အခြေခံဥပဒေပါ အခွင့်အရေး တဖြည်းဖြည်း တောင်းရမှာပဲ

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ပေါ်ပေါက်လာတဲ့ လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဘယ်လောက်ရှေးရှု ဖော်ဆောင်နိုင်မှာလဲ၊ စနစ်တခုကနေ စနစ်တခုကို ပြောင်းလဲခဲ့ပြီးလား ဆိုတဲ့ မေးခွန်းတွေနဲ့ မြန်မာဒီမိုကရေစီဟာ ဘယ်ကိုဦးတည်နေပါသလဲဆိုတဲ့ ဆွေးနွေးငြင်းခုံမှုတွေ ရှိနေပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေဟာ ဘယ်လို အဓိပ္ပာယ်ဆောင်ခဲ့ပါသလဲ ဆိုတာကို ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ရဲ့ သုံးသပ်ချက်တွေကို ဧရာဝတီ သတင်းထောက် ထက်အောင်မှ ဆက်သွယ်မေးမြန်းထားပါတယ်။ ဒေါက်တာ အေးမောင်ဟာ အမျိုးသားလွှတ်တော်ရဲ့ “အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ” ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

Dr-Aye-Maung-Interview---Htet-Aung-19-5-11မေး ။    ။ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေအပေါ် အားရကျေနပ်မှုရှိပါသလား။ လွှတ်တော်တွင်း ဆွေးနွေးမှုတွေအပေါ် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ခေါင်းဆောင်တဦးအနေနဲ့ရော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့ရော ဘယ်လိုသုံးသပ်ချင်ပါသလဲ။

ဖြေ ။    ။ နှစ်ပေါင်း ၂၀ ကျော် စစ်အစိုးရအုပ်ချုပ်မှုကို အခြေပြုပြီး လွှတ်တော်ပေါ်လာတယ်။ မေးခွန်းတွေ မေးကြတယ်၊ ဖြေတဲ့ဝန်ကြီး အတော်များများကလည်း ပြီးခဲ့တဲ့ကာလကို အကောင်းမြင် အပြုသဘောနဲ့ ကာကွယ်ပြီး ဖြေသွားကြတယ်။ အဆိုတခုကို တင်တဲ့အခါမှာလည်း ကျနော်တို့တင်တဲ့အဆိုကို ပြန်ပြီးချေပတဲ့သူတွေက ပြည်ခိုင်ဖြိုး  (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ပါတီဝင် (၀န်ကြီးတွေ) ပဲ ဖြစ်တဲ့အခါကျတော့ အများကို အကျိုးပြုတဲ့ကိစ္စတွေ၊ ဒေသတခုကို တကယ်တမ်း ထိထိရောက်ရောက် အကူအညီပေးသင့်တဲ့၊ ပြည်ထောင်စုအစိုးရ ဆောင်ရွက်နိုင်တဲ့ကိစ္စတွေ ဆိုပေမယ့်လို့ ပြီးခဲ့တဲ့ကာလကို ကာကွယ်တဲ့အနေနဲ့ ပြန်ပြောကြတာ ရှိတယ်။ ဆိုလိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိတဲ့ကာလက ကဏ္ဍတွေ အကုန်လုံးကို အဲဒီတုန်းက ၀န်ကြီးတွေအားလုံးက ကာကွယ်ဖြေဆိုသွားကြပါတယ်။

ဒါပေမယ့် ဒီမိုကရေစီ အလေ့အကျင့်လေးတော့ လွှတ်တော်တွင်းမှာ ဖြစ်လာတာပေါ့။ လွှတ်တော်က မေးမြန်းတာတွေကို ၀န်ကြီးတွေကိုယ်တိုင် လာဖြေရတယ်ဆိုတဲ့ဟာက အခုစနစ်သစ်နဲ့ သွားမယ့်ခရီးမှာ ၀န်ကြီးတွေရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြသလို ဖြစ်သွားတာပေါ့။ အဲဒီတော့ လာမယ့် ၆ လ သို့မဟုတ် ၁ နှစ်အတွင်း ပြန်ပေါ်လာမယ့် ပါလီမန်အထဲမှာ ပြည်ထောင်စုဝန်ကြီးတွေဟာ ပြည်သူ့ကိုယ်စားလှယ် အတော်များများ ပြုစုပြင်ဆင်လာတဲ့ ဒေသနဲ့ပတ်သက်တဲ့ မေးခွန်းတွေ မေးမြန်းတာ ခံရမှာပါ။

ဒီလို လွှတ်တော်တွင်း မေးမြန်းဖြေကြားမှုတွေဟာ နမူနာကောင်းလေးတွေ အစဉ်အလာကောင်းလေးတွေတော့ ဖြစ်သွားမယ်။ ၀န်ကြီးတွေကိုယ်တိုင် လွှတ်တော်ဥက္ကဋ္ဌကြီးကို တိုင်တည်ပြီးမှ လွှတ်တော်ရဲ့ ထုံးတမ်းစဉ်လာနဲ့အညီ ပြောဆိုကြရတယ်။ တချို့ဆိုလည်း အမျိုးသားလွှတ်တော်မှာ ဖြစ်သွားတာက ၀န်ကြီးတွေ ပြန်ဖြေတဲ့အခါမှာ မဆီလျော်တဲ့ သုံးနှုံးပြောဆိုမှုတွေရှိတော့ လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင်က မသုံးနှုံးဖို့ တားမြစ်မှုတွေ ရှိခဲ့ပါတယ်။ ဆိုလိုတာက ၀န်းကြီးတွေဟာ ရွေးကောက် တင်မြောက်ထားတဲ့ထဲက ဖြစ်ရင် ဖြစ်မယ်၊ ဒါမှမဟုတ် ခန့်အပ်ခံရတဲ့သူတွေ ဖြစ်ချင်ရင်ဖြစ်မယ်၊ ဒါပေမယ့် လွှတ်တော်ကို လာရောက်ဖြေဆိုတဲ့အခါမှာ ပြည်သူ့ကိုယ်စားလှယ်တွေကို လေးလေးစားစားနဲ့ ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်လည်ဖြေကြားရမယ့် သဘောပါ။  

မေး ။    ။ အရင်တုန်းက လွှတ်တော်လည်းမရှိ၊ အစိုးရလုပ်နေတာကိုလည်း ပြည်သူတွေ မကြားသိရဘူး။ အခုလွှတ်တော် ပေါ်လာတဲ့အခါ လွှတ်တော်တွင်း ဆွေးနွေးမှုတွေကို ပြည်သူတွေ အတိုင်းအတာတခုအထိ သိခွင့်ရလာတယ်။ ၀န်ကြီးတွေကို မေးမြန်းခွင့်ဆိုတာ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း မရခဲ့တဲ့အခွင့်အရေးဖြစ်တယ်လို့ တချို့ကလည်း အကောင်းမြင်သလို တချို့ကလည်း ၀န်ကြီးတွေဟာ သူတို့ဆောင်ရွက်ခဲ့တာတွေကို ကိန်းဂဏန်းတွေ၊ အချက်အလက်တွေ အများအပြား ကိုးကားပြီး ကာကွယ်သွားကြတာကို ကြည့်ပြီး မေးခွန်းတွေ၊ အဆိုတွေ တင်တာပဲရှိတယ်။ နောက်ဆုံးတော့ တစုံတရာ အပြောင်းအလဲ မရှိပါဘူးလို့ သုံးသပ်တဲ့သူတွေလည်း ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့ ဒီအမြင် ၂ မျိုးအပေါ် ဘယ်လိုတုန့်ပြန်ချင်ပါသလဲ။

ဖြေ ။    ။ အမြင်ကတော့ နှစ်ဖက်ရှိမှာ ပါပဲ။ ကျနော်ခုနပြောခဲ့သလို အခြေခံကောင်းတခုကို စပြီး ပုံသွင်နိုင်ခဲ့ပြီလို့ ယူဆရမှာ ပေါ့။ ပြီးခဲ့တဲ့ တည်ဆောက်ပြုပြင်တဲ့ လုပ်ငန်းတွေကို တချို့က ပြန်မေးတော့ မီဒီယာကိုတော့ အသုံးချမှာပါပဲ၊ ဒါပါပဲ။ ဒါပေမယ့် အဲဒါတွေရဲ့အကျိုးကို ခံစားနေရတဲ့ ပြည်သူတွေကတော့ အမှန်ကို သုံးသပ်မှာပေါ့။ ပြည်သူကိုယ်တိုင် ဝေဖန်နိုင်တဲ့ အခြေအနေတခု ရောက်တဲ့အခါမှာ လွှတ်တော်ရဲ့ မြင်ကွင်းကောင်းတာ၊ မကောင်းတာကို လူထုကိုယ်တိုင် ဝေဖန်လာမှာပါပဲ။ အဲ့ဒါက အမြတ်ပဲ။

ပထမအကြိမ် လွှတ်တော်မှာ ကျနော်တို့က မေးကြတယ်၊ ၀န်ကြီးတွေက ဖြေကြတယ်ဆိုတာ မှတ်တမ်း ကျန်ခဲ့မှာပဲလေ။ ဒုတိယအကြိမ် လွှတ်တော်မစမီ ကြားကာလမှာ (လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့) ပြည်သူတွေကို ဘယ်လို မေးမြန်းစုံးစမ်းရမယ်၊ လွှတ်တော်မှာ ဘာတွေမေးဖို့သင့်ပြီဆိုတာကို ပြန်ပြီးလေ့လာရမယ်။ အခုသွားနေတဲ့ လမ်းကြောင်းဟာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့လမ်းကြောင်းမှ ဟုတ်ရဲ့လား၊ ဘယ်လိုပြုပြင်ဖို့ လိုနေလဲ၊ အစိုးရအဖွဲ့က လာဘ်ပေး လာဘ်ယူ လုပ်နေသလား၊ အောက်ခြေမှာ ဘယ်လိုအခြေအနေရှိသလဲ၊ တကယ်တမ်း သူတို့ကြွေးကြော်တဲ့၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါတဲ့ လူတဦးချင်းရဲ့ အခြေခံလူ့အခွင့်အရေးတွေ အကုန်လုံးကို တကယ်တမ်းရကြရဲ့လား။ လူထုဟာ သူတို့ရဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်း နိုင်တဲ့ပစ္စည်း စတာတွေနဲ့ပတ်သက်တဲ့ Property Right တွေရကြရဲ့လား။ အဲဒါလေးတွေကအစ လာမယ့် ပါလီမန်မှာ မေးနိုင်တဲ့မေးခွန်းတွေ ဖြစ်လာမှာပေါ့လေ။

ပြည်ထောင်စုအစိုးရကိုချည်းပဲ မပြောလိုပါဘူး၊ လွှတ်တော်ကိုယ်တိုင်ကလည်း တက်လာတဲ့ ကိုယ်စားလှယ်တွေကို တကယ်တမ်း လူထုကို ကိုယ်စားပြုသလား၊ ဖောက်ပြန်နေတာရှိသလား၊ အဲဒါတွေအကုန်လုံးကို မီဒီယာသမားတွေကလည်း လွှတ်တော်ကိုယ် စားလှယ်တဦးချင်းကို ထောက်ပြဝေဖန်တာတွေ လုပ်ကြပါလိမ့်မယ်။ သမ္မတ ဦးသိန်းစိန်ကလည်း မီဒီယာဟာ စတုတ္တမဏ္ဍိုင်အဖြစ် ပြောဆိုသွားတာ ရှိပါတယ်။ အစိုးရကို၊ လွှတ်တော်ကို၊ တရားစီရင်ရေးဘက်ကို မီဒီယာသမားတွေက ကောင်းတာရော ဆိုးတာရောကို ကြားနေပြီး ထောက်ပြဝေဖန်လာနိုင်ရင် ကောင်းတဲ့ဘက်ကို သွားမှာပါပဲ။ ဒါတွေကို လက်ခံရမှာပါပဲ။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဒီအခြေခံဥပဒေမှာ ပေးထားတဲ့ အခွင့်အရေးတွေကိုတော့ တဖြည်းဖြည်းနဲ့ ကျနော်တို့ တောင်းရမှာပဲလေ၊ ပြုပြင်သွားနိုင်အောင် ကြိုးစားရမှာပါပဲ။

မေး ။    ။ လွှတ်တော်တွင်း မေးခွန်းမေးတာပဲဖြစ်စေ၊ အဆိုတင်တာပဲဖြစ်စေ လွှတ်တော် ကိုယ်စားလှယ်တွေဘက်က ကိန်းဂဏန်း အချက်အလက် အထောက်အထားနဲ့တကွ အတိအကျ တင်ပြဆွေးနွေးမှု အားနည်းတာတွေ့ရတယ်။ နိုင်ငံရေးပါတီတွေဘက်က သုတေသနပြုမှု၊ လေ့လာမှုအပိုင်းတွေမှာ အားနည်းနေတော့ ပါတီတွေအနေနဲ့က နောင်လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ ပိုပြီး ထိထိရောက်ရောက် မေးမြန်းနိုင်အောင် ဘယ်လိုများ စီစဉ်ထားပါသလဲ။

ဖြေ ။    ။ ဒီကိစ္စက အရေးကြီးပါတယ်။ ပါတီတွေက စနစ်ကျဖို့ လိုပါတယ်။ ပြည်သူအကြားမှာ လေ့လာတဲ့အခါမှာ ကျနော်တို့ ပါတီတွေမှာ R & D (Research & Development) ဌာနလောက်တော့ ရှိဖို့လိုပါတယ်။ ပါတီတွေပိုင်းကလည်း အချက်အလက်တွေမှန်အောင် လုပ်တဲ့နေရာမှာ အောက်ခြေအဖွဲ့အစည်းတွေရဲ့ အကူအညီ လိုအပ်သလို NGO တွေဖက်ကလည်း ကူညီပံ့ပိုးပေးလို့ ရပါတယ်။ နောက်ပိုင်းမှာ ပါတီမှာ သုတေသနလုပ်ငန်းတွေ ထူထောင်လုပ်ဆောင်သွားဖို့ ရှိပါတယ်။

မေး ။    ။ အစိုးရက အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေရဲ့ ကိန်းဂဏန်း အချက်အလက်တွေ သူတို့ဆီမှာ အသေးစိတ် ရှိပါတယ်။ အမျိုးသားလွှတ်တော်ရဲ့ “အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ” ဥက္ကဋ္ဌ တဦးအနေနဲ့ အစိုးရစီမံကိန်းတွေရဲ့ သတင်းအချက်အလက်တွေကို စစ်ဆေးကြည့်ရှု့ခွင့်ရှိပါသလား။ ကော်မတီရဲ့လုပ်ပိုင်ခွင့် ဘယ်လောက်ရှိပါသလဲ။ 

ဖြေ ။    ။ ကျနော်တို့ကော်မတီရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ပေးထားပါတယ်။ တာဝန်ဆိုတဲ့နေရာမှာ လွှတ်တော်ကော်မတီ တခုက အစိုးရရဲ့လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မေးမြန်းစရာရှိတဲ့အခါ သက်ဆိုင်ရာဝန်ကြီးက လာရောက် ဖြေကြားရပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့နေရာမှာ ၀န်ကြီးတွေက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ပြောကြားထားတဲ့ ကတိက၀တ်တွေ လောက်ကိုပဲ စစ်ဆေးရတာပါ။ လွှတ်တော်ပြင်ပမှာ အစိုးရအဖွဲ့လုပ်နေတဲ့ လုပ်ငန်းစီမံကိန်းတွေ ရှိမှာပဲလေ။ အဲဒါတွေကိုကျနော်တို့က စိစစ်ရတာမဟုတ်ပါဘူး။ လွှတ်တော်ရဲ့မေးခွန်းတွေကို ဖြေကြားတဲ့အခါမှာ ပြုခဲ့တဲ့ ကတိက၀တ်တွေကိုသာ စိစစ်ခွင့်ရှိပြီး အဲဒီ ကတိက၀တ်ပြုတဲ့ နေရာအထိသွားပြီး အချိန်ကာလ သတ်မှတ်ထားတဲ့အတိုင်း စိစစ်လို့ရတာပါ။ အဲဒီလို စိစစ်ပြီးရင်လည်း တွေ့ရှိချက်တွေကို ကျနော်တို့က လွှတ်တော်ကို ပြန်လည်အစီရင်ခံရပါတယ်။ အစီရင်ခံစာကို လွှတ်တော်က အများသဘော တူဆုံးဖြတ်ပြီးတဲ့အခါမှာ လွှတ်တော်ဥက္ကဋ္ဌက လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုအစိုးရကို သမ္မတကြီးဆီကတဆင့် သွားမှာ ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ လွှတ်တော်မှာ ကတိက၀တ် ပြုထားတာတွေကိုပဲ စိစစ်ရတာပါ။ လွှတ်တော်ရဲ့ (လုပ်ပိုင်ခွင့်) ဘောင်နဲ့ပတ်သက်ပြီး အခြားနိုင်ငံတွေက လွှတ်တော်တွေ၊ အာဆီယံက လွှတ်တော်တွေကိုလေ့လာပြီး လွှတ်တော်ပြင်ပက အစိုးရရဲ့လုပ်ငန်းတွေကိုပါ ကြည့်နိုင်အောင် လွှတ်တော်ဘောင်ကို ဘယ်လိုမြှင့်နိုင်မလဲဆိုတာ နောင်မှာလုပ်ရမယ့် လုပ်ငန်းတွေပါ။

မေး ။    ။ လွှတ်တော်ဟာ တကယ်အနှစ်သာရရှိတဲ့ လွှတ်တော်လို့ ထင်ပါသလား။ အစိုးရသစ်ကလည်း အရင် စစ်အစိုးရလက်ထက်က ၀န်ကြီးတွေနဲ့ပဲ ဖွဲ့စည်းထားတော့ ဘာမှမပြောင်းလဲပါဘူးဆိုတဲ့ သံသယတွေ၊ သုံးသပ်ချက်တွေကို ဘယ်လိုမြင်ပါသလဲ။

ဖြေ ။    ။ အရင်အစိုးရနဲ့ အခုအစိုးရက ပုံသဏ္ဍာန်အားဖြင့် မတူနိုင်တော့ဘူး။ လူတွေက အတူတူဖြစ်နေပေမယ့် မူတွေက မတူတော့ပါဘူး။ သမ္မတကြီးလည်း မိန့်ခွန်း သုံးကြိမ်သုံးခါ ပြောသွားတယ်လေ။ သူတို့ကတိပြုထားတဲ့အတိုင်း လုပ်မလုပ်ကို စောင့်ကြည့်ရမှာပေါ့။ အမှန်တိုင်း လုပ်မလုပ် စောင့်ကြည့်ရမှာ ခင်ဗျားတို့၊ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ အစိုးရ အဖွဲ့က မူပြောင်းတယ်၊ လူမပြောင်းဘူးဆိုပေမယ့်လို့ လူက အနှစ်သာရပိုင်း ပြောင်းလဲလာမယ်ဆိုရင်တော့ လူပါပြောင်းလာတယ်လို့ ဆိုရမှာပေါ့။ လူတယောက်ချင်းက တကယ်တမ်း ဒီမိုကရေစီဘက် သွားချင်တဲ့ဆန္ဒ၊ ခံစားချက်၊ ခံယူချက်ရှိမယ်ဆိုရင် ကာလတခုမှာ အရွေ့ရှိဖို့လိုပါတယ်။  

မေး ။    ။ လွှတ်တော်မပေါ်မီက ဒီလွှတ်တော်ဟာ စစ်ဘက်နဲ့ အရပ်ဘက် ပေါင်းစပ်ထားဖြစ်တဲ့အတွက် လွှတ်တော်ထဲမှာ စစ်ဘက်နဲ့ အရပ်ဘက် ကိုယ်စားလှယ်တွေအကြား တစုံတရာ ထိတွေ့ဆက်ဆံမှုတွေကတဆင့် အပြန်အလှန် နားလည်မှုတွေ ရနိုင်တယ်ဆိုတဲ့ တွက်ဆမှုတွေ ရှိခဲ့ပါတယ်။ အခု လွှတ်တော်ပေါ်ပေါက်လာတဲ့အခါမှာ စစ်ဖက်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ အရပ်သား ကိုယ်စားလှယ်တွေအကြား ဆက်ဆံရေးဟာ ဘယ်လိုရှိခဲ့ပါသလဲ။

ဖြေ ။    ။ ၂၅ ရာခိုင်နှုန်းကို ကျနော်တို့က အစက လူကြီးတွေလာမယ်လို့ ထင်တာဗျ။ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီးအဆင့်ကို အများကြီးပါလာလိမ့်မယ် ထင်ခဲ့တယ်။ တကယ်တမ်းကြတော့ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေပဲ ဖြစ်နေတယ်။ လူငယ်တွေချည်းပဲ။ တော်တော် အံ့သြဖို့ကောင်းတယ်။ မျိုးဆက်သစ်တွေကို ပထမဆုံး လွှတ်တော်ထဲ စသွင်းတာက သူတို့မှာ ရည်ရွယ်ချက်ရှိမှာပဲလေ၊ ထားလိုက်ပါတော့။ လွှတ်တော်တွင်းမှာတော့ သူတို့က နားထောင်ရုံသက်သက်လေ။ ဒါပေမယ့် ရင်နှီးမှုတော့ ရပါတယ်။ အထူးသဖြင့် တချို့က ဒေသခံတွေဖြစ်နေတယ်။ လူမျိုးချင်းတူတာတွေပါတယ်။ နောက် ပညာရေးဘွဲ့ တူတဲ့လူတွေ ရှိကြတယ်။ အဲဒီလို နီးစပ်ရာလေးတွေနဲ့ ရင်းနှီးမှုရခဲ့ပါတယ်။ လွှတ်တော်ပြင်ပ ရောက်တဲ့အခါကြတော့လည်း သူတို့ကိုယ်တိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်ထဲမှာ သူတို့အနေနဲ့ ဘာမှမပြောနိုင်ခဲ့ဘူး။ နောင် လွှတ်တော်ကျရင် ပြောဆိုခွင့်ရမယ်ထင်တဲ့ အကြောင်းပေါ့လေ။ ဒီလိုဆိုရင် တပ်မတော်ဘက်ကလည်း လွှတ်တော်မှာ မေးစရာမြန်းစရာတွေ ပေါ်လာမှာပါ။

ယူနီဖောင်းဝတ်နဲ့ အရပ်ဝတ်ဆိုတဲ့ အသွင်သဏ္ဍာန်အားဖြင့် ကွဲနေပေမယ့်လို့ စိတ်ဓာတ်အားဖြင့် နီးစပ်နေဖို့ လိုပါတယ်။ သူတို့ဘက်ကလည်း ပြည်သူတွေကြားမှာ သူတို့ အမေ အဖေ သားချင်းတွေရှိကြတာကိုး။ လူထုနဲ့က သူတို့မိသားစုတွေ ဆွေးမျိုးသားချင်းတွေ စတာတွေနဲ့ ဆက်နွယ်မှုကရှိတော့ သူတို့မှာလည်း ခံစားချက်တော့ ရှိပါတယ်။ အထူးသဖြင့် လက်နက်ကိုင် အဖွဲ့အစည်းဆိုတော့ ကျနော်တို့ အရပ်ဘက်က သူတွေထက်တောင်မှ သူတို့မိသားစုတွေရဲ့ စားဝတ်နေရေးဆိုရင် လစာတခုတည်းအပေါ်မှာ မှီနေကြရတာကိုး။ ရာထူးကြီးတဲ့သူနဲ့ ရာထူးငယ်တဲ့သူတွေရဲ့ ခံစားချက်လေးတွေ သူတို့မှာ အများကြီး ရှိပါတယ်။ သူတို့က တင်းကျပ်တဲ့ စည်းကမ်းတွေအောက်မှာ နေရတဲ့လူ့အဖွဲ့အစည်း။ ကျနော်တို့က လွတ်လပ်တဲ့လူ့အဖွဲ့အစည်းက လာကြတာဆိုတော့ ကျနော်တို့က ပြောတာဆိုတာကအစ လွတ်လပ်တယ်၊ ကျနော်တို့ ပြောတာဆိုတာတွေကို ကြည့်ပြီး သူတို့မျက်နှာတွေမှာ အားကျနေတာတွေကို မြင်နေရတယ်။ သူတို့မှာ ပါးစပ်ပိတ်ထားရတဲ့ အခါကျတော့ မ၀ံ့မရဲမျက်နှာတွေကိုလည်း တွေ့ရပါတယ်။ ဒါလေးတွေက နောက်ပိုင်းမှာ တဘက်နဲ့တဘက်ကို နားလည်မှုတည်ဆောက်လာနိုင်မယ့် နီးစပ်မှုလေးတွေပေါ့ဗျာ။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်