
ရုပ်ရှင် သရုပ်ဆောင် ကျော်သူသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် နာရေးကူညီမှု အသင်းကို စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် ဦးစီးတည်ထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် မတ်လတွင် သုခ ကုသိုလ်ဖြစ် ဆေးခန်းကိုပါ တိုးချဲ့ ဖွင့်လှစ် ၍ လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေသူ တဦးဖြစ်သည်။
၂၀၀၈ ခုနှစ်မေလက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်း နောက်ပိုင်းတွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒုက္ခသည်များကို ပြည်တွင်း၊ ပြည်ပမှ လှူဒါန်း ထောက်ပံ့မှုများယူ၍ ကူညီခဲ့သည်။ ဦးကျော်သူ သည် ယခုနှစ် ဧပြီလ အတွင်းက မြန်မာပြည် အ တွင်း လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူတို့ကို ပြည်ပရောက် မြန်မာများက ချီးမြှင့်သည့် ပထမအကြိမ် “ပြည်သူ့ ဂုဏ်ရည်” ဆု ရရှိခဲ့သူ ဖြစ်သည်။
သရုပ်ဆောင် ကျော်သူကို စစ်အစိုးရက ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းမှ စတင်၍ အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့် ပိတ်ပင်ထားခဲ့သည်မှာ ၃ နှစ်ခန့် ရှိပြီဖြစ်သည်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ပန်းချီကားအမှတ်တရ ပေးတယ်လို့ သိရပါတယ်။ ဘယ်တုန်းက ဆွဲထားတာပါလဲ။
ဖြေ။ ။ ဟုတ်ပါတယ်။ ပန်းချီကားက ဆွဲထားတာ ၈ လ ၉ လ လောက်ရှိပြီ။
မေး။ ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ဆွဲဖြစ်တာလဲ။ အစကတည်းက ပေးဖို့ဆိုပြီးရည်ရွယ်ဆွဲခဲ့တာပါလား။
ဖြေ။ ။ ကျနော်က လူမှုရေးလည်းလုပ်ပြီး ကိုယ်တတ်တဲ့ ပန်းချီကားလေးလည်း ဆွဲတာပေါ့။ ဆွဲတဲ့အခါ လူမှုရေးအတွက် ပေး ဆပ်နေတဲ့လူတွေ လိုက်ကြည့်ဖြစ်တယ်။ အနုပညာ လောကထဲမှာမှ မဟုတ်ဘူး။ တခြား နယ်ပယ်တွေထဲကလည်း ကိုယ်ကျိုး စွန့်ပြီး လုပ်နေတဲ့ လူတွေရှိတယ်။ ကျနော်ဆို အနုပညာ အလုပ်ကိုပဲ အပိတ်ခံရတာ။ ကျန်တဲ့ လူမှုရေး လုပ်လို့ရ သေးတယ်။ အခု ကျနော် တို့လုပ်နေတာ ထောင်ထဲရောက်နေတဲ့ လူတွေရဲ့ မြူမှုန်တမှုန် ပဲရှိတယ်။ ။ ဒါကြောင့် အနုပညာနဲ့ ပြန်ပြီး တခုခု လုပ်မယ်ဆိုပြီး စိတ်ကူးလေးနဲ့ အမေစု ပန်းချီကားကိုဆွဲဖြစ်ခဲ့တာ။ ပထမတော့ ကျနော်ကတော့ အိမ်မှာထားဖို့ ဆွဲတာ။ အခု အမေစု လည်း လွတ်လာပြီ ဆိုတော့ ၀မ်းသာအားရနဲ့ ဆွဲထားတဲ့အနုပညာကို အမေစုကို သွားပြီး ပေးလိုက်တာ။
မေး။ ။ ပန်းချီကားမှာပါတဲ့ ရုပ်ပုံတွေရဲ့ အဓိပ္ပာယ်ကို ရှင်းပြပေးပါဦး။
ဖြေ။ ။ ပစ်တိုင်းထောင် ရုပ်မှာ အမေစု ပုံကို ဆွဲထားတာပေါ့။ အဓိက အမေစုကလည်း ပစ်တိုင်းထောင် ရုပ်လိုပဲ ဘယ်လို လှဲလှဲ မလဲဘူး ဆိုတဲ့သဘောနဲ့ တင်စားပြီး ဆွဲထားတာပါ။ နောက် ပစ်တိုင်းထောင် ရုပ်တရုပ် မျက်နှာမှာတော့ ဗိုလ်ချုပ်အောင် ဆန်း ကို ထည့်ထားတာပါ။ ဒီနောက်မှာတော့ ဇီးကွက် ၂ ခု ကို ထည့်ဆွဲထားတယ်။ ဒီ ဇီးကွက်က ဘာကို ဆိုလိုချင်တာလဲ ဆိုတော့ အသိဉာဏ်ပညာကြီးမားတဲ့ သဘောကို ဆိုချင်တာပါ။ ပစ်တိုင်းထောင်ရုပ် အောက်ကို သေချာကြည့်ရင် မြန်မာပြည် မြေပုံရယ်၊ မြန်မာ ပြည်သူလူထု လက်သီး လက်မောင်း တန်းနေတာ၊ လက်တွေ မြှောက်နေတဲ့ဟာတွေ ပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အပေါ်မှာ ဘယ်လိုခံစားရလဲ။
ဖြေ။ ။ ကျနော်တို့ ဘ၀အတွက်ရော ပြည်သူလူထု ဘ၀ အတွက်ရော နွေးထွေးမှု တခုရသွားပြီ။ ရှေ့ဆက်လျှောက်ရမယ့် လမ်း မပျောက်ချင်ဘူး။ လမ်းရှိပါလျက်နဲ့ လမ်းမလျှောက်ဝံ့တဲ့ ဘ၀ကို မရောက်ချင်ဘူး။ အခု အမေစုကနေ ဦးဆောင်လမ်း ညွှန်ပြနိုင်တော့ မှာပေါ့။ ဒီအတွက် အတိုင်းမသိပျော်ရွှင်တယ်။ ဒါပေမယ့် ပျော်နေလို့တော့ မပြီးဘူးပေါ့။ အမေစု လမ်းညွှန်တဲ့ အတိုင်းဆက် လျှောက်ဖို့ အရေးကြီးတယ်။
မေး။ ။ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ မျှော်လင့်လဲ။
ဖြေ။ ။ ဒါကတော့ အားလုံးအပေါ် မူတည်တယ်။ ပြည်သူလူထုရော၊ တိုင်းရင်းသားတွေ အားလုံးက ညီညီညွတ်ညွတ်နဲ့ လိုချင် တဲ့ ပန်းတိုင် ငြိမ်းချမ်းမှု ရဖို့ ။ လက်တွဲမဖြုတ် လုပ်မယ်ဆို ပြောင်းလဲမှုတွေရမယ်လို့ ကျနော်ယုံကြည်တယ်။ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်တယ်။ လူ့ အခွင့်အရေး အပြည့်အ၀ ရစေချင်တယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က ပြောင်းလဲမှုလုပ်နိုင်မယ်လို့ ယုံကြည်လား။
ဖြေ။ ။ ယုံကြည်တယ်။ သူကိုယ်တိုင်လည်း လုပ်လည်း လုပ်မှာပဲ။ လုပ်လည်း လုပ်နေတယ်။
< Prev | Next > |
---|