“ထိုးစစ်တွေကို ရပ်လိုက်ပါ”

Tuesday, 14 June 2011 18:41 အင်တာဗျူး
Print
မြန်မာ့တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့ အပစ်အခတ် ရပ်စဲပြီး ၁၇ နှစ် အကြာတွင် နှစ်ဘက် တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပေါ် လာသည်။

kia_soldier_0906_smလအတန်ကြာ စစ်ရေး တင်းမာမှုများနောက်ပိုင်း ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီး လွန်ခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည် အစပြုခဲ့ပြီး၊ KIA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်သော ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ဆက်ဆံရေးရုံးတချို့ကို ပိတ်လိုက်ရသည်။

ထိုတိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီ၏ အကြီးတန်းသတင်းထောက် ဝေမိုးက KIO ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်ကို တနင်္လာနေ့က ဆက်သွယ် မေးမြန်းထားသည်။

မေး ။     ။ တိုက်ပွဲတွေ ဘယ်လို စပြီး ဖြစ်တာလဲ။

ဖြေ ။     ။ တိုက်ပွဲက ၉ ရက်နေ့ မနက် ၃ နာရီလောက် ကတည်းက အစိုးရတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခွင်းပြီးတော့ ကျနော်တို့ တပ်ဘက်ကို ချဉ်းကပ်လာတယ်။ မနက် ၇ နာရီလောက်မှာ ကျနော်တို့ဘက်က ပြန်ပြီးတော့ ပစ်ခတ်ကြတာပေါ့။ အဲဒီနေ့ကပွဲကတော့ ကျနော်တို့ဘက်က ၁၁ နာရီ ၄၅ မှာ အပစ်ရပ်လိုက်တယ်။ ဒါပေမယ့် သူတို့ဘက်ကတော့ ၁၂ ခွဲလောက် အထိ ဆက်ပြီးတော့ ပစ်နေကြတယ်။ ၉ ရက်နေ့ တိုက်ပွဲကတော့ အဲဒီမှာ ပြီးသွားပြီ။ အဲ့ဒါပြီးတော့ သူတို့ဘက်က လိုက်လျောပေးတဲ့အပိုင်းတွေ မရှိဘူးပေါ့။ သုံ့ပန်းတွေကို ပြန်အပ်ပြီးတဲ့နောက်ပိုင်းမှာ သူတို့ပြောတဲ့ အချက်တွေကို လိုက်လျောခြင်း မရှိဘဲနဲ့ ပြန်ပြီးတော့ ဖိတင်းတဲ့ အခြေအနေ ဖြစ်လာတယ်။ အဲ့ဒီလို ဖိတင်းရင်းနဲ့ ၁၀ ရက်နေ့ ညနေပိုင်း ၃ နာရီ ၄၅ မိနစ်လောက်မှာ သူတို့ ဘက်က စပြီးတော့ ထိုးစစ် ပြန်ဆင်တယ်။ အခုချိန်ထိပါပဲ။ တပ်ရင်း ၁၅ ကို သူတို့တွေ လက်နက်ကြီးနဲ့ အဝေးကနေ လှမ်းပစ်တာ။ တပ်ရင်း ၁၅ ဆိုတာက ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်က တာပိန်မြစ်ရဲ့ မြစ်ဖျားပိုင်း ကျမှာပေါ့။

မေး ။     ။ နှစ်ဘက် အသေအပျောက် ဘယ်လောက်ရှိပါသလဲ။

ဖြေ ။     ။ သူတို့ ဘက်က ကျသွားတာတော့ ဗိုလ်ကြီး၊ ဗိုလ်မှူး လို့ပဲ ပြောရမလားမသိဘူး၊ လခစားတာက ဗိုလ်မှူး လခ စားတယ် ဆိုတော့၊ ဒုတပ်ရင်းမှူး လုပ်ရတော့မယ့် တယောက် ကျတယ်။ ရဲဘော်တွေက ၃ ယောက် ဆိုတော့ သူတို့ဘက်က စုစုပေါင်း ၄ ယောက် ကျတယ်။ အဲ့ဒီမှာ ဒဏ်ရာ ရတာကတော့ သူတို့ဘက်က ၉ ယောက် ပါတယ်။ အဲ့ဒီမှာလည်း ဗိုလ်ကြီးတယောက် ပါသေးတယ်။

၁၀ ရက်နေ့ ပြန်ပြီးစတဲ့ တိုက်ပွဲမှာတော့ ကျနော်တို့ဘက်က ကျဆုံးတာ ၃ ယောက် ရှိသွားပြီ။ သူတို့ဘက်က လက်နက်ကြီးနဲ့ ပစ်တာဆိုတော့ ကျနော်တို့ဘက်ကလည်း ဘန်ကာ ကတုတ်ထဲမှာ အောင်းပြီးမှပဲ ပြန်ပြီး ခုခံရတယ်။ အဲ့ဒီမှာ လက်နက်ကြီး ကျည်တလုံးက ကျနော်တို့ ဘန်ကာ တခုရဲ့ အထက်နားမှာ ရှိတဲ့ သစ်ပင်ကို မှန်ပြီးတော့ အစတွေ ဖြာထွက်ပြီး ကျနော်တို့ ရဲဘော်တွေ ကျကုန်တာလို့ ပြောလို့ရတယ်။ တခြားတော့ ဘာမှ ထိခိုက်မှု မရှိသေးဘူး။

သူတို့ဘက်ကတော့ ဒဏ်ရာရတာ တော်တော်များတယ်လို့ ကြားတယ်။ မိုးမောက်တို့ ဗန်းမော်တို့မှာ ရှိတဲ့ ဆေးရုံတွေကို သူတို့ရဲ့ ဒဏ်ရာရစစ်သားတွေကို ကားနဲ့ ခဏခဏ ခေါ်လာပြီးတော့ စစ်သားတွေ၊ အစောင့်တပ်တွေ ချထားတယ်လို့ မြို့သားတွေ ပြောကြတယ်။ သူတို့ ပြောတာအရဆိုရင် စ ဖြစ်တဲ့နေ့မှာ ကတည်းက ဆေးရုံကို ခေါ်သွားတာ အယောက် ၃၀ လောက် ရှိတယ်။ ၁၁ ရက်လည်း တနေကုန် ပစ်ခတ်ကြတယ်၊ ၁၂ ရက်လည်း တနေကုန် ပစ်ခတ်ကြတယ် ဆိုတော့ ခန့်မှန်းကြည့်တာပေါ့နော်။ အဲ့ဒီ ၃၀ နှုန်းနဲ့သာ ဒဏ်ရာရမယ် ဆိုရင် အခုဆိုရင် ၁၀၀ နီးပါးလောက် ဒဏ်ရာ ရနိုင်တယ်လို့တော့ ခန့်မှန်းလို့ ရပါတယ်။ ဒါပေမယ့် အတည်ပြုချက်တော့ မရသေးဘူးဗျ။  

မေး ။     ။  ဒီရက်ပိုင်းအတွင်း KIOရဲ့ ဆက်ဆံရေးရုံးတွေကို အစိုးရတပ်တွေက သိမ်းလိုက်တယ်လို့ကြားတယ်။ ဟုတ်ပါသလား။

ဖြေ ။     ။ အဲဒီလို မဟုတ်ဘူးဗျ။ ဆန်ဂမ် မှာရှိတဲ့ ရေအားလျှပ်စစ် စီမံကိန်းဘေးမှာရှိတဲ့ ဆက်ဆံရေးရုံးတခုရှိတယ်။ ၉ ရက်နေ့တုန်းက အဲဒီမှာ တာဝန်ကျတဲ့ ရဲဘော်က ရန်သူရဲ့ လက်ထဲမှာ အဖမ်းခံရတယ်။ အဖမ်းခံရပြီးတော့ ရန်သူရဲ့ လက်ထဲမှာပဲ ရိုက်နှက်ပြီး သတ်ဖြတ်လိုက်တယ်။ အလောင်းကိုလည်း ရုံးရှေ့မှာ တိရစ္ဆာန်အလောင်း ပစ်ထား သလိုပဲ ပစ်ထားတာပေါ့နော်။ ၂ ရက်တောင် ပစ်ထားတာပေါ့နော်။

တကယ်တော့ သံတမန် နည်းလမ်းနဲ့ အဖွဲ့ ၂ဖွဲ့ ကြားမှာ ဆက်ဆံ ကူးလူးနေတဲ့ အဖွဲ့ပဲနော်။ သံတမန်ရေးတာဝန် ထမ်းဆောင်နေတဲ့ ရဲဘော်တွေကို သူတို့ ဖမ်းတယ်၊ ရိုက်နှက်တယ်၊ သတ်တယ်၊ ဆိုတာမျိုးတွေရှိနေတော့ မြစ်ကြီးနားမြို့ပေါ်မှာ ဖွင့်ထားတဲ့ ကျနော်တို့ KIO ဗဟို ကိုယ်စားလှယ်ရုံး နဲ့ ဆက်ဆံရေးရုံးက ရဲဘော်တွေကို သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်အတွက် စိုးရိမ်ရတဲ့ အခြေအနေ ရောက်လာတယ်။ အဲဒါကြောင့် ၁၀ ရက်နေ့ ညတွင်းချင်းမှာပဲ သူတို့ကို ဒီဘက် ပြန်ရုပ်လိုက်တာပါ။ အစိုးရက ပိတ်ခိုင်းတာ မဟုတ်ပါဘူး။

ပိတ်တာက မြစ်ကြီးနား ဆက်ဆံရေးရုံးပါ၊ မိုးမောက်မှာတော့ ဆက်ဆံရေးရုံးတွေ မရှိပါဘူး။ တိုက်ပွဲဖြစ်တာကတော့ မိုးမောက်ခွင်မှာ ဖြစ်တယ်။ ဒါပေမယ့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ပြောဆို ဆက်ဆံတာတွေကိုတော့ မြစ်ကြီးနားက ဗဟိုဆက်ဆံရေးရုံးကနေပဲ ပြောဆိုပါတယ်။ မြစ်ကြီးနားရုံးက ဝန်ထမ်းတွေက သူတို့စည်းထဲမှာ ရှိတဲ့အတွက် ဆက်ဆံရေးရုံး ပိတ်တယ် ဆိုတာထက် ကျနော်တို့ ဝန်ထမ်းတွေကို ကျနော်တို့ ဌာနချုပ်ဆီကို ပြန်ပြီး ခေါ်ယူတယ် ဆိုရင် ပိုသင့်တော်ပါလိမ့်မယ်။ ဆက်ဆံရေးရုံး ဆိုတာကတော့ နောက်ပိုင်း လိုအပ်ရင် လိုအပ်သလို အသက် ပြန်သွင်းသင့်ရင် သွင်းရမှာပဲ။

မေး ။     ။ မြစ်ကြီးနားမြို့ကို မီးပေးတာတွေက KIO ကပဲ တာဝန်ယူထားတဲ့ ကိစ္စဆိုတော့ အဲဒီကိစ္စကိုရော ဘယ်လို ဖြေရှင်းမလဲ။

ဖြေ ။     ။ မီးပေးတာကတော့ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့မှာရှိတဲ့ ပြည်သူလူထုတွေကို ဦးစားပေးပြီးတော့ ကျနော်တို့က လျှပ်စစ် ဖြန့်ဖြူးပေးတာပါ။ အဲဒီကနေလည်း ကျနော်တို့က ဘာအကျိုးအမြတ်မှ မရပါဘူး။ အဲဒါကလည်း ကျနော်တို့ KIO က ဖွင့်ထားတဲ့ ဘိုခါး ကုမ္ပဏီ လီမိတက် ဆိုတာရှိတယ်။ အဲဒီရုံးမှာ ရှိတဲ့ ကျနော်တို့ KIO အဖွဲ့တွေကိုပဲ ၁၀ ရက်နေ့မှာပဲ ပြန်ခေါ်လိုက်ပါတယ်။ ဒါပေမယ့် အဲဒီရုံးကို လုံးဝ ပိတ်လိုက်လို့ မရဘူးဖြစ်နေတယ်။ ပိတ်လိုက်ရင် မြစ်ကြီးနားမြို့ပေါ်မှာ ရှိတဲ့ ပြည်သူ လူထုတွေအတွက် ဒုက္ခအကြီးအကျယ် ရောက်ပါလိမ့်မယ်။

ဦးစီး ဦးဆောင်လုပ်နေတဲ့ KIO က ကျနော်တို့ လူကြီးတွေကိုပဲ ပြန်ပြီးတော့ ခေါ်ယူလိုက်တာပါ။ အဲဒီမှာရှိတဲ့ နေ့စား၊ လခစား ဝန်ထမ်းတွေကိုတော့ လျှပ်စစ်မီး ဆက်လက် ရရှိရေးအတွက် ဆက်လက် တာဝန် ထမ်းဆောင်ခိုင်းထားပါတယ်။ သူတို့က KIO တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူး ဆိုတော့ သိပ်ပြီးတော့ အန္တရာယ်ရှိမယ် မထင်ဘူးလေ။

မေး ။     ။ KIO ဌာနချုပ် ရှိတဲ့ လိုင်ဇာဒေသမှာရော အခြေအနေ ဘယ်လိုရှိသလဲ။

ဖြေ ။     ။ အဲဒါပြောမယ်ဆိုရင် ရှေ့က နည်းနည်းပြောလိုက်ချင်တယ်။ ကျနော်တို့ တပ်ရင်း ၁၅ ရှိတဲ့ တောင်ကုန်းကို သူတို့ဘက်က မရမနေ ဆိုတဲ့ သဘောနဲ့ ဝိုင်းပြီးမှ လုနေတဲ့ သဘောရှိတယ်။ အဲဒီမှာ သူတို့ ထိုင်ချင်တဲ့ သဘော ရှိတယ်။ ကချင်ပြည်မှာ ရှိသမျှ သူတို့တပ်တွေနဲ့ အဲဒီနေရာကို စုပြုံပြီး ဝင်တိုက်ကြတယ်။ ဝင်တိုက်ကြလည်း ကျနော်တို့ဘက်က စစ်မက်ဖြစ်ပွားမှုကို လျော့နည်းသွားစေချင်တယ်။ ပျောက်သွားချင်တယ်ဗျာ။ အဲဒါကြောင့်မို့ ကျနော်တို့ဘက်က တပ်ရင်း ၁၅ ရဲ့ တပ်အင်အားနဲ့ပဲ ခုခံခိုင်းထားတယ်။ တခြားနေရာက တပ်တွေ ဖြည့်တင်းပြီး တိုက်ပွဲ ကြီးသွားအောင် ကျနော်တို့ မလုပ်ခဲ့ဘူး။ တပ်ရင်း ၂၅ ဆိုရင် အခုဖြစ်တဲ့ တပ်ရင်း ၁၅ နဲ့ အနီးဆုံးနေရာ၊ လှမ်းပြီးမြင်လို့ရတဲ့ နေရာမှာပဲ ရှိပါတယ်။ သူတို့ဘက်ကတော့ တပ်ရင်း ၁၀ ရင်းလောက် ရှိမယ် ထင်တယ်။ တပ်ရင်း ၄၊ ၅ ရင်း တက်လိုက်၊ အကျအဆုံး များတော့ ပြန်ဆုတ်၊ နောက်တရင်းပြန်တက် လုပ်နေတာ။

ကျနော်တို့ဘက်ကတော့ အဲဒီလောက်ဖြစ်နေတာနဲ့တင် ပြဿနာက တော်တော် ကြီးနေပြီ။ ကျနော်တို့ဘက်က တပ်တွေ ထပ်ဖြည့်မယ် ဆိုရင် ကချင် တပြည်လုံးမှာ စစ်ပွဲတွေ ဖြစ်သွားမယ် ဆိုပြီး ကျနော်တို့ မဖြည့်ခဲ့တာပါ။ ဒါပေမယ့် တိုက်ပွဲတလျှောက်မှာ သူတို့ဘက်က ပိုပြီး ဖြည့်တင်းတာမျိုးတွေကို ကျနော်တို့ တွေ့နေရပါတယ်။

လိုင်ဇာကနေလည်း ခရီးက သိပ်မဝေးဘူး ဆိုတော့ လိုင်ဇာက တပ်တွေ ထပ်ဖြည့်မှာကို စိုးရိမ်တာလား၊ ဒါမှမဟုတ် သူတို့ စီမံကိန်းပဲ ရှိနေတာလားဆိုတာ မသိရဘဲ သူတို့ဘက်က တပ်တွေ ထပ်ဖြည့်နေတာပါ။ မြစ်ကြီးနားကနေ လက်နက်ကြီးတွေ သယ်သွားတာမျိုး၊ ကျနော်တို့အဖွဲ့ရဲ့ ထွက်ပေါက်တွေကို သူတို့အဖွဲ့တွေ ချပြီး ပိတ်ထားတာမျိုးတွေပေါ့။ အဲဒါကို ကြည့်ခြင်းအားဖြင့် ကျနော်တို့က စစ်မက် မဖြစ်ပွားအောင် ထိန်းသိမ်းနေတယ် ဆိုပေမယ့်လည်းပဲ သူတို့ဘက်က ပြန့်ရင် ပြန့်ပါစေ ဆိုတဲ့ အနေအထားမျိုးကို တွေ့နေရပါတယ်။

မေး ။     ။ အပစ်အခတ် ပြန်ရပ်ဖို့ ဖြစ်နိုင်ခြေ ရှိသလား။

ဖြေ ။     ။ မနေ့ညက ၈ နာရီ ၉ နာရီလောက်မှာ နေပြည်တော်က ဝန်ကြီးဟောင်းတဦး၊ နာမည်တော့ မပြောတော့ပါဘူး၊ သူက ကျနော်တို့ဘက်က ပုဂ္ဂိုလ်တဦးကို ဖုန်းဆက်ပြီးတော့ “ခင်ဗျားတို့ဘက်က ထိန်းပေးပါဦး၊ မဟုတ်ရင် တနိုင်ငံလုံးကို စစ်မက် ပြန့်သွားဦးမယ်။ ကျနော်ကလည်း သမ္မတကြီးကို သွားပြီး ဆွေးနွေးကြည့်ပါဦးမယ်” ဆိုပြီး ကျနော်တို့ကို အလွတ်သဘော ကမ်းလှမ်းလာပါတယ်။ ကျနော်တို့ဘက်က ပြန်ပြောတာက ၂ ရက် ဆိုတာလည်း အများကြီး ပြောင်းလဲသွားနိုင်တယ်။ ဒါကြောင့် ခင်ဗျားတို့ တကယ် ဆန္ဒရှိနေတယ် ဆိုရင် ထိုးစစ်တွေကို ရပ်လိုက်ပါ။ စစ်မက် ပြင်ဆင်မှုတွေကိုလည်း လျှော့လိုက်ပါ ဆိုပြီးမှ ကျနော်တို့ဘက်က အကြောင်းပြန်လိုက်တယ်။ အဲဒီမှာ သူတို့ကလည်း သူတို့ လူကြီးတွေနဲ့ ဒီနေ့မနက်မှာ အစည်းအဝေး ရှိပါတယ်။ အဲဒီမှာ ဆွေးနွေးပြီး ကျနော်တို့ကို ပြန်ပြီး အကြောင်းပြန်ပါမယ် ဆိုတဲ့ အကြောင်း ပြန်ပြောလာတယ်။     ။