ထောင်ကလွတ်လို့ ပျော်တဲ့အထဲမှာ ကျနော် မပါဘူး

စစ်အစိုးရ၏ သက်တမ်း ၂၁ နှစ်အတွင်း ထောင်တွင်း၌ စုစုပေါင်း ၁၅ နှစ်ကျော်ကြာအောင် အကျဉ်းကျခံခဲ့ရသော အသက် ၇၉ နှစ်အရွယ် ဒု ဗိုလ်မှူးကြီးဟောင်း ဦးကျော်ဆန်းသည် ၁၉၄၉ ခုနှစ် ဇွန်လတွင် တပ်မတော်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဗိုလ်သင်တန်း အမှတ်စဉ် (၁၈) တွင် တက်ရောက်ခဲ့သည်။  တပ်မတော်တွင် ၃၆ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ကာ ဒု ဗိုလ်မှူးကြီး အဆင့်ထိ တိုးမြှင့်ခြင်းခံခဲ့ရသည်။ ၁၉၈၆ ခုနှစ် ဇန်န၀ါရီလတွင် အငြိမ်းစားယူ၍ ၈၈ လူထုံအုံကြွမှုတွင် ဦးတင်ဦးနှင့်အတူ လက်တွဲကာ ပါဝင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို စတင်ဖွဲ့စည်းစဉ်က ပါဝင်ခဲ့ပြီး ဗဟိုဦးစီးအဖွဲ့ဝင် တဦးဖြစ်သကဲ့သို့ စစ်ကိုင်းတိုင်း စည်းရုံးရေး ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

insein_irr၁၉၉၀ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည့်သူလွှတ်တော် ကိုယ်စားလှယ် အမတ်အဖြစ် အရွေးချယ်ခံခဲ့ရသည်။ ၁၉၉၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိသည့်အပေါ် တိုင်းအစည်းအဝေးတွင် ထောက်ခံချီးကျူးခဲ့သဖြင့် စစ်အစိုးရက ပုဒ်မ ၅ (ည) ဖြင့် တရားစွဲဆို၍ ထောင်ဒဏ် ၇ နှစ်နှင့် ၇ လ အပြစ်ပေးခံခဲ့ရသည်။ ၃ နှစ်နှင့် ၁၆ ရက်အကြာ ၁၉၉၅ ခုနှစ်တွင် ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။ သို့သော် အပြင်တွင် ကောင်းမွန်စွာ နေထိုင်ခြင်းမရှိဟုဆိုကာ စစ်အစိုးရက ကျန်ရှိသည့် ၄ နှစ် တာကာလကို ပြန်လည်ကျခံစေခဲ့သည်။

ယင်းနောက် ထောင်မှ လွတ်ရက်စေ့သော်လည်း ပြန်လည် လွှတ်ပေးခြင်းမရှိဘဲ ၁၀ (က) ဖြင့် ၁ နှစ်နှင့် ၉ လ ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ ၂၀၀၅ ခုနှစ် မတ်လတွင် တရားမ၀င်ပစ္စည်း သယ်ယူရာတွင် အားပေးကူညီသည်ဟုဆိုကာ ထောင်ဒဏ် ၇ နှစ် အပြစ်ပေးခံရသည်။ ထောင်ထဲတွင် ၆ နှစ် ၂ လ ကြာမြင့်ပြီး အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယမန်နေ့က အင်းစိန်ထောင်မှ လွတ်မြောက်လာသူ ဖြစ်သည်။ ဦးကျော်ဆန်းကို ဧရာဝတီ သတင်းထောက် ကိုထွေးက ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။    ။ လွတ်ငြိမ်းချမ်းသာခွင့် အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ ။    ။ လွတ်လာတဲ့ သဘောက စာရွက်ပေါ်အရတော့  နိုင်ငံတော် သမ္မတကြီးရဲ့ မဟာဂရုဏာ ကြီးမားစွာနဲ့ ၁ နှစ်စောပြီး လွှတ်ပေးတယ်လို့ပြောရင်လည်း သိပ်ပြီးတော့ အငြင်းမပွားပါဘူး။ ကျနော်အနေနဲ့ ပြောရရင် ငိုရမှာလား၊ ရီရမှာလားလို့တောင် မေးရမလိုဖြစ်နေတယ်။ နောက်တခုကလည်း နိုင်ငံရေး အကျဉ်းသားလို့ ပြောတာ ဘုရားစူး၊ ကျမ်းစူး လွတ်တဲ့လူက တလလောက်လိုတဲ့သူ ၂ ရက် ၃ ရက်လောက်လိုတဲ့ သူတွေပဲပါတာ။ ကျန်တဲ့သူတွေရဲ့ မိသားစုတွေပါအကုန် ထောင်ဗူးဝမှာ မျက်ရည်စက်လက်နဲ့ ကျန်ရစ်တာပဲ။ ကျနော်က ဒါကို ၀မ်းသာစရာ၊ ပျော်စရာ ပြောလို့ဘယ်လိုဖြစ်မလဲ။

တချို့ ထောင်ကလွတ်လို့ ပျော်တယ်၊ ရှင်လိင်ပြန်လို့ ပျော်တယ်။ အခု ထောင်ကလွတ်လို့ ပျော်တဲ့အထဲမှာ ကျနော်မပါဘူး။ ကိုယ့်ထက်ဆိုးတဲ့ နှစ်ပေါင်း ၅၀၊ ၆၀ လောက် ကျခံနေရတဲ့ လူငယ်တွေ၊ ကိုယ်ရဲ့ လုပ်ဖော်ကိုင်ဖက်လူတွေ ရှိနေတော့ ကျနော်ကို လွှတ်ပေးလို့ ကျနော်က သိပ်ပြီးတော့ ပီတိဖြစ်စရာ အကြောင်းမရှိပါဘူး။  ကျနော်မိသားစုနဲ့ တွေ့ရတယ်၊ ကျနော် ထောင်ကျနေတုန်းက အပြင်မှာမွေးတဲ့ ၆ နှစ်လောက်ရှိတဲ့ မြေးငယ်လေးနဲ့ တွေ့ရတဲ့အတွက်ကြောင့် အဖိုးရဲ့ ပီတိလေးတော့ ရှိတယ်။

ကျနော်တို့ ခေါင်းဆောင်တွေနဲ့ ထိတွေ့ပြီး လုပ်စရာရှိတာကို လုပ်နိုင်တာလေးကတော့ အခွင့်လမ်းကောင်းပါ။ သို့ရာတွင် အထဲက လုပ်ဖော်ကိုင်ဖက်တွေအတွက်လည်း တနှစ်လောက်ပဲရတဲ့ အကျိုးစီးပွားဆိုတော့ ပြောရရင် ဆင်ပါးစပ် နှမ်းပက်တာကမှ သေချာဦးမယ်။ ဘာမှ မသိရပါဘူး။ နိုင်ငံရေးအရ ဘာမှ အဓိပ္ပာယ်မရှိပါဘူး။

ပြည်ထဲရေး ၀န်ကြီးတောင် ဒီထက်မကတဲ့ ၂၀ ကျော် ၃၀ ကျော် အကျဉ်းသားတွေကို ၂ နှစ် ၃ နှစ်နဲ့ လွှတ်ပေးတာတွေ ရှိခဲ့သေးတာ။ အခု နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်က တနှစ်ကြီးများတောင် လွှတ်ပေးတယ်ဆိုတော့ ကမ္ဘာ့အနေနဲ့ ပြောရရင် ပြက်ရယ်ပြုစရာတောင် ကောင်းပါတယ်။ နိုင်ငံရေးအရ ဘာမှ အကျိုးသက်ရောက်မှုရှိတယ်လို့ မထင်တဲ့အပြင် ပိုတောင် ဂုဏ်သိက္ခာ ညှိုးနွမ်းတယ်လို့ ထင်တယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး၊ ဘယ်လိုမှ မဆက်စပ်ပါဘူး။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေးရှုမယ်ဆိုရင်၊ သန့်ရှင်းသော အစိုးရကို ထူထောင်မယ်ဆိုရင် ဘယ်သူ့တိုက်တွန်းမှုမှ မဆောင်ဘဲနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ထိထိရောက်ရောက်နဲ့ အပြင်ဘက်ရောက်အောင် လုပ်ဖို့ကောင်းတယ်။ ဘာလို့လဲဆိုတော့ ပြန်ပြီးတော့ အမျိုးသားပြန်လည် သင့်မြတ်အောင် ရင်ကြားစေ့ရမှာကိုး။ အားလုံးသော တိုင်းရင်းသား အင်အားစု၊ မြေပေါ်မြေအောက် အဝေးရောက်တွေနဲ့ ညှိနှိုင်းဖို့ ဆွေးနွေးဖို့ဆိုတဲ့ နှပ်ကြောင်းတွေတောင်ပေးပြီး ပြောထားတာဆိုတော့ ပမာဏအနေနဲ့ လုပ်ပြတာက သူတို့တွေအတွက် ပိုပြီးတော့တောင် ဂုဏ်သိက္ခာ သေးသိမ်သွားတယ်လို့ ယူဆပါတယ်။

မေး ။    ။ နိုင်ငံရေးကို ဆက်လုပ်ဖို့ရှိလား။

ဖြေ ။    ။ ကျနော်က ခေါင်းဆောင်တွေနဲ့တော့ ဖုန်းထဲမှာပဲ တွေ့ရသေးတယ်။ ကျနော်တို့ ခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် ဆိုတာကလည်း အမျိုးသားခေါင်ဆောင်ကြီး၊ တပ်မတော်ရဲ့ဖခင်၊ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်နှစ်သည်းချာ၊ အဲဒီတော့ ကျနော်က အကျဉ်းထဲကျပ်ထဲမှာ ကိုယ့်ခေါင်းဆောင်နဲ့ ကိုယ့်တပ်ဖော်တပ်သားတွေကို စွန့်ခွာ ထွက်ပြေးတဲ့ တပ်ဖော်တပ်သားမျိုး အဖြစ်မခံနိုင်ဘူးလို့ ကျနော်ခံယူပါတယ်။  ဒါကြောင့်မို့လို့ ကျနော် ကျန်းမာနေသမျှ၊ လုပ်ကိုင်နေသမျှ ကျနော့်ခေါင်းဆောင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆိုးတူကောင်းဖက်  အတူရှိနေမှာပါ။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို မစွန့်ခွာဘူး။ ဒီမိုကရေစီရေးကို ဘယ်တော့မှ ကျောမခိုင်းဘူး။

အချုပ်ခြာအာဏာ ပြည်သူ့လက်ထဲ တကယ်စစ်စစ်မှန်မှန် ရောက်ဖို့ လုပ်ရမယ့်တာဝန်တွေ ကျန်သေးတယ်။ အဲဒါတွေက တယောက်တည်း လုပ်လို့မရသေးဘူး။ အားလုံး ကျနော်တို့ ခေါင်းဆောင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ စည်းလုံးညီညာ အောင်ကြောင်းဖြာ၊ တယောက်အားနဲ့ ယူသော်မရ အများအားနဲ့ ယူသော်ရ၏ ဆိုတဲ့ ရှေးလူကြီးများ၏ အဆိုကို နှလုံးမူပြီး မေတ္တာနဲ့ ဓမ္မနဲ့ ဆက်သွားရမယ့် တာဝန်တွေရှိမယ်လို့ ခံယူပါတယ်။ ချုပ်ပြောရရင် ကျနော်လုပ်ဖော်ကိုင်ဖက်တွေနဲ့ မခွဲမခွာဘူး။ ဒိုးတူဘောင်ဘက် လုပ်မယ်လို့ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ ပြောခြင်းဖြစ်ပါတယ်။

မေး ။    ။ ဒေါ်အောင်ဆန်းစုကြည်အပေါ်ရော အန်ကယ် ဘယ်လိုသဘောထားလဲ။

ဖြေ ။    ။ ရှင်းနေတာပါဗျာ၊ ဒေါ်အောင်ဆန်းစုကြည်က ကျနော်ရဲ့ ညီမရင်းနှမရင်းလို့တောင် ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ကျနော် သီးသန့်မှာ ၅ (ည) နဲ့ ထောင်ထဲသွင်းခံထားရတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ကလည်း အပြင်မှာ အကျုပ်ချုပ်နဲ့ ခံထားရတဲ့ အချိန်မှာ အမျိုးသားညီလာခံ စဖို့ လုပ်တော့ အမေရိကန် လွတ်တော်ကိုယ်စားလှယ် ဘီလ် ရစ်ချက်ဆန် လာတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တာ ပြောတာတွေရှိတယ်။ ကျနော်မကြားရဘူး၊ အခု ဒီမိုကရေစီ အင်အားစုများ ရောက်နေတဲ့ ဦးစိန်လှဦးတို့၊ ဦးခင်မောင်ဆွေတို့ ထောင်ထဲကို တကျော့ပြန်ဝင်လာတယ်။ အဲဒီမှာ ကျနော်ပြောတာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ရစ်ချက်ဆန်ကို ပြောတာတွေက အနှစ်သာရတူနေတယ် လို့ပြောတယ်။ သူတို့ဘာပြောမှန်းတော့ မသိဘူး။

ဒါပေမယ့် ဒီမိုကရေစီလိုင်းပေါ်ကနေ ရပ်ပြီးပြောတယ်ဆိုတာကိုတော့ သံသယ မဖြစ်ဘူးလို့ ကျနော်က ပြောတယ်။ အဲဒီတော့ ကျနော်က ပြောလိုက်တယ်၊ ကျနော်တို့ အချင်းချင်း နှလုံးသားချင်းဆက်သွယ်နေပြီးသားပါလို့ ပြောတယ်။ အဲဒါလေး ကြည့်ခြင်းအားဖြင့် ကျနော် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လို သဘောထားလဲဆိုတာ သိသာပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ရင်နှစ်သည်းချာ ဖြစ်တဲ့အတွက်ကြောင့် အမျိုးသားခေါင်းဆောင်ကြီးကို ယုံကြည်တာ လေးစားတာနဲ့ သစ္စာ စောင့်သိတာနဲ့အတူ သူ့ရဲ့ ရင်နှစ်သည်းချာကိုလည်း နိုင်ငံသားတဦးအနေနဲ့ စောင့်ရှောက်ကာကွယ်ပေးရမယ်။ ဆိုးတူကောင်းဘက် လက်တွဲ လုပ်ရမယ့်ဆိုတဲ့ ခံယူချက် အခိုင်အမာရှိပြီးသားပါ။

မေး ။    ။ အတိုက်အခံတွေရဲ့ လှုပ်ရှားမှုတွေအပေါ်ရော ဘယ်လိုမြင်လဲ။ အားပျော့သွားလား အားကောင်းလာလား။

ဖြေ ။    ။ အပြင်ဘက်က ဘာတွေလုပ်နေလဲဆိုတာတော့ ကျနော်သိပ်မသိသေးဘူး။ တောသား မြို့တက်လာသလို ဖြစ်နေသေးတယ်။ အခြေအနေကတော့ သူတို့ တတ်နိုင်သမျှတော့ လုပ်နေပါတယ်။ အဝေးက လုပ်နေတာလည်း သူဟာနဲ့သူတော့ ထိရောက်ပါတယ်။ အတွင်းကျတဲ့ အခါကျတော့လည်း ကျနော်တို့က ဘ၀ကို ရင်းရတာ၊ ထောင်နဲ့ ရင်းရတာ၊ အသက်နဲ့ ရင်းရတာ။ လင်မယားကွဲသွားတာတွေ၊ ဘ၀ပျက်သွားတာတွေ၊ ၂ နှစ် ၃ နှစ် အရွယ် သားသမီးတွေကိုပါ ပစ်ထားခဲ့ရတာတွေကလည်း အများကြီးကိုးဗျ။

ကျနော်တို့ကတော့ နှလုံးရည် မေတ္တာနဲ့ ဓမ္မ ရင်းဖို့လိုပါလိမ့်မယ်။ ဒေါသနဲ့ ရင်းရင်တော့ မှားပါလိမ့်မယ်။ ဒီမိုကရေစီ နည်းလမ်းတွေကို အခိုင်အမာ စွဲကိုင်ဖို့လိုပါတယ်။  အကြမ်းမဖက်ဖို့၊ စည်းကမ်းရှိဖို့၊ ညီညွတ်ဖို့ လိုပါတယ်။ အဲဒီလို အားတွေနဲ့ ရအောင်ကတော့ တယောက်အားနဲ့ ယူသော်မရ၊ ပြည်သူအားနဲ့ယူသော်ရဆိုသလို အားလုံး ပြည်သူ့အားရအောင် စုစည်းရမှာပါ။ မြေပေါ်မှာလုပ်နေတဲ့သူတွေက ဒီ အားရအောင် လုပ်တယ်ဆိုရင်တော့ ထောက်ခံရမှာပဲ အားပေးရမှာပဲ။ ဒီအားမရသေးဘူးဆိုရင်တော့ ရသည်အထိ ကိုယ်အပါအ၀င် ကျရာနေရာကနေပြီးတော့ ဓမ္မနည်းနဲ့ မေတ္တာနည်းနဲ့ ရင်းရမှာပါ။ တဖက်ကလည်း ရန်သူမှ မဟုတ်တာ၊ ကိုယ့်တိုင်းပြည်က ကိုယ်လူတွေဆိုတော့ ဘာပဲပြောနေနေ မေတ္တာနဲ့ ကြိုးစားနိုင်သလောက် ကြိုးစားရမယ်ပါ။ တနည်းပြောရရင်တော့ ယဉ်ကျေးသော လူ့ဘောင်လောကနဲ့ မွန်မြတ်သော လူသားဝါဒကို အခြေခံသော အမျိုးသားနိုင်ငံရေးဝါဒကို ယုံကြည်မှု အပြည်အ၀ဖြင့် ခံယူကျင့်သုံးကြလျက် အမိပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ပြည်သူတို့ အလုပ်အကျွေးပြုနိုင်ရေးဆိုတဲ့ အတွေးအခေါ်အပေါ်မှာ ရပ်ပြီး အလုပ်လုပ်ရမယ်လို့ ကျနော်ခံယူပါတယ်။

မေး ။    ။ အပြောင်းအလဲအတွက်က ဘယ်လောက်အထိ မျှော်လင့်ချက်ထားလဲ။

ဖြေ ။    ။ အပြောင်းအလဲကတော့ သူတို့ သမ္မတကြီးပြောတဲ့ဟာတွေက အင်မတန် ကြည်နူးကျေနပ် ပိတီ ဖြစ်စရာပါ။ ပြောရရင်တော့ အပြောကတော့ ကိုရွှေမန်းပဲ၊ အကကတော့ ချိုမိုင်မိုင်ဆိုရင်တော့ ချိုမိုင်မိုင် အဆင့်ထက် မပိုသေးပါဘူး။ ပြောတာကတော့ အံ့ဖွယ်ဘနန်း အံမခန်းပေါ့။ လုပ်တာကတော့ သိပ်ပြီးတော့ အခုထက်ထိ အပြောနဲ့အလုပ် မညီသေးပါဘူး။ ဒါစောင့်ကြည့်ရမယ်ကာလဆိုတော့ သူတို့ကိုလည်း အချိန်ပေးရမှာပေါ့။ ၃ လတန်သည်၊ ရက်ပေါင်း ၁၀၀ တန်သည်၊ အဲဒီလောက်ပေါ့။ နှစ်ဝက်လောက်မတိုင်ခင် သူတို့ ဂရပ်ဖ်တွေ ပုံပေါ်မှာပါ။

ကျနော်တို့ကလည်း အခြေအနေပေးတဲ့ဟာတွေကို စောင့်မကြည့်ဘဲနဲ့ ဗေဒင်ချည်းပဲ အားမကိုးဘဲနဲ့ ကိုယ်ကလည်း နည်းနည်းလောက် လုပ်ပြရဦးမယ်ဆိုသလိုပဲ ကျနော်တို့ကလည်း အလိုအလျောက် ဖြစ်ပေါ်ရေးဆိုတဲ့ အတွေးအခေါ်၊ စိတ်ကူးယဉ်တာ မဟုတ်ဘဲနဲ့ ဥစ္စာရင်လို ဥစ္စာရင်ခဲ ညီညီညွတ်ညွတ်နဲ့ စုပေါင်းညီညာရင်တော့ သံဃာအား ဘုရားမခံနိုင် ဆိုတာတောင် ရှိသေးတာဆိုတော့ သူတို့က ဘုရားမှ မဟုတ်တဲ့ဟာပဲ၊ တကယ်လို့ ပြည်သူကသာ ညီညွတ်ရင်၊ နိုင်ငံရေးပါတီတွေကသာ ညီညွတ်ရင် ကျနော်တို့လည်း စေတနာပါရင် လုပ်ရပ်တွေ၊ နည်းဗျူဟာတွေ၊ ကိုယ်ကျိုးမဖက်တာတွေ မှန်ရင် ဒီအောင်ပွဲက ဧကန်မလွဲပါ။

မေး ။    ။ အစိုးရသစ်အပေါ်ရော ဘယ်လို သဘောထားလဲ။

ဖြေ ။    ။ သမ္မတကြီးမိန့်ခွန်းက လေးစားရမယ့်ဟာ၊ ကြိုဆိုရမယ့်ဟာ။ ဒါက သဘောတရားအရပြောတာပါ။ အလုပ်နဲ့ ပုံဖော်ဖို့ သူ့ကို အချိန်ပေးရမှာပါ။ ပြောဖို့စောပါသေးတယ်။ ဒါပေမယ့် တာထွက်သလောက်တော့ မဟန်ဘူးလို့ ပြောရမှာပေါ့ဗျာ။

မေး ။    ။ ထောင်ထဲက အတွေ့အကြုံကရော ဘယ်လိုရှိလဲ။

ဖြေ ။    ။ ထောင်ထဲမှာလည်း အရင်ထက်စာရင် ပိုးစိုးပက်စက် လုပ်တာတွေဘာတွေတော့ နည်းနည်းတော့ ဘရိတ်အုပ်လာပါတယ်။ ဒါပေမယ့်လို့ ပြင်သင့်သလောက် မပြင်သေးပါဘူး။  ပြင်သင့်သလောက် မပြင်သေးဘူးဆိုတာက ပုံသဏ္ဍာန်အရ ပြင်သယောင်ဆောင်ပေမယ့် အတွင်းသရုပ်က အကျည်းတန်တာတွေ အများကြီးရှိပါတယ်။ စာတွေ့မဟုတ်ဘူး။ စားဝတ်နေရေးကိစ္စတို့၊ နောက် ထိတွေ့ဆက်ဆံတာတို့၊ ကျနော်တို့ကို ဒု ထောင်မှူးလောက်ရှိတဲ့လူနဲ့ ဖုတ်ဖုတ်ကင်ကင် ပစ်ထားတာ၊ ကျနော်တို့ ကျန်းမာရေး လူမှုရေး လှည့်မကြည့်ဘူး။ အုပ်ချုပ်မှုပိုင်းမှာလည်း အားနည်းပါတယ်။

၆ နှစ်လုံးလုံး ထောင်က ကျွေးတာ ဘာမှမစားဘူး။  အိမ်ကပေးတာပဲ စားတယ်။ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုကလည်း အားနည်းပါတယ်။ လူအခွင့်အရေး ချိုးဖောက်မှုတွေလည်း အခုချိန်အထိ ရှိသေးတယ်။ ထောင်မှူးလောက်လူက ကျနော်တို့ အသက်အရွယ်ရှိတဲ့ ဒု ဗိုလ်မှူးကြီး အငြိမ်းစားတောင်မှ ‘ကောင်းကောင်းပြောမရရင် လက်ပဲ ကျန်တော့တယ်’ ဆိုတဲ့အထိ ခြိမ်းခြောက်တာ ခံရပါတယ်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်