အောင်မြင်ကြီးပွားခြင်းနဲ့ စိတ်အင်အားမှာ ၀င်စားသူ

Saturday, 26 February 2011 15:05 အင်တာဗျူး
Print
အောင်မြင်ကြီးပွား တိုးတက်လိုသူများ ရှောင်ရန် ဆောင်ရန်၊ နက္ခတ္တ၊ ဝေဒ ပညာ အပါအ၀င် လောကီ လောကုတ္တရာ သိပ္ပံ ၀ိဇ္ဇာ ပညာရပ်များကို လေ့လာ ဟောပြောနေသည့် ဆရာ စံဇာဏီဘိုအား လောကီပညာရပ်များနှင့် ယခုခေတ် ယုံကြည်မှုများအကြောင်း ဧရာဝတီက ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

san_zarni_boစံဇာဏီဘိုသည် မြန်မာနိုင်ငံ၏ နာမည်ကျော် နက္ခတ္တဗေဒနှင့် လက္ခဏာပညာရှင်တဦး ဖြစ်သည်။ ၎င်းသည် ၁၉၉၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ဂ်ျ တက္ကသိုလ်ရှိ နိုင်ငံတကာ လူပုဂ္ဂိုလ်များ အတ္ထုပ္ပတ္တိ ဆိုင်ရာဌာန (International Biographical Centre) မှ တနှစ်တာအတွက် အပြည်ပြည်ဆိုင်ရာ နက္ခတ်ပညာနှင့် လက္ခဏာပညာအတွက် အထူးချွန်ဆုံးသူ အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ယခုအခါ ရန်ကုန် City FM ရေဒီယိုတွင် နေ့စဉ် ဟောစာတမ်းများကို အသံလွှင့်လျှက် ရှိသည်။

မေး ။ ။ ဝေဒ (ဗေဒင်) ပညာအပြင် ဆရာ့အနေနဲ့ တခြား လောကီပညာတွေဖြစ်တဲ့ အင်း၊ အိုင်၊ ခလဲ့၊ လက်ဖွဲ့၊ ဂါထာ၊ မန္တာန်၊ ပီယ စတာတွေကိုရော လေ့လာအသုံးချတာ ရှိပါသလား။

ဖြေ ။ ။ တခြားလောကီပညာရပ်တွေ မပါပါဘူး။ ကျနော့်အနေနဲ့ လေ့လာအသုံးချတာက ဗေဒင် ဟောပြောမှုပါပဲ။ ကျန်တဲ့ နည်းပညာတွေကတော့ သပ်သပ်ပါ။

မေး ။ ။ မြန်မာတွေက အစဉ်အလာအရ လောကီနဲ့ လောကုတ္တရာဆိုပြီး ၂ ပိုင်းခွဲမြင်ကြရာမှာ လောကုတ္တရာပိုင်းကို လိုက်စားတာထက်စာရင် လောကီပညာရပ်တွေပေါ်ကို ပိုပြီး အားကိုး အားထားပြုတာ များမယ်ထင်တယ်။ အဲဒါဘာကြောင့်လို့ ဆရာထင်သလဲ။

ဖြေ ။ ။ ဒါကလည်း မြန်မာပြည်မှ မဟုတ်ပါဘူး။ ကမ္ဘာတဝန်းမှာလည်း ထို့အတူပဲ။ ကမ္ဘာမှာဆို လောကီသိပ္ပံပေါ့။ မြန်မာမှာကတော့ ရှေးခေတ်ကာလက အဂ္ဂိရတ်ပေါ့။ အဂ္ဂိရတ်ကနေ ဂမ္ဘီရ။ ဒီလို Chemistry (ဓာတုဗေဒ), Physics (ရူပဗေဒ), Mathematics (သင်္ချာ) တွေက လောကီဘက်က သွားတာကိုး။ လောကီပညာရပ်ကိုသုံးပြီး အင်တာနက်ကို သုံးလာနိုင်တယ်။ လောကီပညာရပ်ကိုသုံးပြီး အဆောက်အဦးကြီးတွေ ဆောက်လာနိုင်တယ်။ လောကီပညာရပ်ကြောင့် လူသုံးကုန်ပစ္စည်းတွေ အမြောက်အမြား ထုတ်လာနိုင်တယ်။ ဒီလောကီပညာရပ်တွေ လူ့ဘဝအရည်အသွေးကို တိုးမြှင့်ပေးတော့ အားကိုးကြတာပေါ့။

လောကုတ္တရာက Religious (ဘာသာရေး) ဆိုတော့ ဒီ၂ ခုရဲ့ သဘောသဘာဝက လုံးလုံးဖီလာဆန့်ကျင်တယ်။ လူတွေက ဘာသာရေးထက် လောကီသိပ္ပံကို ပိုလိုချင်ကြတဲ့ သဘောပါ။ ဒီတော့ ကမ္ဘာမှာရောမြန်မာပါ လောကီသိပ္ပံကို ပိုပြီးစိတ်ဝင်စားကြတာပေါ့။ ဘာသာရေးအယူသည်းမှုကလည်း ခေတ်မမီတော့ပါဘူး။ လေ့လာလိုက်စားသူလည်း နည်းပါးတယ်။ လောကီ သိပ္ပံပညာရပ်တွေကို သာလိုက်လေ့လာပြီး အသုံးချဆောင်ရွက်သူ များပါတယ်။

သိပ္ပံပညာရပ်တွေ (Science) တွေထဲက မြန်မာတွေ အသုံးများတဲ့ လောကီပညာရပ်ကို Occult Science (ဂမ္ဘီရ ပညာရပ်) လို့ခေါ်ပါတယ်။ အဲဒီပညာရပ်တွေကလည်း လေ့လာရင် နက်နဲပါတယ်။ သူက Renaissance Science လည်းဖြစ်တယ်။ ပျောက်သွားလိုက် အသစ်ပြန်ပေါ်လိုက်ဖြစ်တဲ့ လောကီပညာရပ်တခုပါပဲ။

ကျနော်တို့ ငယ်ငယ်က ရှစ်တန်းအောင်ရင် ဝိဇ္ဇာနဲ့ သိပ္ပံ ဘယ်လိုင်းရွေးမလဲဆိုတော့ သိပ္ပံလိုင်းရွေးတာပေါ့။ သိပ္ပံကို ရွေးတဲ့ကျောင်းသား ပိုများတာပေါ့။ ဝိဇ္ဇာလိုင်းဖြစ်တဲ့ မြန်မာစာတို့ သမိုင်းတို့၊ အင်္ဂလိပ်စာတို့၊ Eco တို့ စိတ်ဝင်စားသူနည်းနေ ကြတာကိုး။ ဘာသာရေး ဆိုရင်တော့ သင်မယ့်သူနည်းတယ်လေ။ ငယ်ငယ်လေးနဲ့ ဘုန်းကြီးကျောင်းသွားတဲ့သူ မရှိသလောက်ဘဲ။ လောကီကျောင်း တက်တဲ့သူများတယ်။ ဒီသဘောပါပဲ။ ဒါဟာ ဟိုးရှေးတုန်းကလည်း ဒီလိုပဲရှိခဲ့ပါတယ်။

မေး ။ ။ Occultism (ဂမ္ဘီရပညာ) ကို စိတ်ဝင်စားတယ်ဆရာ။ ငယ်ငယ်တုန်းက ကြားဖူးတယ်။ အထက်လမ်းနဲ့ အောက်လမ်း ဆိုပြီးတော့ အဲဒါကရော ဘာသဘောလဲ ဆရာ။

ဖြေ ။ ။ Black Magic and white Magic (အဖျက်သဘောဆောင်တဲ့ ပညာနဲ့ အပြုသဘောဆောင်တဲ့ ပညာ) ဆိုပြီး ၂ မျိုးရှိတယ်လေ။ Evil (မကောင်းဆိုးဝါး) ဘက်ကနေသွားတဲ့ အုပ်စု။ မကောင်းတဲ့ နည်းလို့ခေါ်တယ်။ ကောင်းတဲ့အလုပ်တွေကို ရည်ရွယ်တဲ့ နည်းလမ်းတွေကို White Magic ပေါ့။ ဥပမာ ပြဒါးရှင်လို ဟာမျိုးကိုတော့ လူတွေအတွက် အသက်ရှည်ဆေး ဖော်တာမျိုးပေါ့။

မေး ။ ။ ဗေဒင် လက္ခဏာ အကြောင်း ပြောပြပါဦး၊ သူက ဘယ်လို အမျိုးအစားထဲမှာ ပါသလဲ။

ဖြေ ။ ။ ဗေဒင် လက္ခဏာ ကျတော့ Mathematical calculation (ဂဏန်းသင်္ချာ တွက်ချက်မှု) တွေ အပေါ်မှာ အခြေခံတယ်။ နက္ခတ်တာရာ အပြောင်းအရွှေ့တွေပေါ်မှာ အခြေခံတယ်။ ကိုပါးနီးကပ်စ်တို့၊ ဂယ်လီလီယို တို့ကို အုပ်စုတစု၊ နောက်တခု အိုင်းစတိုင်းရဲ့ Space and Time ကို လေ့လာတယ်ဆိုပါတော့။ ဗေဒင်ပညာ၊ နက္ခတ်ပညာကို အိုင်းစတိုင်းရဲ့ Relativity Theory (နှိုင်းရသီအိုရီ) အရချဉ်းကပ်ရင် Relative ဖြစ်တဲ့အကြောင်းအရာတွေကို သီဝရီအဖြစ် ဖွဲ့စည်းခဲ့တဲ့ နည်းပညာထဲ ထည့်ရမှာပေါ့။ နောက် ကိုပါးနီးကပ်စ်တို့၊ ဂယ် လီလီယိုတို့က တွေ့ရှိခဲ့တဲ့ Heliocentrism ကိုလေ့လာတဲ့ Astrology, Astronomy တို့ကို Science လို့ခေါ်ရမယ်ထင်ပါတယ်။ အခုလည်း ကြယ်တာရာတွေရဲ့အနေအထားကို လေ့လာနေတဲ့ ပညာရှင်တွေရှိတယ်လေ။ နောက် ဂဏန်းဗေဒင်ကို ပြောကြစတမ်းဆို Pythagorians (ပိုင်သာဂိုးရပ်စ် ဂိုဏ်းသားတွေ) က စလာတဲ့ နံပါတ်တွေပေါ် အခြေအခံတဲ့ Numerology ကို ဂဏန်းဗေဒင် ဆိုရင် အဲဒါကို Mathematics အုပ်စုထဲထည့်ရတယ်။

အင်းကွက်တွေကိုတော့ Magic Square ဆိုပြီး ကွန်ပျူတာစနစ် Computer System တွေနဲ့ သွားနေတယ်ဗျ။ ခလဲ့တို့၊ လက်ဖွဲ့တို့ ကျတော့ Talisman လို့ခေါ်တယ်။ ဆိုတော့ အဆောင်ပေါ့။ နေပူတဲ့အခါ ထီးဆောင်းဖို့လိုတော့ ထီးဆောင်ထားမယ်။ လိင်ဆက်ဆံရာမှာ ကွန်ဒုံးဆောင်သလိုဆောင်ရမှာဖြစ်လို့ လူသုံးကုန်ပစ္စည်း (Household product) ထုတ်တဲ့ အတတ်ပညာတမျိုးလို့ ဆိုရမှာပေါ့။

တရုတ် ဖုန်းရွှေပညာ (Feng Shui) ကတော့ အခုခေတ် အတတ်ပညာနဲ့ ပြောရင် Architecture (ဗိသုကာပညာရပ်) ပေါ့။ ဥရောပမှာ ရှိတဲ့ ရှေးခေတ်အဆောက်အဦးတွေ Cathedral ဘုရားကျောင်းတွေ Gothic နဲ့ ပတ်သက်တာတွေ Roman နဲ့ပတ်သက်တာတွေ အကုန်လုံးကို ပြန်ကြည့်ရင် Architect အခြေခံက အခုခေတ်စားနေတဲ့ ဖုန်းရွှေနဲ့ ထပ်တူညီပါတယ်။ Exterior, Interior Design (အဆောက်အဦ အတွင်းအပြင် ဒီဇိုင်း) နဲ့ Decoration (မွမ်းမံပြင်ဆင်မှု) ကိုပါ ထည့်သွင်းစဉ်းစားလို့ ရနိုင်ပါသေးတယ်။

မေး ။ ။ အခုခေတ်မှာ ပိုခေတ်စားလာတဲ့ အကြားအမြင်ဆရာတွေကရော။

ဖြေ ။ ။ ဒါကတော့ Psychic လို့ခေါ်တယ်။ သူတို့အုပ်စုတစု။ အနောက်မှာဆိုရင်တော့ ဆစ်ဂမန် ဖရိုဒ် (Sigmund Freud) စတာပေါ့။ သူတို့က လူတွေကို အိပ်မွေ့ချပြီးတော့ လူတွေရဲ့ စိတ်ကို ကြည့်ရှုတာ။ ဒီမှာဆိုရင်လည်း ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနကနေ လူတွေရဲ့ စိတ်ကို မောင်းနှင်တဲ့ ပညာရပ်တွေ ပို့ချတယ်။ ဒီဘက်မှာ ခေတ်စားတဲ့ တက်ကျမ်းတွေကလည်း စိတ်ပညာနဲ့ဆိုင်တာပဲ။ အနောက်မှာ နာမည်ကြီးဖူးတဲ့ ယူရီဂယ်လာ (Uri Geller) တို့လို့ စိတ်အင်အားကို အသုံးချပြီး ဟောပြောတဲ့ အတတ်ပညာနဲ့ ဒီမှာလည်း နတ်ဝင်သည်တွေ ရှိတယ်။ သူတို့ကိုတော့ ထူးထူးခြားခြား Psychic power (စိတ်စွမ်းအင်)  တွေရှိတဲ့လူတွေလို့ခေါ်ကြတယ်။ လောကုတ္တရာမှာ ဗုဒ္ဓကို သူ့ရဲ့ဂုဏ်တော်တွေကြောင့် ရှိခိုးပူဇော်သလို လောကီမှာလည်း သူတို့ကို ယုံကြည်တဲ့သူတွေက ရှိခိုးပူဇော်ကြတယ်။

မေး ။ ။ ယတြာကောင်း မင်းလောင်း ပျောက်တယ်ဆိုတဲ့ ဆိုရိုးလည်းရှိတော့ ယတြာအကြောင်း ပြောပါဦး။

ဖြေ ။ ။ ယတြာက အင်္ဂလိပ်လို remedy ပေါ့။ cure လုပ်တာပေါ့။ ကွန်ပျူတာစကားနဲ့ပြောရင် trouble shooter ပေါ့။ ယတြာရဲ့ သဘောက အဲဒါပါပဲ။

မေး ။ ။ ရှေးဘုရင်တွေဟာ ဗေဒင်ယတြာအပြင် အတိတ်၊ နိမိတ်၊ တဘောင်စနည်းတွေကိုလည်း အားကိုးကြတယ်လို့ ဖတ်ဖူးတယ်။

ဖြေ ။ ။ ဟုတ်တယ်။ အတိတ်၊ နိမိတ်ကို နားထောင်တယ်။ စနည်းနာတယ်ဆိုတာတွေက လူတွေ ဘာပြောနေသလဲ။ ဘာတွေ ခေတ်စားနေသလဲ ဘာ Issue တွေလဲဆိုတာ နားထောင်တာကို ခေါ်တာ။ လူတွေ သီချင်းဆိုတယ်။ ကဗျာစပ်ကြတဲ့အပေါ် အခြေခံတာကတော့ တဘောင်လို့ဖြစ်လာတာပေါ့။ အဲဒါကို အတိတ်၊ နိမိတ်ကောက်တယ်ပေါ့။ အဲဒီပညာရပ်ကို တတ်ကျွမ်းသွားသူ မြန်မာပြည်မှာ ၂ ယောက် သမိုင်းမှာ ရှိတယ်။ အယူတော်မင်္ဂလာ ဦးနိုးနဲ့ ရာဇဓိရာဇ် လက်ထက်မှာ တဦး၊ ၂ ဦးပေါ်ဖူးတယ်။

မေး ။ ။ အခုခေတ်ရော အဲဒီ အယူတော် မင်္ဂလာအတတ် ရှိသေးလား။

ဖြေ ။ ။ အခုခေတ်လည်း ချဲထိုးတဲ့ ကိစ္စပေါ့။ ညက အိပ်မက် မက်တယ်။ ဗိုက်ကြီးသည်ကြီး မက်တယ်။ သုည ထိုးတယ်။ ဒါမျိုးကို  ကောက်ယူကြတုန်းပါပဲ။

မေး ။ ။ နောက်ဆုံးမေးခွန်းက နိုင်ငံတော်အဆင့်ပေါ့။ နိုင်ငံတော်ကဖွဲ့ထားတဲ့ ဗေဒင်ပညာရှင်များအဖွဲ့က အလုပ်နဲ့ ဒီအယူတော် မင်္ဂလာအလုပ်နဲ့ ဘာကွာခြားသလဲ။

ဖြေ ။ ။ မရှိပါဘူး။ နိုင်ငံတော်အဆင့်က ပြက္ခဒိန်တော် အဖွဲ့ရှိတယ်။ ပြက္ခဒိန်နဲ့ ပတ်သက်တဲ့ အကြံဉာဏ်ပေးတာ လုပ်ကိုင်ကြတာပဲရှိတယ်။ သီးသန့်ကိုယ်ပိုင် ပုဂ္ဂိုလ်တွေနဲ့ ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်ပိုင်ရာဆိုင်ရာတွေတော့ ရှိကောင်းရှိမယ်။ ယတြာခြေမယ်ဆိုရင်လည်း ဥပမာ တက်လမ်းကောင်းဖို့အတွက် တက်လမ်းဆိုတဲ့ ဖိနပ်လှူရင် လှူမယ်။ ဖီလာဆန့်ကျင့်တာတွေ အတွက် တောင်ဖီလာကျောင်းမှာ တောင်ဝှေး ကပ်ချင် ကပ်မယ်။ အတိတ်နိမိတ် ယူကြတာပေါ့ဗျာ။ သူတို့ယုံကြည်မှုနဲ့ သူတို့ပါပဲ။