
မေး။ ။ NDF ပါတီရဲ့ မဲရုံကိုယ်စားလှယ်လုပ်ဖို့ ဘယ်လို စိတ်ကူးရသွားတာလဲ။
ဖြေ။ ။ အဓိက ကျနော်တို့ နိုင်ငံအတွက် အလုပ်လုပ်နေတဲ့ လူတွေရှိပါတယ်။ တချို့တွေကျတော့လည်း နိုင်ငံအတွက် အလုပ်လုပ်ချင်လို့ ဘေးနားကနေ အကြာကြီး ထိုင်စောင့်နေတဲ့ လူတွေရှိတယ်။ နိုင်ငံရေး လုပ်တယ်ဆိုတာ တချို့တော်တော်များများက ထင်တာ အတိုက်အခံလုပ်မှ နိုင်ငံရေးလုပ်တယ်လို့ ထင်နေတယ်။ တကယ်တော့ နိုင်ငံ့ အရေးကိစ္စအတွက် တခုခုလုပ်ခွင့်ရှိမှ နိုင်ငံရေး လုပ်တယ်ခေါ်တာပါ။ ပန်းချီဆရာဆိုတာ ပန်းချီဆွဲခွင့်ရှိရမယ်။ ကဗျာဆရာဆို ကဗျာစပ်ခွင့်ရှိရမယ်။ နိုင်ငံရေး သမားလည်း နိုင်ငံရေးလုပ်ခွင့်ရှိရမယ်။ ကျနော်တို့က နိုင်ငံရေးလုပ်ချင်တဲ့လူတွေကို အဓိက ကူညီပေးချင်တာပါ။ လူအင်အား ဖြည့်ပေးတဲ့ သဘောပေါ့။ အခုလောလောဆယ် NDF ပါတီရဲ့ သင်္ဃန်းကျွန်းမြို့နယ် မဲရုံ ကိုယ်စားလှယ်ပေါ့။
မေး။ ။ လာမယ့်ရွေးကောက်ပွဲ အပြီးမှာ နိုင်ငံသားတယောက်အနေနဲ့ ဘာတွေ ဖြစ်စေချင်လဲ။
ဖြေ။ ။ ပြည်သူ့ စကားနားထောင်မယ့် လွှတ်တော် ပေါ်လာစေချင်တယ်။ နားထောင်ပေးမယ့်သူ ကောင်းကောင်းလိုပါတယ်။
မေး။ ။ နိုင်ငံရေး ဆိုတဲ့အသံကြားရင် မြန်မာပြည်သူလူထုက ကြောက်နေကြတော့ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ လူတွေကြောက်တတ်တာကို အပြစ်မပြောပါဘူး။ ကြောက်တတ်တာ တခုပဲ တတ်ရင်တော့ မကောင်းဘူး။ ကျန်တဲ့ ကိစ္စတွေလည်း လုပ်တတ်ရမယ်။ ပြည်သူ ပီသတတ်ရမယ်။ ပြည်သူလူထု အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စမှာ အရမ်း ကြောက်နေရင်တော့ မဖြစ်ဘူး ထင်တယ်။ NDF မှာ တကယ် ခေါင်းဆောင်လုပ်နေတဲ့ လူတွေဆို အသက် တော်တော် ကြီးနေပါပြီ။ သူတို့တွေတောင် သတ္တိရှိရင် လူငယ်တွေ သတ္တိမရှိဘူးဆို ရာဇ၀င် ရိုင်းသွားမှာပေါ့။
မေး။ ။ NDF ပါတီဝင်ထားတယ်ဆိုတော့ လွှတ်တော်အမတ် အဖြစ် အရွေးခံဖို့ ရည်ရွယ်ချက်ကော ရှိလား။
ဖြေ။ ။ နောက် ၅ နှစ်ကျရင် လွှတ်တော်အမတ် ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။ ကျနော့်အနေနဲ့ကတော့ သိစရာတွေ အများကြီး ကျန်သေးတော့၊ သိသင့်တာတွေ အများကြီး ရှိသေးတော့ လက်တွေ့ လုပ်ငန်း တွေထဲမှာ ၀င်လုပ်ပြီး သင်ယူသွားမယ်။ လောလောဆယ် စေတနာပဲရှိတယ်။ ကောင်းအောင်လုပ်မယ်ဆိုပေမယ့် ဘယ်လို လုပ်ရမယ်ဆိုတာ ပြတ်ပြတ်သားသား သိဖို့လိုတယ်။ အဓိက ကျနော်မြင်တာက နိုင်ငံရေးဆိုတာ နိုင်ငံတော်အတွက် အသုံးဝင်မယ့် အလုပ်တခု လုပ်တာ နိုင်ငံရေးလုပ်တာပဲ။ သီချင်းဆိုတာက အစ နိုင်ငံရေးလို့ မြင်ပါတယ်။
လွှတ်တော်အမတ် ဘာကြောင့် လုပ်ချင်တာလဲဆိုတော့ အဓိက ပညာရေးကဏ္ဍကို လုပ်ချင်လို့ပါ။ ဒီကဏ္ဍကို ပြောင်းချင်တယ်။ အခုလည်း စာရေးနေတယ်။ လုပ်ချင်တဲ့ ပညာရေးစနစ်ကိုပုံစံကို ရေးပြီး ထုတ်သွားဖို့လည်း ရှိတယ်။ လွှတ်တော် အမတ် ဖြစ်ပြီဆိုရင် ပိုပြီး ဒီအတွက် လုပ်ခွင့်ရမယ်လေ။
မေး။ ။ နိုင်ငံရေးလှုပ်ရှားခဲ့တဲ့ လူငယ်တွေ၊ အဆိုတော်ထဲမှာ ဆိုလည်း ကိုဇေယျာသော်တို့လို လူငယ်တွေ အကျဉ်းကျခံနေ ရတဲ့အချိန်မှာ လုပ်တဲ့ ရွေးကောက်ပွဲ အပေါ် ဘယ်လိုမြင်လဲ။
ဖြေ။ ။ ရွေးကောက်ပွဲ ပြီးသွားရင် အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ ကျနော့်အစ်ကိုတွေအတွက် တခုခုအပြောင်းအလဲ ဖြစ်လာမယ်၊ မျှော်လင့်ချက်တွေ ရှိလာမယ်လို့ မြင်ပါတယ်။
မေး။ ။ နိုင်ငံရေးပါတီတွေ အများကြီးရှိတဲ့အထဲက ဘာကြောင့် NDF ကို ကူညီတာလဲ။
ဖြေ။ ။ ကျန်တဲ့ ပါတီတွေက တည်ထောင်ထားတာလည်း ကြာပြီ။ အရမ်းကို ခိုင်မာနေပြီ။ လွှတ်တော်ထဲမှာ မျှတဖို့ဆိုတာ အင်အားနည်းနေတဲ့ ပါတီဘက်ကို ဖြည့်တင်းပေးဖို့ လိုတယ်လို့ထင်တယ်။ ဒါကြောင့် NDF မှာ လုပ်ဖြစ်တာ။
မေး။ ။ လက်ရှိ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲထည့်ချင်တဲ့ လူတွေရှိသလို မဲမပေးဘူး ဆိုတဲ့သူတွေလည်းရှိတယ် ဒီအပေါ်မှာ ရသ အနေနဲ့ ဘာပြောချင်လဲ။
ဖြေ။ ။ စကားပုံတခု ရှိတယ်၊ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုတာပဲ ပြောချင်ပါတယ်။ ။
< Prev | Next > |
---|