တို့ဝင်ပြိုင်မယ့် နေရာတွေရဲ့ ၇၀ နဲ့ ၈၀ ရာခိုင်နှုန်းအကြား အနိုင်ရမယ်လို့ ခန့်မှန်းထားပါတယ်။ ကျနော်တို့ ရှမ်းလူမျိုးတွေ အများစုရှိတဲ့နေရာက ကျနော်တို့ အနိုင်ရမယ့်နေရာပဲလို့ ယုံကြည်ထားပါတယ်။

မေး ။     ။ လက်ရှိအခြေအနေမှာ SNDP စည်းရုံးရေးဆင်းတာတွေက တော်တော်ခရီးရောက်နေတယ်လို့ ပြောကြတယ်။ အဲဒီလိုမျိုးဖြစ်လာဖို့ ဘယ်လို အရင်းအနှီးမျိုး စိုက်ထုတ်ခဲ့ရလဲ၊ ဘယ်လိုမျိုး တွန်းအားတွေ ရခဲ့လဲ။

ဖြေ ။     ။ အဓိက ကတော့ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုပါပဲ။ သူတို့ဆီက ဘာမှမရဘဲနဲ့ ကျနော်တို့ အခုလိုမျိုး ဖြစ်လာစရာ အကြောင်းမရှိပါဘူး၊ လူထုရဲ့ လက်ခုပ်သံတွေက ကျနော်တို့အတွက် ဆေးတမျိုးပါပဲ။

မေး ။     ။ အခု စည်းရုံးရေးဆင်းတဲ့ ကာလမှာရော အဓိက ပြိုင်ဘက်ဖြစ်နေတာက ဘယ်ပါတီလဲ။

ဖြေ ။     ။ ကျနော်တို့ အဓိက ယှဉ်ပြိုင်ရမှာကတော့ အားလုံးသိတဲ့အတိုင်း ပြည်ခိုင်ဖြိုး ပါတီပေါ့။

မေး ။     ။ SNDP ပါတီက ကြံ့ဖွံ့ပါတီနဲ့ လျှို့ဝှက်တဲ့ ပတ်သက်မှုတွေရှိနေတယ်လို့ ပြောကြတဲ့သူတွေလည်း ရှိတယ်၊ အဲဒီအပေါ်မှာ ဘယ်လို ပြောချင်လဲ။

ဖြေ ။     ။ အရင်ဆုံးပြောချင်တာက ကျနော်တို့ ကျားဖြူပါတီဆိုတာ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်တဲ့ ပါတီဖြစ်တယ်။ နောင်ဖြစ်ပေါ်လာမယ့် ပြည်ထောင်စု အစိုးရလက်ထက်မှာ နိုင်ငံ၊ လူထု အကျိုးအတွက်ဆိုရင် အားလုံးက မိတ်ဆွေလုပ်ရမယ်၊ ပူးပေါင်းကြရမယ်။ ကျဉ်းမြောင်းတဲ့စိတ်ဓာတ် ထားလို့မရတော့ဘူး၊ ပြည်သူ့အတွက် လုပ်ဆောင်တဲ့နေရာမှာ တဦးနဲ့တဦး တဖွဲ့နဲ့တဖွဲ့အကြား Transparency ရှိရမယ်၊ ပွင့်လင်းရမယ်။ အားလုံးက ပြည်သူ့မျက်နှာ တခုတည်းကိုပဲ ကြည့်ပြီး လုပ်ဆောင်ကြရတော့မယ်။ ကျနော်တို့မှာ ရန်သူဆိုတာ မရှိချင်ဘူး၊ တိုင်းရင်းသား ညီအစ်ကိုအားလုံး၊ နိုင်ငံရေးပါတီအားလုံးနဲ့ မိတ်ဆွေဖြစ်ဖို့ မျှော်လင့်တယ်။ ဒါမှပဲ နိုင်ငံရေးလုပ်တယ်။ ပြည်သူ့အတွက် လုပ်တယ်ဆိုတာတွေက အဓိပ္ပာယ် ရှိတော့မှာပေါ့။ ကျဉ်းမြောင်းတဲ့ စိတ်ဓာတ်ထားလို့ မရတော့ဘူးဗျ။

မေး ။     ။ မျှော်လင့်ထားတဲ့အတိုင်း ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေ၊ စီမံကိန်းတွေအတွက်ရော ဘယ်လိုစီစဉ်ထားတာမျိုးရှိလဲ။

ဖြေ ။     ။ ပြည်ထောင်စုသား အားလုံးကတော့ ငြိမ်းချမ်းရေးကို လိုချင်ကြတယ်။ ငြိမ်းချမ်းရေးရမှ ပြည်တွင်း တည်ငြိမ်မယ်၊ တည်ငြိမ်မှပဲ ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လို့ရမယ်လေ။ ရှမ်းပြည် တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေဆီကို ကျနော်တို့ ခရီးထွက်ခဲ့တယ်။ အဲဒီမှာ ကျနော်တို့ ရှမ်းပြည်ကြီး ဘာတွေလိုအပ်နေလဲဆိုတာ ပိုတွေ့လာရတယ်။ ရှမ်းပြည်မြောက်ပိုင်းက တောင်ပိုင်းတို့ အရှေ့ပိုင်းတို့နဲ့ စာရင် လမ်းပန်းဆက်သွယ်ရေး ကောင်းတော့ ပိုပြီး ဖွံ့ဖြိုးတဲ့ ပုံစံမျိုးဖြစ်နေတယ်။ တရုတ်ပြည်နဲ့ ဆက်စပ်နေတော့ အရောင်းအဝယ်တွေ ဘာတွေနဲ့ ဖွံ့ဖြိုးတယ်လို့ ပြောလို့ရတယ်။ တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့အတွက် အရင်ဆုံးလုပ်ရမှာက လမ်းပန်းဆက်သွယ်ရေးပဲဗျ။ ဒါပေမယ့် တခြားကဏ္ဍတွေနဲ့ရော တပြိုင်တည်း လုပ်ဆောင်ရမှာပဲ။ ကျနော်တို့ နိုင်ငံက စိုက်ပျိုးရေးကို အခြေခံထားတဲ့ စီးပွားရေးရှိတော့ စိုက်ပျိုးရေးရော၊ ကျန်းမာရေးရော၊ ပညာရေးကဏ္ဍတွေကိုရော လုပ်ဆောင်သွားဖို့တွေရှိပါတယ်။ ပညာရေးဆိုရင်လည်း အဆင့်အတန်းတခုရှိမယ့် ပညာရေးစနစ်ကို ကျနော်တို့ စဉ်းစားရမယ်။

မေး ။     ။ တရုတ်နိုင်ငံကို ရောင်းချမယ့် ဓာတ်ငွေ့ပိုက်လိုင်းက ရှမ်းပြည်မြောက်ပိုင်းကို ဖြတ်သွားမှာဖြစ်တဲ့အတွက် အဲဒီ စီမံကိန်းကြောင့် ဒေသခံတွေရဲ့ လယ်မြေတွေ အသိမ်းခံရမှုတွေရှိတယ်လို့ အဖွဲ့အစည်းတွေက အစီရင်ခံစာတွေ ထုတ်ပြန်ကြတယ်။ အဲဒီလိုမျိုး ကိစ္စတွေကိုရော ဘယ်လိုကိုင်တွယ်သွားမလဲ။

ဖြေ ။     ။ ဒါတွေက အစိုးရရဲ့ နိုင်ငံတော်စီမံကိန်းဆိုတော့ ကျနော်တို့လည်း ဘာမှ မပြောသာဘူးပေါ့၊ ဒါပေမယ့် တကယ်လိုအပ်လာပြီဆိုရင် ကျနော်တို့က ပြည်သူလူထုနဲ့ ပြည်ထောင်စုအစိုးရအကြားမှာနေပြီး သူတို့ရဲ့ အခက်အခဲတွေကို ဆွေးနွေးတင်ပြသွားရမယ်။

မေး ။     ။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ငြင်းဆန်နေဆဲ့ဖြစ်တဲ့ အပစ်ရပ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ကိစ္စကိုရော ဘယ်လိုထင်မြင်ပါသလဲ။

ဖြေ ။     ။ ကျနော်တို့ အားလုံးက ငြိမ်းချမ်းရေးလိုလားကြတဲ့သူတွေချည်းပဲလေး။ သူတို့ကို ဘယ်သူ့အတွက် တိုက်နေတာလဲ လို့သွားမေးမယ်ဆိုရင် လူမျိုးအတွက် တိုက်တယ်၊ ပြည်နယ်အတွက် တိုက်တယ်၊ ငြိမ်းချမ်းရေးအတွက် တိုက်တယ်လို့ ပြန်ဖြေကြမှာပဲ။ ရည်မှန်းချက်ချင်း တူညီတဲ့ ညီအစ်ကိုတွေပဲလေ ဘာလို့ မဆွေးနွေးနိုင်ရမှာလဲ။ ဆွေးနွေးမယ်၊ တိုင်ပင်မယ်၊ ညှိနှိုင်းမယ်ဆိုရင် အဖြေမရစရာ အကြောင်းမရှိဘူးလို့တော့ ကျနော်တို့ ယုံကြည်ပါတယ်။ သူတို့ဘက်ကလည်း ကျနော်တို့အပေါ်ကို ညီအကိုစိတ်ထားမယ်၊ လက်ခံတွေ့ဆုံပြီး ဆွေးနွေးမယ်လို့လည်း ယုံကြည်ပါတယ်။

မေး ။     ။ လက်ရှိ ရွေးကောက်ပွဲအကြိုကာလမှာ ပါတီအနေနဲ့ ဘယ်လို အခက်အခဲမျိုး ကြုံရတာရှိလဲ။

ဖြေ ။     ။ အခက်အခဲ ကြီးကြီးမားမား ကြုံရတာမျိုးမရှိပါဘူး။ မြို့နယ် သို့မဟုတ် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ကို တပတ်ကြိုတင်ပြီး စည်းရုံးရေးဆင်းခွင့် လျှောက်ထားတယ်။ ကျပြီဆိုတာနဲ့ စည်းရုံးရေးဆင်းတာပေါ့။ ဒီလောက်ပါပဲ။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့နေရာကိုသွားပြီး စည်းရုံးရေးဆင်းတာကတော့ အခက်အခဲ နည်းနည်းရှိတာပေါ့။

တချို့နေရာတွေမှာတော့ အာဏာပိုင်တွေဘက်က သူတို့ရဲ့ တာဝန်အတိုင်း စောင့်ကြည့်တာမျိုးတွေတော့ရှိတာပေါ့။ ပြဿနာ ကြီးကြီးမားမား မရှိပါဘူး။

မေး ။     ။ ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ လူငယ်တွေပါတယ်၊ အမျိုးသမီးတွေပါတယ်၊ သူတို့ရဲ့ လုပ်ဆောင်မှု တွေကိုရော ဘယ်လောက်အထိ မျှော်လင့်ထားလဲ။

ဖြေ ။     ။ အသက်ငယ်တဲ့သူတွေကလည်း ပညာတတ်တွေချည်းပါ။ ဆရာဝန်တွေ၊ ရှေ့နေတွေဖြစ်ကြပါတယ်။ ကျနော်တို့ပါတီမှာဆိုရင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ၉ ဦးရှိတယ်။ အသက်အရွယ်အားဖြင့်တော့ အငယ်ဆုံး ၂၆ နှစ်ကနေ ၇၇ နှစ်အရွယ်အထိ ရှိတယ်။ အရွယ်သုံးပါးလုံး ပါဝင်တာပေါ့ဗျာ။ ဒီလူငယ် ကိုယ်စားလှယ်လောင်းတွေ၊ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ အနိုင်ရလာရင်လည်း ပါတီရဲ့ ဦးဆောင်မှုအောက်မှာပဲ ရှိဦးမှာပဲလေ။ ဒါပေမယ့် သူတို့တွေအနေနဲ့ အပြုသဘောဆောင်တဲ့ အတိုင်းအတာတခုအထိ လုပ်ဆောင်ကြလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထား ပြီးသားပါ။     ။