“စာနယ်ဇင်းလွတ်လပ်ခွင့် အတွေ့အကြုံ မရှိသေးဘူး”

Friday, 10 June 2011 19:19 အင်တာဗျူး
Print
အစိုးရသစ် တက်ပြီး နောက်တွင် စာနယ်ဇင်းလောက၌ မူဝါဒ အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ဟု ခန့်မှန်းသူများ ရှိနေပြီး ပုဂ္ဂလိကပိုင် ဂျာနယ်၊ မဂ္ဂဇင်းများအား စိစစ်ဖြတ်တောက်မှု လျော့ပါးလာလိမ့်မည် ဆိုသည့် ကောလာဟလများလည်း စာနယ်ဇင်းလောကထဲ၌ ပျံ့နှံ့လျက် ရှိသည်။ မကြာသေးခင်က ဖြန့်ချိသော ဂျာနယ်များတွင် ခွင့်ပြုရန် ခက်ခဲသည့် သတင်းနှင့် ဓာတ်ပုံများကိုလည်း ဖော်ပြခွင့်ရရှိခဲ့သည်။

ko-ko-interဇွန်လ ၈ ရက်နေ့က မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနတွင် ပြုလုပ်သွားသည့် အစည်းအဝေး၌ ဇွန်လ ၁၀ ရက်နေ့မှ စတင်၍ စာပေအမျိုးအစား ၅ မျိုးအား စာပေစိစစ်ရေး ကင်းလွတ်ခွင့် (ထုတ်တင်စနစ်) ခွင့်ပြုလိုက်သော်လည်း သတင်းဂျာနယ်များ အပါအဝင် ကျန် စာပေ အမျိုးအစားများမှာမူ မူလ ပုံစံဟောင်းအတိုင်းသာ ဆက်လက် ထုတ်ဝေရမည် ဆိုသည့် ညွှန်ကြားချက် ထွက်ပေါ်ခဲ့သည်။

အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဧရာဝတီ၏ အကြီးတန်းသတင်းထောက် ဝေမိုးက လက်ရှိ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အတွင်းရေးမှူးတဦး ဖြစ်ပြီး အပတ်စဉ် ဂျာနယ် ၃ စောင်ခန့် ထုတ်ဝေဖြန့်ချိလျှက်ရှိသော ရန်ကုန်မီဒီရာ အုပ်စု၏ အမှုဆောင်အရာရှိချုပ် ကိုကို (စက်မှုတက္ကသိုလ်) အား ဆက်သွယ်မေးမြန်း ထားပါသည်။

မေး။     ။ လက်ရှိစာပေစိစစ်ရေး အခြေအနေကို ဆရာ့အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ။     ။ လက်ရှိအနေအထားကတော့ ပြန်ကြားရေးဝန်ကြီးကတော့ ပြောပါတယ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ စာနယ်ဇင်းတွေရဲ့ လွတ်လပ်ခွင့်တွေဟာ တဖြည်းဖြည်းခြင်း ပြောင်းလဲယူသွားပေးမယ်။ အဲဒါနဲ့ အညီ တာဝန်ယူရမယ်လို့ ပြောပါတယ်။ ဒါဟာ ကျနော်တို့ ပြန်ကြားရေးပိုင်းဆိုင်ရာမှာ၊ နောက်ပြီး ပုံနှိပ်ထုတ်ဝေရေး အပိုင်းမှာ အဓိကကျတဲ့ တာဝန် အရှိဆုံးသူတယောက်က ပြောတဲ့စကား ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြောတဲ့အတိုင်းပဲ ဝန်ကြီးအနေနဲ့ ဆောင်ရွက်ပေး လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

သတင်းကို အခြေခံတဲ့ ဂျာနယ်တွေမှာတော့ ကျနော် နှစ်ခုကို ခွဲပြောမယ်ဗျ။ သမ္မတကြီး မိန့်ခွန်းမပြောခင်နဲ့ ပြောပြီး ကာလကို ကျနော် ခွဲပြောချင်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကွဲပြားမှုတွေ တော်တော်လေး တွေ့ပါတယ်။ စာပေစိစစ်ရေးကတော့ တင်နေရတုန်းပါပဲ။ သို့သော် ဖြတ်တောက်မှုတွေတော့ ရှိနေတုန်းပါပဲ။ ဒါပေမယ့် အရင်ကထက် တော်တော်လေး နည်းလာပါတယ်။ သမ္မတကြီး မိန့်ခွန်းပြောပြီး နောက်ပိုင်းမှာတော့ တချို့ နိုင်ငံရေးသတင်းလေး တွေနဲ့ လှုပ်ရှား ဆောင်ရွက်မှု လေးတွေကို ရေးသားလာနိုင်တာကို တွေ့ပါတယ်။ ဥပမာအားဖြင့် ဝန်ကြီးဌာနတချို့ရဲ့ အားနည်းချက်လေးတွေကို ဝေဖန်တဲ့ သတင်းမျိုးတွေပေါ့၊ အဲဒါမျိုးတွေကို ဂျာနယ်တိုက်ကနေ တာဝန်ယူပါတယ် ဆိုတဲ့ မှတ်ချက်နဲ့ ဖော်ပြလာနိုင်တာ ရှိပါတယ်။

အပြည့်အဝတော့ ကျနော်တို့ မျှော်လင့်နေတဲ့ လမ်းကြောင်းတခုကိုတော့ မရောက်နိုင်သေးပါဘူး။ သို့သော် အခုပုံစံအတိုင်းပဲ ဆက်ပြီး တဖြည်းဖြည်းတိုးတက်လာပြီးတော့ ကျနော်တို့ မျှော်လင့်နေတဲ့ နေရာအထိ မရောက်ရင်တောင် အဲဒီနား အထိတော့ ရောက်နိုင်ပါလိမ့်မယ်။ အခုချက်ချင်းကြီး နောက်တလ၊ နောက် နှစ်လ၊ နောက်သုံးလမှာ ရောက်လိမ့်မယ်လို့တော့ ကျနော် မထင်ဘူး။ ကျနော်တို့ အချိန်တော့ ယူလိမ့်မယ်လို့ ထင်ပါတယ်။

လက်ရှိ ကျနော်တို့ တာဝန်ယူနေကြတဲ့ လူကြီးတွေ အားလုံးက စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အတွေ့အကြုံ မရှိသေးဘူးဗျ။ အဲဒီလို မမြင်ဘူး၊ မတွေ့ဘူး၊ မကြုံဘူး ကြတဲ့ အခါကျတော့ စိုးရိမ်နေတယ်လို့ ကျနော် မြင်တယ်။ စိုးရိမ်စိတ်ကလေးတွေ ရှိတယ်။ အရာရာကို စိုးရိမ်စိတ်နဲ့ ချဉ်းကပ်တဲ့ နေရာမှာ ချက်ချင်းကြီး လုပ်ပေးတာထက် တဖြည်းဖြည်းချင်း လုပ်သွားတာက ပိုကောင်းမယ်ဆိုတဲ့ အမြင်မျိုးရှိမယ်လို့ ကျနော်ထင်တယ်။ အဓိကကတော့ ဒီကိစ္စနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ မရှိသေးဘူး။ ကျနော်တို့ဆီမှာ မဆလခေတ် ၂၆ နှစ်၊ နောက်ပြီးတော့လည်း ၁၉၈၈ ကနေ ၂၀၁၁ ခုနှစ် တပ်မတော်အုပ်ချုပ်တဲ့ စနစ် ဆိုတော့ဗျာ ကျနော်တို့ ဆီမှာ free press က မရှိခဲ့ဘူးပေါ့ဗျာ။ အဲဒီတော့ အခု ဒီမိုကရေစီ ဖော်ဆောင်မယ် ဆိုတဲ့ အချိန်မှာ free press ကို ချက်ချင်း ဝုန်းခနဲ သွားမယ်ဆိုတာမျိုး ဖွင့်ပေးမယ့် ဟာမျိုးတော့ ကျနော်မမြင်ပါဘူး။ ဖြည်းဖြည်းချင်း သွားနေတဲ့ နေရာမှာ ဘယ်လောက် ကြာမလဲ ဆိုတာတော့ ကျနော် မသိဘူးဗျ။ မပြောနိုင်ဘူး။ ဒီကနေ့ ဖြစ်မလား၊ မနက်ဖြန် ဖြစ်မလား ဆိုတာကတော့ အဖြေမရှိဘူး။ သိပ်မြန်မြန်ကြီးတော့ ဖြစ်မှာ မဟုတ်ဘူး။ အခု ဂျာနယ်အမျိုးအစား ၅ မျိုးကို ဖွင့်ပေးမယ်။ အဲဒီလို ဖွင့်ပေးတဲ့ အခါမှာလည်း ဒီဘက် ဂျာနယ်တွေ လုပ်နေတဲ့သူတွေဘက်က ဘယ်လောက်ထိ လုပ်သလဲ၊ ဘယ်လောက်ထိ ယုံကြည်စိတ်ချ ရမလဲ၊ ဘယ်လောက်ထိ တာဝန်ယူမလဲ ဆိုတာကို ကျနော်တို့ဘက်ကို စောင့်ကြည့်မယ့် အနေအထားမျိုး ရှိပါလိမ့်မယ်။ အဲဒီလို စောင့်ကြည့်ပြီးမှ မဆိုးပါဘူး၊ ဒါမှမဟုတ် မလွယ်ပါလား ဆိုတာမျိုး ဖြစ်ပါလိမ့်မယ်။ အဲဒီမှာ မဆိုးပါဘူး ဆိုတဲ့ အဖြေမျိုး ထွက်လာရင်တော့ ကျနော်တို့အတွက် ကောင်းမယ်ပေါ့ဗျာ။ မလွယ်ပါလား ဆိုတဲ့ အဖြေမျိုးဆိုရင်တော့ ကျနော်တို့အတွက် ခက်ပါလိမ့်မယ်။ ဒါ ကျနော် လက်ရှိ မြင်တဲ့ အမြင်ပေါ့ဗျာ။

မေး။     ။ စာပေနဲ့ စာနယ်ဇင်း အဖွဲ့နဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေပါသလဲ။

ဖြေ။     ။ ကျနော်တို့ဘက်က အကြံဉာဏ်ပေးတာလေး ဘာလေးတော့ရှိပါတယ်။ နောက် အရေးတကြီး ဆောင်ရွက်ရမှာ ကတော့ စာနယ်ဇင်း ကျင့်ဝတ်ပိုင်း ဆိုင်ရာကိစ္စလေးတွေ လုပ်ဖို့တော့ ရှိမယ်။ အဲဒီတော့ ကျနော်တို့စာပေ စာနယ်ဇင်းကော၊ ပုဂ္ဂလိက စာနယ်ဇင်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကော ပူးပေါင်းပြီး ကျင့်ဝတ်ပိုင်းဆိုင်ရာလေးတွေ လုပ်ဖို့ရှိပါမယ်။ အဲဒါတွေလည်း ဆက်စပ်ပြီး သွားရပါလိမ့်မယ်။ ဒါက ကျနော်တို့ ဆွေးနွေးဦးမှာပါ။ အများကလက်ခံရမယ်၊ ကိုယ့် နိုင်ငံ တနိုင်ငံ တည်းလည်း မဟုတ်ဘူး။ နိုင်ငံတကာနဲ့ ကိုက်ညီတဲ့ စာနယ်ဇင်း ကျင့်ဝတ် ဆိုတာမျိုးလည်း ဖြစ်ရမယ်။ အဲဒါကို ရေးဆွဲသွားမယ်။ ဒါကလည်း လိုအပ်နေတယ်။ ဟိုဘက်က လွတ်လပ်ခွင့် ပေးတာနဲ့ အညီ ကျနော်တို့ဘက်ကလည်း ကျင့်ဝတ်နဲ့ ညီဖို့လိုမယ်။ သူတို့ဘက်က ကဲ ငါတို့တော့ လွတ်လပ်ခွင့်ပေးပြီ မင်းတို့ဘက်ကကော ဘယ်လို ကျင့်ဝတ်မျိုးတွေ စည်းကမ်းတွေ ရှိသလဲ ဆိုပြီး မေးလာရင် ဒါတွေက လိုလာမယ်။ ဒါ ကျနော်တို့ဘက်က ပြင်ဆင်မှာ။

မေး။     ။ အာဆီယံ တချို့နိုင်ငံတွေကအစ နောက်ထပ် ရွေးကောက်ပွဲတခုကို မျှော်လင့်တယ်လေ။ ဆရာ ပြောတဲ့ ပုံစံအရ နောက်ထပ် ရွေးကောက်ပွဲ တခု ရလာရင် ပိုပြီး လွတ်လပ်မှု ရလာမယ်လို့ ထင်သလား။

ဖြေ။     ။ ကျနော်မျှော်လင့်တာကတော့ ဒီ ၅ နှစ်သက်တမ်းပြီးသွားရင် ပိုပြီး ကောင်းလာပါလိမ့်မယ်။ ဒီလိုပြောလိုက်တော့ ဒီ ၅ နှစ်အတွင်းမှာ ပြောင်းလဲမှု မရှိနိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ ဒီ ၅ နှစ်အတွင်းမှာလည်း အများကြီး ပြောင်းမှာပါ။ အခုမှ ၃ လပဲရှိသေးတော့ ပြောလို့တော့ မရသေးဘူး။ သင်္ကြန်ပိတ်ရက်နဲ့ ဘာနဲ့ဆိုတော့ အစိုးရ အလုပ်လုပ်ချိန်က ဘာမှ မရှိသေး ဘူးလေ။ ဒီကာလမှာ ဒီအစိုးရအဖွဲ့ အရမ်းကောင်းပါတယ်လို့ ပြောလို့မရသေးသလို ဘာမှလည်း တိုးတက်မှု မရှိပါလားလို့ ပြောလို့မရသေးဘူး။ ပြောရမယ် ဆိုရင်တော့ အခုအချိန်က ပြောဖို့ အရမ်းစောသေးတယ်။ ၃ လလောက် ဆိုရင်တော့ သူတို့ရဲ့ လားရာ၊ ဘယ်ကို ဦးတည်နေသလဲ ဆိုတာတော့ သိလာလိမ့်မယ်။ ပိုကောင်းလာလား၊ ပိုဆိုးသွားမှာလားပေါ့။ အခုကတော့ ပြောဖို့ ခက်တယ်။ အခုအချိန်မှာ အရမ်းကောင်းပါတယ်လို့ ပြောရင်လည်း ကျနော် ရမ်းသမ်း ပြောရာကျမယ်။ အရမ်းဆိုးပါတယ်လို့ ပြောရင်လည်း မတရားရာကျမယ်ဗျ။ နည်းနည်းတော့ စောင့်ကြည့်ဖို့လိုမယ်။

မေး။     ။ မကြာသေးခင်ကပဲ တွေ့လိုက်ရတာက အရင်တုန်းက ခွင့်ပြုတာမျိုး မရှိခဲ့တဲ့ ဓာတ်ပုံတွေ၊ သတင်းမျိုးတွေ ဂျာနယ်တွေမှာ ဖော်ပြလာတာ တွေ့လိုက်ရတယ်။ အဲဒီကိစ္စကိုကော ဘယ်လို သုံးသပ်မိလဲ။

ဖြေ။      ။ ကျနော် မျှမျှတတ ပြောချင်တာက ခုနကပြောသလိုပေါ့ ဒီပုံလေးတွေ ထည့်လို့ရတာနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ကတော့ အရမ်းတိုးတက်သွားပြီလို့ ပြောလို့မရသလို၊ ဒီပုံတွေ အပယ်ခံရတာနဲ့ပဲ အရမ်းဆုတ်ယုတ်နေပြီလို့ ပြောလို့မရဘူး။ ထည့်ခွင့်ရရင်လည်း ဘယ်လောက်ထိ ဆက်ပြီး ထည့်လို့ရမှာလဲ၊ မရဘူးဆိုရင်လည်း ဘာကြောင့် မရတာလဲ ဆိုတာ နည်းနည်း ဆန်းစစ်ဖို့တော့ လိုလိမ့်မယ်။ ဒါ ထည့်လို့ရတယ်ဆိုတာက စဉ်ဆက်မပြတ် ဖြစ်နေမှာလား ဆိုတာကို စောင့်ကြည့်ရမယ်။ အခုအချိန်က ဒီလိုမျိုး ထည့်ခွင့်ရတာကို ဆက်ဆက်ပြီး ပေးနေဦးမလား ဆိုတာကို စောင့်ကြည့်ရမယ့် အချိန်ကာလ တခုပဲလို့ ကျနော် ပြောချင်တယ်။

မေး။     ။ အစိုးရသစ် ပြောင်းသွားပြီ ဆိုပေမယ့် သတင်းစာနောက်ကျောမှာ ပါတဲ့ ဆောင်ပုဒ်တွေ၊ အထူးသဖြင့် ရေဒီယိုတွေကို ရေးထားတာတွေပေါ့လေ။ ဒါတွေ ဆက်ပါနေတော့ ဒါဟာ နဂိုပေါ်လစီအတိုင်း ဆက်သွားနေတယ်လို့ ကျနော်တို့ ယူဆလို့ရမလား။

ဖြေ။     ။ အဲဒါကတော့ ပြန်ကြားရေးဝန်ကြီး ဌာနကသာ အသိဆုံးဖြစ်လိမ့်မယ်။ ဘာကြောင့်ထည့်နေလဲ ဆိုတာပေါ့။ သို့သော် ကောင်းတာကတော့ဗျာ အားလုံး ခြေလှမ်းသစ်ဆိုရင်တော့ ပိုကောင်းမယ်ဗျ။ အစိုးရကလည်း ခြေလှမ်းသစ်ကို သွားဖို့ လိုမယ်၊ အတိုက်အခံတွေ ကလည်း ခြေလှမ်းသစ်နဲ့ ချဉ်းကပ်ဖို့လိုမယ်ပေါ့ဗျာ။ နိုင်ငံသားတိုင်းအားလုံးက ပြန်လည် အသစ် စတင်ခြင်းလို့ ခံယူနိုင်ရင် ကောင်းမယ်ဗျ။ အသစ်စတင်ခြင်း ဆိုတာက တဘက်တည်းနဲ့ ကြွေးကြော်လို့မရဘူး။ အားလုံးကနေ အသစ်စတင်ခြင်းလို့ ခံယူနိုင်မှ ကောင်းမယ်ပေါ့ဗျာ။

မေး။     ။ ဆရာတို့ ရန်ကုန်တိုင်းမ်စ် ဂျာနယ်ကို နေ့စဉ်သတင်းစာ ပေးမယ်ဆိုပြီး ၂၀၀၉ လောက်ကတည်းက ကြားနေခဲ့တာ ရှိတယ်။ ဆရာ့အနေနဲ့ ဘယ်လိုထင်လဲ။ နေ့စဉ်သတင်းစာ ထုတ်ခွင့်ရမယ် ထင်လား။

ဖြေ။     ။ ပထမဦးဆုံး ပြောရရင်တော့ သတင်းထွက်တဲ့ ကိစ္စတွေက တော်တော်ရယ်စရာ ကောင်းတယ်ဗျ။ ကျနော် ဖတ်ရတယ်။အဲဒါကို အရင်ပြောချင်တယ်။ တကယ်က ကာယကံရှင်တွေကိုယ်တိုင် မသိပါဘူး။ နောက်တခုက သတင်းစာတစောင်၊ ဂျာနယ်တစောင် ထုတ်ဖို့ဆိုတာက လျှောက်ဖို့လိုပါတယ်။ ဒီတိုင်းတော့ မင်း ဂျာနယ်တစောင်ထုတ် ဆိုပြီး ဘယ်သူမှ လာမပေးဘူး။ သတင်းစာ ထုတ်ဝေချင်ရင်လည်း ထုတ်ဝေခွင့်ကို လျှောက်ရမယ်။ အခုဟာက လျှောက်တဲ့ အဆင့်တောင် မရောက်သေးဘူး။ ပေးဖို့က ဝေးပါသေးတယ်။ သတင်းစာ ထုတ်တော့ဆိုပြီး ဘယ်သူကမှ လိုင်စင်လာချပေးမှာ မဟုတ်ဘူး။ အနည်းဆုံးတော့ ထုတ်ဝေခွင့်အတွက် တင်ရမယ်၊ လျှောက်ထားရဦးမယ်။ ဒါတွေဟာ ခန့်မှန်းပြောဆို နေခြင်းသာ ဖြစ်ပါတယ်။ အနာဂတ်မှာ ဖြစ်လာမလား ဆိုတာကတော့ ကျနော်တို့ စောင့်ကြည့်ပါဦးမယ်။ အခုအတိုင်း စိစစ်ရေးနဲ့ သွားနေတဲ့ ပုံစံအတိုင်းမှာတော့ သတင်းစာ ထုတ်ဝေခွင့် ဆိုတာဟာ ဖြစ်နိုင်ဖို့ မလွယ်သေးပါဘူး။ ကျနော်တို့ အပတ်စဉ်ထုတ် ဂျာနယ်တွေက လွတ်လပ်ခွင့်ပိုပြီး ရလာမယ့်အနေအထား ဖြစ်လာမယ်၊ ဥပမာအားဖြင့် ထုတ်တင် စာပေ ၅ မျိုးလိုပဲ ဒီ သတင်းဂျာနယ်တွေ လည်း ထုတ်တင် ဖြစ်လာမယ် ဆိုရင်တော့၊ ပြောင်းလဲပြီး ကျင့်သုံးလာနိုင်တဲ့ အခြေအနေ ဖြစ်လာရင်တော့ ကျနော်တို့ သတင်းစာထုတ်ဝေခွင့် နီးလာပြီလို့ ဆိုရမှာပါ။ သတင်းဂျာနယ် တွေက အရင် ပုံစံအတိုင်းပဲ စာပေစိစစ်ရေးကို ဖြတ်သမ်းသွားနေရဦးမှာပဲ ဆိုတော့ သတင်းစာထုတ်ဝေခွင့်က မနီးသေးပါဘူး။

မေး။     ။ ဆရာကိုယ်တိုင်ကလည်း စာနယ်ဇင်းမှာ အရေးပါတဲ့ တာဝန်ယူထားရတယ်။ နောက်ပြီး ပြန်ကြာရေး ဝန်ကြီး ဦးကျော်ဆန်းနဲ့လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိတယ်လို့ ကြားဖူးတယ်။ ဦးကျော်ဆန်းကို ကြည့်ရတာက ဒီ ဝန်ကြီး အဆက်ဆက်မှာ စာနယ်ဇင်းကို စိတ်အဝင်စားဆုံးလို့ ထင်ရတယ်ဆိုတော့ ဆရာ့အနေနဲ့ကော ဘယ်လို မြင်သလဲ။

ဖြေ။     ။ ဦးကျော်ဆန်းက ပြန်ကြားရေး ဝန်ကြီး ကျနော်တို့က မီဒီယာသမား ဖြစ်တဲ့အတွက် အဖွဲ့အစည်း ကိစ္စနဲ့ ပတ်သက်လို့ ဆက်စပ်မှုရှိတယ်။ ပုဂ္ဂိုလ်ရေးအရ ဘာမှ ဆက်နွှယ်မှု မရှိပါဘူး။ ဒါကို ခင်ဗျားတို့ မီဒီယာတွေက အမျိုးမျိုး ရေးကြတာလည်း ကျနော်ဖတ်ရပါတယ်။ တချို့ဟာတွေက လွဲနေတယ်။ ကျနော်ကတော့ သူ့ရဲ့ Psychology ကို တကယ်မသိဘူး။ သို့သော် ပြောနိုင်တာတခုကတော့ ရှိတယ်။ သူက အရင်လူကြီးလည်း ဖြစ်တယ်၊ အခုလူကြီးလည်း ဖြစ်တယ် ဆိုတော့ သူရဲ့ ပေါ်လစီက ပိုပြီး အရေးကြီးတယ်လို့ထင်တယ်။ လူထက်မူက ပိုအရေးကြီးတယ်လို့ ထင်တယ်။

ကမ္ဘာမှာလည်း ရှိပါတယ်။ ခေါင်းဆောင်တွေ အများကြီးပဲ။ တချို့ဆို တပ်မတော်ရဲ့ စစ်သားဟောင်းကြီးတွေပဲ။ သူတို့တွေပဲ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ပြီး ဒီမိုကရေစီ လမ်းစဉ်အတိုင်း ကျင့်သုံးနေကြတာပဲ။ လူတယောက်က တပ်မတော်သား ဖြစ်ခဲ့မယ်ဗျာ။ အဲဒီလို ဖြစ်ခဲ့တဲ့အတွက် တပ်မတော်ရဲ့ ချမှတ်ထားတဲ့ မူအတိုင်း စည်းကမ်းအတိုင်း ကျင့်သုံးရ ပေမယ့် သူက အရပ်သားဖြစ်လာပြီး ဒီမိုကရေစီကို ဖော်ဆောင်မယ့် ခေါင်းဆောင်နေရာကို ယူမယ်ဆိုရင် ဒီမိုကရေစီ စနစ်ရဲ့ မူအတိုင်း သွားရမှာပဲ။ တချို့က ပြောကြတယ်၊ ဒီဝန်ကြီးတွေ ပြန်ပါလာတော့ ဘာပြောင်းမလဲပေါ့။ ဒါပေမယ့် ကျနော့်အနေနဲ့ အပြုသဘောအရ မြင်တာကတော့ လူတွေကတော့ ရှိကောင်းရှိမယ်၊ ဒီလူတွေသည် အရင်ကတော့ တပါတီ စနစ်ရဲ့ ခိုင်းစေမှုကို ခံရမယ်၊ ဒါမှမဟုတ် တပ်မတော်ရဲ့ ခိုင်းစေမှုကို ခံခဲ့ရမယ်၊ ဒါပေမယ့် အခုအချိန်မှာ ဒီမိုကရေစီ စနစ်ရဲ့ ခိုင်းစေမှုကို ခံရမယ့် လူတွေလို့ ထင်ပါတယ်။ မူက လူကို ထိန်းကျောင်းသွားမယ်ပြောဗျာ။ မူတခုက လူကို ထိန်းကျောင်း သွားနိုင်မယ် ဆိုရင်တော့ လူက အရေးမကြီးပါဘူး၊ ဘယ်သူပဲ ဝန်ကြီးဖြစ်ဖြစ် ပြဿနာ မရှိဘူးလို့ ထင်ပါတယ်။ မူကို အကောင်အထည် ဖော်ဖို့ပဲ လိုပါတယ်။

မေး။     ။ အဲဒီလို မူကို အကောင်အထည် ဖော်တာကကော ဘယ်အဆင့်လောက် ရောက်နေပြီလဲ။

ဖြေ။     ။ အဲဒါကတော့ စောင့်ကြည့်ရပါမယ်။ ခုနက ကျနော်ပြောသလို ဒီလောက် အချိန်ကလေးနဲ့တော့ ပြောလို့ မရပါဘူး။ စောင့်ကြည့်မယ် ဆိုတာက မူက လူကိုလွှမ်းမိုးမှာလား လူက မူကိုလွှမ်းမိုးမှာလား ဆိုတာကို စောင့်ကြည့်ရမှာပါ။ လောလောဆယ်မှာတော့ အဖြေထုတ်ဖို့ စောပါသေးတယ်။ အိုဘားမားတောင် သမ္မတ ဖြစ်လာခါစက ဘယ်သူမှ မခန့်မှန်းနိုင်ဘူးလေ။ အခု ရွေးကောက်ပွဲ နီးလာမှ သူ ဘယ်လိုလူ ဆိုတာ သိတာ မဟုတ်လား။ သူလည်း ပြောင်းလဲမှုလို့ ပြောတယ်။ သူ ဘယ်လောက် ပြောင်းလဲမှုတွေ လုပ်လာနိုင်လဲ ဆိုတာက အခုလောက်မှ ပြောနိုင်တာလေ။ အခုလောက်မှာ ပြောမှ တိကျတာ မဟုတ်လား။ ရက်တိုတိုအတွင်း ပြောရင်တော့ စိတ်လှုပ်ရှားမှုတွေနဲ့ ဘက်လိုက်မှုတွေ ပါလာနိုင်တယ်။ အဓိကကတော့ မူက အရေးကြီးတယ်၊ ဒါကို အကောင်အထည် ဖော်နိုင်ဖို့ပဲ အရေးကြီးတယ်။ ဘယ်ဟာက ဘယ်ဟာကို လွှမ်းမိုးမလဲ ဆိုတာကတော့ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ကို အဖြေထုတ်ပေး မှာပေါ့ဗျာ။ အကယ်၍ မူက လွှမ်းမိုးနိုင်ရင်တော့ ကျနော်တို့ လိုချင်တဲ့ အခြေအနေကို ရပြီပေါ့။

မေး။     ။ သမ္မတကြီး ပြောသွားတဲ့ အထဲမှာလည်း သန့်ရှင်းသော အစိုးရကို အကောင်အထည်ဖော်မယ် ဆိုတာမျိုး ပါတယ်။ သန့်ရှင်းသော အစိုးရဖြစ်ဖို့ ဆိုတာက မီဒီယာက အရေးကြီးတယ်လို့ထင်ပါတယ်။ ဒါမှ အဂတိလိုက်စားမှုတွေကို ဖော်ထုတ် နိုင်မှာကိုး။ ဒီတော့ ဆရာ့အနေနဲ့ ဒီလို အဂတိလိုက်စားမှုနဲ့ ဆိုင်တဲ့ သတင်းတွေကို ဘယ်လောက်အထိ ရေးလာနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။     ။ သန့်ရှင်းသော အစိုးရကို သွားမယ်ဆိုရင်တော့ ခင်ဗျားပြောသလို မီဒီယာ ပွင့်လင်းမှုကို အတိုင်းအတာ တခုအထိ ပေးဖို့တော့ လိုမယ်ဗျ။ အဲဒီလို မပေးနိုင်ဘူးဆိုရင်တော့ သန့်ရှင်းသော အစိုးရဆိုတာကို မဖော်နိုင်ဘူး။ သန့်ရှင်းသော အစိုးရကို သွားဖို့ တွန်းအားပေးနိုင်ဖို့က မီဒီယာတွေ လိုတယ်ဗျ။ ဒါပေမယ့် ကျနော်က မျှမျှတတလေး ပြောချင်တယ်။ လူတွေက ဒီ အဂတိ လိုက်စားမှုအကြောင်း ရေးမယ်၊ မီဒီယာတွေက အဂတိလိုက်စားမှုကို ဖော်ထုတ်ချင်တယ် ဆိုရင် မီဒီယာတွေ ကလည်း ကျင့်ဝတ်စည်းကမ်းကို စောင့်ထိန်းဖို့ လိုမယ်ဗျ။ အဲဒါကြောင့်လည်း ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းကို ဆွဲချင်တယ်လို့ ပြောတာပါ။ ကျင့်ဝတ်ရှိမှ ရေရှည်သွားလို့ရမယ်။

ဆိုလိုတာကဗျာ အဂတိ လိုက်စားမှု အကြောင်း ရေးမယ်ဆိုရင် အဂတိ လိုက်စားသူကို သေချာ ဖော်ထုတ်ဖို့ လိုမယ်။ အဲဒီလိုမှ မဟုတ်ဘဲ ဒီလူကို မုန်းလို့ ဒီလူအကြောင်းတော့ ရေးလိုက်မယ် ဆိုတာမျိုး၊ ကျင့်ဝတ်မဲ့ ရေးရင်တော့ ကျနော်တို့ သွားချင်တဲ့ဆီကို ရောက်နိုင်ဦးမှာ မဟုတ်ဘူး။ အဲဒီမှာ ဇာတ်လမ်းတွေရှုပ်ပြီး သံသရာ လည်နေဦး မှာပဲ။ သူတို့က ကျနော်တို့ကို ပေးမယ်၊ ကျနော်တို့ဘက်ကလည်း ပေးတဲ့ အခွင့်အရေးကို ယူမယ်ဆိုရင် ကျနော်တို့ ဘက်က ကျင့်ဝတ်သိက္ခာနဲ့ရေးဖို့၊ ဘက်မလိုက်ဖို့ လိုတယ်။ ချစ်သူကိုလည်း မသာစေရဘူး မုန်းသူကိုလည်း မနာစေရဘူး ဆိုတာက ကျနော်တို့ မီဒီယာဘက်က အဲဒီအချိန်မှာ ပိုအရေးကြီးမယ်ဗျာ။ အဲဒီအတိုင်း သွားနိုင်မယ်ဆိုရင်တော့ ကျနော်ထင်တယ် ဖြည်းဖြည်းချင်း ဖြစ်လာလိမ့်မယ်။ မဟုတ်ရင်တော့ ဖြစ်လာဖို့ မလွယ်ဘူး။

မေး။     ။ လက်ရှိမှာ မီဒီယာတွေက ကျင့်ဝတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေလို့လား။

ဖြေ။     ။ ကျင့်ဝတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတယ်လို့ ကျနော်မပြောဘူး။ ဒါပေမယ့် အခု စိစစ်ဖြတ်တောက်မှု ရှိနေတဲ့အတွက် ကျနော်တို့ မဖြတ်စေချင်တာတွေ ပါသွားသလို အန္တရာယ် ရှိနိုင်တဲ့ အကြောင်းအရာလေးတွေ စိစစ်ဖြတ်တောက်မှုထဲ ပါသွားတာ မျိုးလည်း ရှိတယ်။ လောလောဆယ်မှာ စာပေစိစစ်ရေး ရှိနေတဲ့အတွက် ကျင့်ဝတ်ပိုင်းဆိုင်ရာက ရှေ့တန်း သိပ်မရောက်သေးဘူး၊ တချိန်ကျရင် ရှေ့တန်း ရောက်လာလိမ့်မယ်လို့ ကျနော်ပြောတာ။ အခုလည်း ကျင့်ဝတ်ပိုင်း ဆိုင်ရာနဲ့ ပတ်သက်လို့ ရေးဆွဲနေတာ မဟုတ်သေးပါဘူး။ ရေးဖို့ တိုင်ပင်နေတုန်း ရှိပါသေးတယ်။

မေး။     ။ ထုတ်တင်တွေကို ပြန်စစ်မယ့် စိစစ်သုံးသပ်ရေးကော်မတီထဲမှာ ဆရာတို့ စာနယ်ဇင်း အဖွဲ့လည်း ပါမယ်လို့ ကြားရတယ်။ အဲဒါလေး ရှင်းပြပါဦး။

ဖြေ။     ။ သူက ပြဿနာမရှိရင် ဘာမှ လုပ်စရာမလိုဘူး၊ ပြဿနာရှိရင် ဖြေရှင်းရမယ်ပေါ့ဗျာ။ စိစစ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပါတယ်။ နံပါတ် ၁ ကတော့ စိစစ်ရေးအဖွဲ့တွေရဲ့ အပေါ်မှာမှ စိစစ်သုံးသပ်တင်ပြရေး အဖွဲ့ဖွဲ့မယ်တဲ့။ စိစစ်ရေးအဖွဲ့တွေမှာလည်း စာပေစိစစ်က ဝန်ထမ်းတွေနဲ့ စာနယ်ဇင်းက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ပါဝင်တဲ့ အဖွဲ့ ဖွဲ့မယ်။ သဘောကတော့ စိစစ်ရေးအဖွဲ့တွေကနေ စိစစ်သုံးသပ်တင်ပြရေး အဖွဲ့ကို တင်ရမယ်။ အဲဒီကမှ ကြီးကြပ်မှု ဗဟို အဖွဲ့ကို တင်မယ်။ ၃ ဆင့်ပေါ့။ ကြီးကြပ်မှု ဗဟိုအဖွဲ့မှာက ပြန်ကြားရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး က ဥက္ကဋ္ဌ ဖြစ်မယ်။ အဲဒီအဖွဲ့ကမှ လိုအပ်သလို ဆောင်ရွက်မယ်။ ဒီအဖွဲ့တွေအားလုံးမှာ ပေါင်းလုပ်ရမယ်။ ကျနော်တို့လည်း ပွင့်ပွင့်လင်းလင်းပြောရရင် စာပေစိစစ်ရေးက ဝန်ထမ်းတွေနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းအဖွဲ့ ပေါင်းဖွဲ့ရမယ်ဆိုတာ တနေ့က အစည်းအဝေးလုပ်မှ သိရတယ်။ ဒါပေမယ့် ဘယ်သူတွေပါမယ်ဆိုတာတော့ အသေးစိတ် မသိဘူး။ ကြိုတင်ပြောထားတာ ညှိနှိုင်းထားတာလည်း မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ စာနယ်ဇင်းက စိစစ် သုံးသပ်တင်ပြရေး အဖွဲ့မှာ ဘယ်သူတွေ ပါမယ်ဆိုတာတော့ သိပြီပေါ့။ စာနယ်ဇင်းက ဥက္ကဋ္ဌပါမယ်၊ ဒုဥက္ကဋ္ဌ ၃ ယောက်ပါမယ်၊ အတွင်းရေးမှူးပါမယ်၊ ဒီ ၅ ယောက်ပေါ့။

ကျနော်ထင်တာတော့ဗျာ ဒီလို စာနယ်ဇင်းကလူတွေကို စိစစ်ရေး အဖွဲ့တွေထဲထည့်တဲ့သဘောက စာပေလောကက လူတွေကို ပိုပြီး တင်းကျပ်ဖို့ထက်၊ စာပေလောကက အသံတွေကိုပိုပြီးတော့ ကိုယ်စားပြု ပြောပေးနိုင်တဲ့သူတွေကို ဒီအဖွဲ့ထဲမှာ ရှိစေချင်လို့ ထည့်တဲ့သဘောလို့ ကျနော်တော့ မြင်ပါတယ်။ နောက်တခုက စာနယ်ဇင်း အဖွဲ့ဆိုတာက စာပေလောကရဲ့ တခုတည်းသော NGO ဆိုတော့ ဒီလိုလုပ်ခြင်းအားဖြင့် စာပေလောကသားတွေကို ပိုပြီး စာနာပြီး အဖြစ်မှန်တွေကို ပိုပြီး ထင်ဟပ်နိုင်မယ့်၊ လက်တွေ့ဘဝနဲ့ ပိုနီးစပ်တဲ့ ဆုံးဖြတ်ချက်တွေ ပေါ်လာအောင် လုပ်ပေးတယ်လို့ မြင်တယ်ဗျ။ နောက် တချက်က ကျနော်တို့ တဖြည်းဖြည်းချင်း ဒီမိုကရေစီ နိုင်ငံကို သွားမယ်ဆိုရင် အာဏာပိုင်တွေ ဘက်က ပါဝင်စွက်ဖက်မှုတွေ တဖြည်းဖြည်း လျှော့ချပြီးတော့ NGO တွေရဲ့ ပါဝင်မှုက ပိုပြီး အရေးပါလာရပါလိမ့်မယ်။ ဒါက ကျနော်တို့ ဆီမှာတော့ မရှိသေးဘူးပေါ့။ နိုင်ငံတကာမှာတော့ စာနယ်ဇင်းကောင်စီ ဆိုတဲ့ အဖွဲ့ကြီးက စာပေကို ထိန်းကျောင်း သွားတာမျိုးရှိတယ်။ ထိန်းကျောင်းတယ် ဆိုတာက ထိန်းချုပ်တာ မဟုတ်ဘူး။ ဘယ်လောက်ထိ ကျင့်ဝတ်နဲ့ ညီသလဲ ဆိုတာကို စောင့်ကြည့် စစ်ဆေးတဲ့ သဘောပေါ့။ ကျနော်တို့တော့ အဲဒီလောက်ထိ သွားမယ်လို့ မျှော်မှန်းပါတယ်။ ဒါကတော့ အခု လက်တွဲခေါ်တယ်လို့ မြင်ပါတယ်။

မေး။     ။ ထုတ်တင်တွေ အပြစ်တခုခု ကျူးလွန်ရင် သိန်း ၅၀ တင်ရမယ် ဆိုတဲ့ကိစ္စကကော။

ဖြေ။     ။ ကျနော် သိသလောက်ကတော့ ကျနော်တို့ မမီလိုက်တဲ့ခေတ်မှာ ဒီလိုမျိုး အာမခံငွေတင်ပြီး တစုံတရာ ပြဿနာ ဖြစ်ရင် အာမခံငွေထဲက ဖြတ်တာမျိုးရှိတယ်လို့ ကြားဖူးတယ်။ အဲဒီပုံစံမျိုးလေးကို ပြန်သွားတယ်လို့ ထင်တယ်။ တချို့ကတော့ သိန်း ၅၀ ကို များတယ်လို့ ပြောတာရှိသလို၊ နည်းတယ် ပြောတဲ့သူလည်း ရှိတယ်။ လူကြီးတွေ ဘက်ကတော့ အရမ်းများ ရင်လည်း မလိုက်နိုင်မှာစိုးသလို၊ အရမ်းနည်းပြန်တော့လည်း လေးစားလိုက်နာမှု မရှိတော့မှာ စိုးပုံရတယ်။ ဒါကြောင့် ဒီ ငွေကြေးကို သတ်မှတ်တယ်။ အခု ကြားတာတော့ သိန်း ၅၀ တန်းမတင်ရဘူးလို့ ကြားတယ်။ ပြဿနာ တစုံတခု ဖြစ်လာ တော့မှ စိစစ်ရေးအဖွဲ့တွေက သုံးသပ်ဆွေးနွေးမယ်၊ ပြီးမှ ဗဟိုကိုတင်တော့မှ ဗဟိုက ဒီလူ အပြစ်ရှိတယ်လို့ သတ်မှတ်မှ သိန်း ၅၀ တင်ရမယ်လို့ ပြောတယ်။ ဒီ ဖြစ်စဉ်ကြီးကတော့ ရှည်တယ်ဗျ။ ဒီတော့ ပြစ်မှု တစုံတခုကျူးလွန်တိုင်း တန်းပြီးတော့ ပိုက်ဆံ  သိန်း ၅၀ သွင်းရမှာတော့ မဟုတ်သေးဘူး။ အဆင့်ဆင့်စစ်ဆေးပြီး အပြစ်တကယ်ရှိတယ်ဆိုမှ တင်ရမှာဖြစ်တယ်။ အပြစ်ရှိမှ အဲဒီထဲက သင့်သလို နုတ်မယ်၊ သူက သိန်း ၅၀ ပြည့်အောင် ပြန်ဖြည့်ပြီး စာအုပ်ကို ဆက်ထုတ်နိုင်တယ်။ တကယ်လို့ သူက နောက်တကြိမ် ဆက်တိုက် ကျူးလွန်မယ် ဆိုရင်လည်း ခုနအတိုင်းပဲ အဆင့်ဆင့် ပြန်စစ်မယ်။ ဒါပေမယ့် ဗဟိုကလည်း အပြစ်မရှိဘူး ဆိုတာမျိုးလည်း ဆုံးဖြတ်နိုင်တယ်။ ကျနော်ထင်တယ် ရေရှည်ကျရင်တော့ သိန်း ၅၀ ဆိုတဲ့ ပမာဏကနေ လူးသာလွန့်သာတဲ့ အနေအထား ဖြစ်သွားရင်တော့ ပိုကောင်းတာပေါ့ဗျာ။

မေး။     ။ ထုတ်တင် ပုံစံက မဆလ အစိုးရလက်ထက်မှာလည်း ရှိခဲ့ဖူးတယ် မဟုတ်လား။

ဖြေ။     ။ အရင်တုန်းက ထုတ်တင်ဆိုတာက ဒီလိုဗျ။ အဲဒီတုန်းက ဝတ္ထုတို ပေါင်းချုပ်ကို မဂ္ဂဇင်းပုံစံလိုမျိုးလေးတွေ ထုတ်ခဲ့ဖူးတယ်။ အဲဒါကို မဂ္ဂဇင်းလိုင်စင်မပေးဘူး။ အဲဒီတော့ သူတို့က ၂ လတကြိမ်၊ ၃ လတကြိမ် တင်ပြပြီးတော့ ထုတ်တာ။ တင်ထုတ် ခေါ်တာပေါ့။ စာပေစိစစ်ရေးကို လုံးဝမဖြတ်ဘဲ ထုတ်ခွင့်ကတော့ ကျနော်သိသလောက်တော့ အနှစ် ၄၀ လောက်အတွင်းမှာ ဒါပထမဆုံးပဲ။

မေး။     ။ မြန်မာပြည်မှာရှိတဲ့ ဦးတေဇတို့လို၊ ဦးဇော်ဇော်တို့လို ဘီလျံနာတွေကလည်း စာနယ်ဇင်းလောကမှာ ဝင်ရောက် လုပ်ကိုင်မယ် ဆိုတဲ့သတင်းတွေ ထွက်နေတယ်။ အဲဒါကို ဘာပြောချင်လဲ။

ဖြေ။     ။ ကျနော့်အထင် ပြောရရင်တော့ ဈေးကွက်စီးပွားရေး စနစ်မှာ ဘယ်သူမဆို ဝင်ရောက်ယှဉ်ပြိုင်လို့ရပါတယ်။ ခင်ဗျားတို့တော့ မဝင်နဲ့လို့ ကျနော် ပြောခွင့်မရှိပါဘူး။ သို့သော် ကျနော့်အနေနဲ့ ဒီမှာ လာရောက် ရင်းနှီးမြှုပ်နှံမယ့် သူတွေ သိထားသင့်တဲ့ တချက်က မီဒီယာလောကဟာ သူတို့ရဲ့ တခြားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေနဲ့ မတူဘူး ဆိုတာပါပဲ။ မီဒီယာဆိုတာက တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ကို ထူထောင်ရတာဖြစ်တယ်။ လာကြပါ၊ လုပ်ကြပါ၊ ရင်းနှီးမြှုပ်နှံကြပါ။ စတုတ္ထမဏ္ဍိုင်ကြီးကို ပိုပြီး တောက်ပြောင်မှုဖြစ်အောင် လုပ်ပေးမယ့် ရင်းနှီးမြှုပ်နှံမှုတွေ ဆိုရင်တော့ ကျနော်တို့ ကြိုဆိုရ မှာပေါ့ဗျာ။

သို့သော် ဒီရင်းနှီး မြှုပ်နှံမှုကြီးက စတုတ္ထမဏ္ဍိုင်ကြီးကို ပွန်းပဲ့သွားစေမယ်၊ စတုတ္ထမဏ္ဍိုင်ကို ညှိုးနွမ်းသွား စေမယ် ဆိုရင်တော့ ကျနော်တို့အတွက် စိတ်မကောင်းစရာ ဖြစ်မှာပေါ့ဗျာ။ နောက်တခုက လာကြပါ၊ ရင်းနှီးမြှုပ်နှံကြပါ ဆိုပေမယ့် လွတ်လပ်စွာ ယှဉ်ပြိုင်မှုပေါ်မှာ အခွင့်အရေးယူပြီး အင်အားကြီးသူကနေ အင်အားငယ်သူကို သတ်တာမျိုးပေါ့၊ လုပ်ငန်း နယ်ပယ်တွေမှာ ရှိတတ်တယ်။ လုံးဝ ပျောက်သွားအောင်၊ ပျက်သွားအောင် လုပ်လိုက်တာမျိုး၊ အဲဒါမျိုး လုပ်ခဲ့ရင်တော့ တသက်လုံး ဒါနဲ့ လုပ်ကိုင်စားသောက် နေတဲ့သူတွေအတွက် အခက်အခဲ ဖြစ်သွားနိုင်တာပေါ့ဗျာ။

ကျနော်တို့လောကမှာ ဒီအလုပ်ကလွဲလို့ ကျန်တာလုပ်မစားတတ်တဲ့သူတွေ အများကြီးဗျ။ စာရေးတဲ့သူကလည်း စာရေးမယ်၊ သတင်းလိုက်တဲ့ သူကလည်း သတင်းလိုက်မယ်၊ ဂျာနယ်ထုတ်တဲ့သူကလည်း ဂျာနယ် ထုတ်မယ် ဆိုတဲ့ လူတွေချည်းပဲ။ ကျနော်တို့ကို ပဲရောင်းမလား၊ အိတ်စ်ပို့စ်လုပ်မလား၊ သစ်ရောင်းမလား ဆိုရင်လည်း မလုပ်တတ်ကြဘူးဗျ။ ကျနော်တို့ ဆိုတာက ဒီလောကက လူတွေကို ကိုယ်စားပြုပြောတာပါ။ ကျနော်တို့ဆီက လူတွေအတွက် ဆုံးရှုံးမှု ကြီးမားလောက်အောင် ယှဉ်ပြိုင်မှုကြီး ပြင်းထန်သွားရင်တော့ မကောင်းဘူးပေါ့။ မြန်မာ့စကားပုံအရ ပြောမယ်ဆိုရင် ရှဥ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာဆိုတဲ့ အနေအထားမျိုးနဲ့ ဝင်လာကြပါ။ ဒီလိုမှ မဟုတ်ဘဲ ဒီလောကကိုပါ monopolize (လက်ဝါးကြီးအုပ်) လုပ်မယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ဝင်လာမယ် ဆိုရင်တော့ တခြား ဘာမှ မလုပ်တတ်တဲ့ ကျနော်တို့ လောကသားတွေအတွက် နစ်နာ ဆုံးရှုံးမှုတွေနဲ့ ကြုံကြရ ပါလိမ့်မယ်။     ။