လွှတ်တော်ပြင်ပနိုင်ငံရေးက ရှိကိုရှိရပါမယ်

Tuesday, 03 May 2011 19:42 အင်တာဗျူး
Print
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ပေါ်ပေါက်လာတဲ့ လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဘယ်လောက်ရှေးရှု ဖော်ဆောင်နိုင်မှာလဲ၊ စနစ်တခုကနေ စနစ်တခုကို ပြောင်းလဲခဲ့ပြီးလားဆိုတဲ့ မေးခွန်းတွေနဲ့ မြန်မာဒီမိုကရေစီဟာ ဘယ်ကိုဦးတည်နေပါသလဲဆိုတဲ့ ဆွေးနွေးငြင်းခုံမှုတွေ ရှိနေပါတယ်။ ၂ လကြာ ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေဟာ ဘယ်လို အဓိပ္ပာယ်ဆောင်ခဲ့ပါသလဲ ဆိုတာကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီဝင် ဒေါက်တာ မြတ်ဉာဏစိုးရဲ့ သုံးသပ်ချက်များကို ဧရာဝတီသတင်းထောက် ထက်အောင်မှ ဆက်သွယ်မေးမြန်းထားပါတယ်။

Dr-Myat-Nyana-Soeမေး ။    ။ လွှတ်တော်ဆွေးနွေးပွဲတွေမှာ မေးခွန်းမေးမြန်းတာနဲ့ အဆိုတင်သွင်းတာတွေကို လူတွေစိတ်စားမှုရှိခဲ့တာ တွေ့ရတယ်။ အခုအချိန်မှာ လွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့ လွှတ်တော်တွင်း ဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး ယေဘုယျ ဘယ်လို သုံးသပ်မိပါသလဲ။

ဖြေ ။    ။ ပြီးခဲ့တဲ့လွှတ်တော်က နှစ်လကြာခဲ့တယ်။ ဒါပေမယ့် ဒီလွှတ်တော်ဟာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက်မှာ ကျင်းပခဲ့တယ်ဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်းသိဖို့ လိုပါလိမ့်မယ်။ လွှတ်တော် နောက်ဆုံးရက်ကျတော့မှ သမ္မတသစ်က ကတိသစ္စာပြုတယ်။ အဲဒီတော့ ပြည်ထောင်စု အစိုးရသစ် လက်ထက်မှာ လွှတ်တော် မကျင်းပရသေးပါဘူး။ မေးခွန်းတွေ မေးခဲ့တယ်၊ အဆိုတွေတင်ခဲ့တယ် ဆိုတာလည်း နအဖ လက်ထက်မှာပါ။ ပြန်လည်ဖြေကြားတဲ့ ၀န်ကြီးတွေကလည်း နအဖ အစိုးရ၀န်ကြီးတွေဖြစ်တယ်။ အဲဒီအတွက်ကြောင့် တချို့မေးခွန်းတွေဟာ ကျနော်တို့မေးတာနဲ့ ဖြေတာနဲ့က တိကျမှု မရှိဘူး၊ အံ့ချော်နေတယ်။ အစိုးရတဖွဲ့က တဖွဲ့ကို ကူပြောင်းတော့မယ့်အချိန်၊ အစိုးရတဖွဲ့ နိဂုံးချုပ်တော့မယ့်အချိန်မှာ ကျနော်တို့ဟာ ဒီအလုပ်တွေကို လုပ်ခဲ့ရတဲ့သဘော သက်ရောက်သွားတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့မှာ လွဲချော်မှုတွေ ရှိခဲ့ပါတယ်။

သို့သော်လည်း ကျနော်တဦးတည်း သဘောအရ ပြည်သူ့အသံကို ထင်ဟပ်ဖော်ပြမယ်ဆိုတဲ့အတိုင်း အသံထွက်ခဲ့တာပါ။ အဲဒီတော့ ပြန်ဆန်းစစ်လိုက်မယ်ဆိုရင် ပြည်သူ့အသံကတော့ ထွက်လို့ ရခဲ့တယ်။ ဒါပေမယ့် အတိုင်းအတာ ဘယ်လောက်အထိ ရွေ့ခဲ့သလဲ။

ဒါနဲ့ ပတ်သက်ပြီး ကျနော် ဥပမာတခု ပေးချင်ပါတယ်။ မိုဘိုင်ဖုန်းစနစ်နဲ့ ပတ်သက်ပြီး ကျနော်မေးခဲ့ပါတယ်။ အဲဒီတုန်းက တာဝန်ယူခဲ့တဲ့ ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းဝန်ကြီး ဦးသိန်းဇော် ဖြေကြားခဲ့ပေမယ့် တိကျခိုင်မာတဲ့ အဖြေတခုကို မရခဲ့ဘူး။ သို့သော် ပြည်ထောင်စု အစိုးရသစ် တက်လာတော့ ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းဝန်ကြီး ဦးသိန်းထွန်းကနေပြီးတော့ ၅ နှစ် စီမံကိန်းကို ချပြတယ်။ မိုဘိုင်ဖုန်း သန်း ၃၀ တိုးချဲ့မယ်။ အခုရှိတာကမှ ၂ သန်းကျော်ပဲရှိတယ်။ ပထမဆုံး ဘဏ္ဍာရေးနှစ်မှာ ၅ သန်း တိုးချဲ့မယ်ဆိုတော့ ဒါက လက်ရှိသုံးနေတဲ့ ဖုန်းလိုင်းတွေရဲ့ ၂ ဆကျော်ပေါ့နော်။ ဆိုလိုတာက ပြီးခဲ့တဲ့ လွှတ်တော်မှာ မေးခွန်းတွေမေး၊ ဖြေခဲ့တာတွေဟာ ပြီးပြီးပျောက်ပျောက် ဖြစ်သွားခဲ့သလား။ အဲ့သလိုမျိုး မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၄၄၅ မှာ ပြည်ထောင်စုအစိုးရဟာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရော၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ကောင်စီကိုရော ဆက်ခံရမယ်လို့ ပါတဲ့အတွက်ကြောင့် ယခင်အစိုးရ ဆောက်ရွက်ခဲ့တာတွေကို ဆက်ပြီးလုပ်တာပဲလို့ သုံးသပ်လို့ရပါတယ်။

နောက်တချက်က ကျနော်တို့ဟာ လွှတ်တော်အခင်းအကျင်းနဲ့ ဝေးနေတာ ၂၂ နှစ်ဆိုတဲ့ကာလကိုပဲ ပြောလို့မရပါဘူး။ ဟိုဖက်က ၂၆ နှစ် (တပါတီ ဆိုရှယ်လှစ်အစိုးရ) ကိုပါ ထည့်ပေါင်းရပါမယ်။ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ နှစ်ပေါင်း ၅၀ နီးနီး ဝေးသွားတာပါ။ အားလုံးက မြေစမ်းခရမ်းပျိုးဆိုတဲ့အခါကြတော့ တချို့ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေဟာ ဒေသဆိုင်ရာမေးခွန်းတွေ ဖြစ်နေတယ်။ ပြည်ထောင်စုလွှတ်တော် အဆင့်မှာဆိုရင် တနိုင်ငံလုံးနဲ့ဆိုင်တဲ့ မူဝါဒတွေကိုပဲ မေးသင့်တယ်။ ဒါကလည်း ပထမဆုံးဆိုတော့ အတွေ့အကြုံအားနည်းမှုလည်း ပါမှာပေါ့။

အဆိုတင်သွင်းတဲ့ အပိုင်းမှာလည်း ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့အဆိုကို ကျနော်တင်သွင်းခဲ့ပါတယ်။ တဘက်က အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က တုန့်ပြန်ဖြေကြားခဲ့ပါတယ်။ အခုဆိုရင် ကိုရီးယားမှာ အလုပ်သမားရေးရာ အရာရှိတယောက် ခန့်ထားတယ်။ အရင်က နိုင်ငံခြားမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဘာတွေဖြစ်နေသလဲဆိုတာ အစိုးရသတင်းစာတွေမှာ မပါခဲ့ပါဘူး။ အခုဆိုရင် ထိုင်းမှာဖြစ်ခဲ့တဲ့ မော်တော်ယာဉ်တိုက်မှု (မြန်မာအလုပ်သမားများ သေဆုံးခဲ့သည်) ဆိုရင် သူတို့သေသေချာချာ သတင်းတင်ပါတယ်။

ဆိုလိုချင်တာက အရွေ့တခုကတော့ ရွေ့သွားပြီဗျ။ ဒါပေမယ့် အဲဒီအရွေ့ဟာ လုံလောက်ပြီးလာဆိုရင် မလုံလောက်သေးဘူး။ အဲဒီအရွေ့ဟာ အရှိန်အဟုန်မြင့်မြင့်နဲ့ ဆက်သွားဖို့လိုပါတယ်၊ ပိုပြီးထင်သာမြင်သာ ရှိရှိနဲ့ ဆက်ပြီးလုပ်ဖို့လိုပါတယ်လို့ သုံးသပ်မိပါတယ်။ ပြန်အနှစ် ချုပ်လိုက်ရင် လွှတ်တော်က မေးခွန်းတွေ၊ အဆိုတွေဟာ ထူးခြားမှုမရှိဘူးလို့ တချို့တွေက ထင်ကြတာလည်း ရှိပါတယ်။ ကျနော့်အနေနဲ့တော့ အရွေ့တခုတော့ တွေ့ရတယ်။ ပြည်သူတွေရဲ့ လိုလားချက်ကို ပြည်သူ့ကိုယ်စားလှယ်အနေနဲ့ တင်ပြခဲ့တယ်။ အဲဒီအပေါ်မှာ အစိုးရဘက်က ဆောင်ရွက်တာလေးတွေ တွေ့ရတယ်။ ဒီတော့ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေကနေ အတွေ့အကြုံကောင်းတွေကိုယူပြီး လာမယ့် လွှတ်တော်အစည်းအဝေးတွေမှာ ဒီထက်ပိုပြီးကောင်းအောင် ကိုယ်စားလှယ်အားလုံးက ဆောင်ရွက်သွားဖို့ လိုတယ်လို့ သုံးသပ်ချင်ပါတယ်။

မေး ။    ။ လွှတ်တော်တွင်းမှာ မေးခွန်းတွေ၊ အဆိုတွေ တင်ပြတဲ့အခါမှာ ကြိုတင်လေ့လာနိုင်ဖို့ အချိန်မလုံလောက်၊ စနစ်တကျ သုတေသန မလုပ်နိုင်တာကြောင့် အားနည်းချက်တွေရှိနေတာ တွေခဲ့ရတယ်။ နောင် လွှတ်တော် အစည်းအဝေးတွေမှာ အစိုးရဖက်က တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှု (Accountability and Transparency) ရှိ မရှိ ထိထိရောက်ရောက် စုံစမ်းမေးမြန်းနိုင်အောင် ဘာတွေလိုအပ်မယ် ထင်ပါသလဲ။

ဖြေ ။    ။ ကျနော်တို့ဟာ ဥပဒေပြုရေးအပိုင်းကို သွားနေပြီး အစိုးရက အုပ်ချုပ်ရေးအပိုင်းကို ဆောင်ရွက်နေတော့ Check and Balance လုပ်လို့ရတဲ့နေရာတွေ အများကြီးရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်ထောင်စုအစိုးရ ကြားထဲမှာ၊ ဒေသဆိုင်ရာလွှတ်တော်တွေနဲ့ အစိုးရတွေကြားထဲမှာ၊ လွှတ်တော်နဲ့ တရားစီရင်ရေးကြားထဲမှာ၊ ပြည်ထောင်စု လွှတ်တော်နဲ့ ဒေသဆိုင်ရာ လွှတ်တော်တွေကြားထဲမှာ ရှိပါတယ်။ အဲဒီတော့ Check and Balance လုပ်နိုင်ဖို့ ဆိုရင် နိုင်ငံရေး ပါတီတွေအနေနဲ့ ကိုယ့်ရဲ့ Institution ကို ခိုင်မာအောင် တည်ဆောက်ဖို့လိုမယ်။

နောက်တခုက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်အသွေးကို မြှင့်တင်ဖို့လိုပါတယ်။ သူတင်ကိုယ်တင် စကားပြောနိုင်ဖို့၊ ပြောတဲ့အခါမှာလည်း အချက်အလက်နဲ့ တိတိကျကျပြောနိုင်ဖို့ လိုပါတယ်။ ပါတီတိုင်းမှာ Databank တည်ဆောက်ပြီး ကိုယ့်ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပံ့ပိုးပေးနိုင်ဖို့ လိုပါတယ်။ ကိုယ်စားလှယ်တွေ အနေနဲ့ကလည်း အင်တာနက်ကအစ ပိုင်ပိုင်နိုင်နိုင် သုံးစွဲနိုင်ရမယ်။ လွှတ်တော်တွင်း ဆွေးနွေးတဲ့အခါ ကိုယ်ပြောချင်တာကို အချက်အလက် ခိုင်ခိုင်မာမာ တည်ဆောက်ပြီးမှ ရှင်းရှင်းလင်းလင်း ပြောနိုင်ဖို့လိုပါတယ်။

ကျနော်ခန့်မှန်းတာက နောက် ၆ လ လောက်ကြာရင် လွှတ်တော် ထပ်ခေါ်လိမ့်မယ်ထင်တယ်။ အဲဒီ အချိန်အတွင်း ဒါတွေအားလုံး ချက်ချင်းလက်ငင်း လုပ်ဆောင်ဖို့က အချိန်က နည်းပါတယ်။ အဲဒီတော့ ပြည်သူတွေကလည်း ၀ိုင်းပြီးကူညီလို့ ရပါတယ်။ ဆိုလိုတာက သတင်းအချက်အလက်တွေကို ပြည်သူတွေဘက်က ၀ိုင်းပြီး မျှဝေပေစေချင်ပါတယ်။ ကဏ္ဍအလိုက် လိုအပ်တာတွေကို ကိုယ်စားလှယ်တွေကို ညွှန်ပြနိုင်ရင် ကိုယ်စားလှယ်တွေကလည်း ပြည်သူအသံကိုယူပြီး လွှတ်တော်ထဲမှာ အသံထွက်ပေးလို့ရမယ်၊ တင်ပြဆွေးနွေးလို့ရမယ်။ အဲဒီအတွက်ကြောင့်မို့လို့ ပြည်သူလူထုရဲ့ ပါဝင်ကူညီမှုဟာ အများကြီးလိုပါတယ်လို့ ပြောချင်ပါတယ်။     

မေး ။    ။ လွှတ်တော်အစည်းအဝေးတွေ ပြီးသွားတာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေမှာ ဘာမှလုပ်စရာ မရှိတော့ဘူးလို့ ရှုမြင်နေသူတွေ ရှိပါတယ်။ အဲဒီတော့ လွှတ်တော်အစည်းအဝေးတွေ မရှိတဲ့အချိန်မှာ ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍက ဘာတွေပါလဲ။

ဖြေ ။    ။ လွှတ်တော်အစည်းအဝေးတွေ မရှိပေမယ့် လွှတ်တော်ရေးရာကော်မတီတွေ ရှိပါတယ်။ အဲဒီကော်မတီတွေက လွှတ်တော်အစည်းအဝေး တခုနဲ့တခုအကြားမှာ လွှတ်တော်ရဲ့လုပ်ငန်းတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ နောက်တခုက ပြည်သူတွေက ကျနော်တို့ကို ရွေးချယ်လိုက်ပြီးတဲ့အခါမှာ အုပ်ချုပ်ရေးပိုင်းက လူတယောက်လို သူတို့ ခံစားရတာတွေကို လာပြီး တိုင်ကြားတာ၊ ရင်ဖွင့်တာတွေ ရှိပါတယ်။ ဒီနေရာမှာ ကျနော်တို့ဟာ အုပ်ချုပ်ရေးပိုင်းက မဟုတ်ဘူးဆိုတဲ့ အချက်ကိုတော့ ပြည်သူတွေသိစေချင်ပါတယ်။ သို့သော်လည်း ကိုယ်စားလှယ်များက Check and Balance ကို ၂ နေနရာက လုပ်နိုင်တယ်လို့ ထင်ပါတယ်။ တခုက ကိုယ့်မဲဆန္ဒနယ်မှာ ဖြစ်ပျက်နေတာတွေကို ဒေသဆိုင်ရာ လွှတ်တော်၊ အစိုးရတွေနဲ့ ချိတ်ဆက်ဆောင်ရွက်လို့ရတဲ့ အပိုင်းပါ။ အဲဒီအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၀န်ကြီးချုပ်တွေကို သွားရောက်တွေ့ဆုံပြီး ပြောဆိုနိုင်တဲ့လမ်းကြောင်းတွေ ဖွင့်ပေးထားဖို့ လိုပါလိမ့်မယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် ကိုယ်စားလှယ်တွေရဲ့ Capacity ကို မြှင့်ထားဖို့ ပြင်ဆင်ထားဖို့ လိုပါတယ်။

နောက်တချက်က တနိုင်ငံလုံးနဲ့ဆိုင်တဲ့ မူဝါဒတွေ အပိုင်းပေါ့။ နောက်တခါ ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်မှာ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို တင်ပြနိုင်ဖို့ ကိုယ်စားလှယ်တွေဟာ အချက်အလက်တွေ စုဆောင်းပြင်ဆင်ထားဖို့ လိုပါတယ်။ ဒီလိုပြင်ဆင်ဖို့ နိုင်ငံတော်ရဲ့ စီမံကိန်းတွေကို လေ့လာနိုင်မယ့် တရားဝင်အခွင့်အရေး ရှိမလား၊ လွှတ်တော် ကိုယ်စားလှယ်တွေဘက်က လုပ်နိုင်မယ့်အခွင့်အရေးတွေကို လွှတ်တော်တွေက ပီပီပြင်ပြင် သတ်မှတ်ပေးဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်။ 

မေး ။    ။ လွှတ်တော်ပေါ်မှာရော၊ အစိုးရသစ်အပေါ်မှာရော ဒီနှစ်ခုစလုံး ဖြစ်ပေါ်လာစေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်မှာရော သံသယတွေ ကြီးကြီးမားမားရှိတဲ့ အုပ်စုတွေ လွှတ်တော်ပြင်ပမှာရှိပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ပြည်တွင်းရော နိုင်ငံတကာကပါ တောင်းဆိုနေပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လွှတ်တော်အတွင်းကမှ လုပ်ဆောင်လို့ရမယ်၊ လွှတ်တော်ပြင်ပက လုပ်ဆောင်နေတာတွေဟာ တရားဝင်မှုလည်း မရှိသလို ကိုယ်စားပြုမှုလည်း မရှိဘူးဆိုတဲ့ သဘောထားတွေ ရှိလာပါတယ်။ ဒီတော့ လွှတ်တော်ပြင်ပ နိုင်ငံရေးရှိသင့်သလား၊ ရှိသင့်တယ်ဆိုရင် လွှတ်တော်ပြင်ပနိုင်ငံရေးနဲ့ လွှတ်တော်တွင်း နိုင်ငံရေး ဘယ်လို ဆက်စပ်လုပ်ဆောင်နိုင်သလဲ၊ ဘယ်လို ဖြစ်သင့်ပါသလဲ။

ဖြေ ။    ။ လွှတ်တော်ပြင်ပနိုင်ငံရေးက ရှိကိုရှိရပါမယ်။ အစောပိုင်းက ပြောခဲ့သလို လွှတ်တော်နိုင်ငံရေးဆိုတာ မြေစမ်းခရမ်းပျိုးပဲ ရှိပါသေးတယ်။ လွှတ်တော်တွင်းက နိုင်ငံရေးသမားဆိုတာ အင်မတန်မှကို နည်းပါနေပါသေးတယ်။ (ဒီမိုကရေစီ ပါတီတွေရဲ့ ကိုယ်စားလှယ်ဦးရေကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်)။ ဒါကြောင့် လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးရယ်လို့ နှစ်မျိုးနှစ်စား ရှိနေဦးမှာပါပဲ။ သမ္မတ ဦးသိန်းစိန်ကလည်း လွှတ်တော်ထဲက နိုင်ငံရေးပါတီတွေနဲ့တင်မက ပြင်ပက အဖွဲ့အစည်းများနဲ့လည်း ပူးပေါင်းဆာင်ရွက်သွားချင်ပါတယ်လို့ ဖိတ်ခေါ်ထားတာရှိပါတယ်။ တဆင့်ချင်း ကူးပြောင်းသွားရမယ်လို့ ထင်ပါတယ်။

၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်လောက်မှာ တဖြည်းဖြည်းနဲ့ လွှတ်တော်တွင်းနိုင်ငံရေး ပိုမိုခိုင်မာအောင် တည်ဆောက်ဖို့ လိုပါတယ်။ အဲဒီအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်ရင် ပြင်နိုင်လောက်တဲ့ အနေအထားရအောင်၊ စုစည်းမိအောင် ကြိုးစားသွားဖို့ လိုပါတယ်။ ဒါဟာ ရေရှည်ဆောင်ရွက်ရမယ့် အစီအစဉ် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို လွှတ်တော်အတွင်းမှာ ကိုယ်စားလှယ်အဖြစ် ရပ်တည်နေကြတဲ့ပုဂ္ဂိုလ်တွေကနေ လွှတ်တော်ပြင်ပမှာရှိတဲ့ နိုင်ငံရေးသမားတွေရဲ့ အကြံပြုမှုတွေကို တလေးတစားနားထောင်ပြီး၊ အကြံဉာဏ်တွေလည်း ယူပြီးဆောင်ရွက်သွားဖို့ လိုပါတယ်။ တဘက်ကလည်း လွှတ်တော်ပြင်ပမှာ ရှိနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေဟာ တရားဝင် ဆောင်ရွက်ခွင့်ရှိတဲ့ လွှတ်တော်တွင်းနိုင်ငံရေးကို ပြောင်းလဲကျင့်သုံးဖို့ ကြိုးပမ်းသင့်တယ်လို့  ကျနော်ကတော့ ထင်မြင်ယူဆမိပါတယ်။

မေး ။    ။ အစိုးရသစ် တက်လာတဲ့အခါမှာ အရင် စစ်အစိုးရလက်ထက်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိမ့်မယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းပေးထားတဲ့ သမ္မတလုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ပေးလိမ့်မယ်လို့ ပြည်တွင်းပြင်ပက မျှော်လင့်ခဲ့ကြသလို တောင်းဆိုတိုက်တွန်းမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။ ထို့အတူ နယ်စပ်ဒေသမှာ တိုက်ပွဲတွေရပ်စဲပြီး ငြိမ်းချမ်းရေးအတွက် အစိုးရသစ်အနေနဲ့ ဆောင်ရွက်လာမလားဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိပါတယ်။ အခုအချိန်အထိ အဲဒါတွေ ဘာတခုမှ မတွေ့ရသေးပါဘူး။ အစိုးရသစ်ဟာ သူ့ရဲ့ Honeymoon Period ဖြစ်တဲ့ အခုကာလမှာ ဘာတွေ လုပ်ဆောင်သင့်တယ် ထင်ပါသလဲ။

ဖြေ ။    ။ Honeymoon Period ကို များသောအားဖြင့် ရက် ၁၀၀ နဲ့ တွက်ကြတာပေါ့လေ့။ ကျနော်တို့က အမြဲတမ်း ဘက်နှစ်ဖက် ကြည့်ဖို့လိုပါတယ်။ အစိုးရသစ် တက်လာတဲ့အချိန်ဟာ ဧပြီလ ဖြစ်နေတယ်။ ရုံးပိတ်ရက်ရှည် အများဆုံး ကာလဖြစ်ပါတယ်။ အဲဒီအချက်ကိုလည်း ကျနော်တို့က စာနာ နားလည်ပေးရပါမယ်။

အခုမေးခဲ့တဲ့ အချက် ၂ ချက်ဟာ အရေးကြီးတဲ့ အချက်တွေဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နိုင်ငံတော်သမ္မတဟာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ သဘောတူထောက်ခံချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တယ်ဆိုတာ ပါပါတယ်။ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဖွဲ့ပြီးပါပြီ။ ဒါပေမယ့် အစည်းအဝေး ကျင်းပတာတော့ မကြားသေးပါဘူး။ ဒီအစည်းအဝေး ကျင်းပပြီးရင်တော့ တချက်က လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ပါ၊ နောက်တချက်ကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ရင်ဆိုင်နေရတဲ့နေရာမှာ ဘယ်လိုဆက်ပြီး ဆုံးဖြတ်မလဲ၊ သုံးသပ်မလဲပေါ့နော်။

ဥပမာတခု ပေးရရင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအစိုးရ လက်ထက် ဗိုလ်ချုပ်ကြီး စောမောင် အနားယူပြီး ဗိုလ်ချုပ်ကြီး သန်းရွှေ တက်လာတဲ့အချိန်မှာ ထိုးစစ်တွေအားလုံးကို ရပ်ဆိုင်းလိုက်တာရှိပါတယ်။ ဒါဟာ အစိုးရအဖွဲ့အစည်း အသစ်တက်လာတာမဟုတ်ဘဲ အုပ်ချုပ်သူပြောင်းသွားတဲ့အချိန်မှာ လုပ်တာပါ။ ဆိုတော့ ဒါတွေဟာ ကျနော်တို့ မျှော်ကြည့်မြင်ကြည့်လို့ရတဲ့ အပိုင်းဖြစ်ပါတယ်။ အစိုးရအသစ်အနေနဲ့ ဒီအချက် ၂ ချက်ကို အချိန်ယူပြီး ကျကျနန ဆောင်ရွက်လိမ့်မယ်၊ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးအပြီး ထုတ်ပြန်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။     ။