RFA က ဧရာဝတီစကားဝိုင်း (စက်တင်ဘာ ၃၀၊ ၂၀၁၀)

လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယိုပရိသတ် အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ်ဖြစ်ပါတယ်။

{play}images/stories/podcasts/rfa.09.30.10.mp3|[AUTOPLAY]|transparent[BGCOLOR]|[AUTOREPLAY]{/play}
{rddl}rfa.09.30.10.mp3{/rddl}
အခုတပတ်မှာ တင်းကျပ် စိစစ်မှုများတဲ့ စစ်အစိုးရ မီဒီယာ များကနေ ပါတီများ တရားဝင်မဲဆွယ် ဟောပြောခွင့် ပေးရာတွင် တပ်မတော်ကိစ္စနှင့် ပြည်သူများ အမှန်တကယ် ရင်ဆိုင်နေရသော အခက်အခဲများကို ပါတီများ တင်ပြခွင့်မရဘဲ မဲဆန္ဒရှင်များကို မျှော်လင့်ချက်တွေပေးသော ဟောပြောစည်းရုံးမှုများသာ ဖြစ်နေခြင်းကို ဧရာဝတီမဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ကိုကျော်စွာမိုး၊ သတင်းအယ်ဒီတာ ကိုရဲနည်နဲ့ ဧရာဝတီ ရွေးကောက်ပွဲ စာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်တို့က ဆွေးနွေးထားပါတယ်။

ကိုကျော်စွာမိုး ။      ။ ဧရာဝတီစကားဝိုင်းမှ ကြိုဆိုပါတယ်။ မင်္ဂလာပါခင်ဗျာ။ ကျနော်က ကျော်စွာမိုးပါ။ ကျနော်နဲ့ ဒီတပတ် ဝင်ရောက်ဆွေးနွေးမယ့် သူတွေကတော့ ကျနော်တို့ရဲ့သတင်းအယ်ဒီတာ ကိုရဲနည်နဲ့  ရွေးကောက်ပွဲ စာမျက် နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်တို့ဝင်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကိုရဲနည်နဲ့ ကိုထက်အောင်ရေ၊ ပြီးခဲ့တဲ့ ၂၄ ရက်နေ့ကနေ စပြီးတော့ စစ်အစိုးရကနေပြီးတော့ ပါတီတွေကို သူတို့မီဒီယာတွေ ဖြစ်တဲ့ တီဗီ၊ ရေဒီယို၊ သတင်းစာတွေကို အသုံးပြုပြီးတော့ မဲဆွယ်စည်းရုံးခွင့်ပေါ့ဗျာ။ တနည်းအားဖြင့် ပါတီရဲ့ မှုဝါဒတွေ သဘောထားတွေ လုပ်ငန်းစဉ်တွေ စသည်တွေကို ဟောပြောခွင့်ပေးတယ်လို့ ကျနော်တို့သိရတယ်။ အခုထိဆိုရင် အခုအသံလွှင့်နေတဲ့ အချိန်ဆိုရင် ၇ ပါတီရှိသွားပြီလို့ သိရတယ်။ နံပတ် ၁ ပါတီကတော့ တစည ပေါ့လေ။ ဒီထဲမှာ ပိုပြီးတော့ သိရတာက အဲဒီပါတီတွေရဲ့ ဟောပြောချက်တွေ တင်ပြခွင့်တွေကိုလည်းပဲ ဆင်ဆာလုပ်တယ်၊ ဖြတ်တောက်တယ် ဆိုတာလည်း ကျနော်တို့ အများကြီးသိရတယ်။ ဆိုတော့ ကိုထက်အောင်ရေ၊ ကျနော်သိချင်တာကဗျာ အခုလိုမျိုး စစ်အစိုးရကနေ ပိတ်ပင်တားဆီးတဲ့ ကြားထဲကနေပြီး သူတို့ရဲ့ မဲဆွယ်စည်းရုံးမှုတွေဟာ မဲဆန္ဒရှင်တွေရဲ့ လက်ရှိဘဝတွေကို ထင်ဟပ်နေလား၊ ဒါမှမဟုတ်လည်း မဲဆန္ဒရှင်တွေရဲ့ လိုအပ်ချက်တွေကို ထိထိရောက်ရောက် ပြောဆိုနိုင်ခွင့်ရော ရှိရဲ့လားဗျ။

ကိုထက်အောင် ။      ။ ပါတီတွေက အဓိကအားဖြင့် သူတို့ရဲ့ သူတို့ နိုင်ရင် တိုင်းပြည်မှာ သူတို့ဘာတွေလုပ်ပေးမယ်၊ ညာတွေလုပ်ပေးမယ်ဆိုတဲ့ ဒါမဲဆန္ဒရှင်တွေအပေါ် မျှော့်လင်ချက်တွေ ပေးတဲ့ဟာတွေကိုပဲ သူတို့ရဲ့ မူဝါဒသဘောထား လုပ်ငန်းစဉ်တွေမှာ ပြောသွားတာ တွေ့ရတယ်။ ဒီထဲမှာ ထူးထူးခြားခြား တခု သတိထားမိတာပေါ့ဗျာ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီခေါ်တဲ့ တစည ပါတီတခုကလွဲပြီး ကျန်တဲ့ ၆ ပါတီက တပ်မတော်နဲ့ ပတ်သက်ပြီးတော့ တလုံးတပါတမှ ပြောသွားတာ မတွေ့ရဘူး။ တစညကလည်း တပ်မတော်နဲ့ ပတ်သက်ပြီး ပြောတာကလည်း တိုတိုလေးပဲပြောဗျာ။ အဲဒီတိုတိုလေးကလည်း Constitution ထဲမှာကို ပါတဲ့ဟာကို ပြန်ပြီးပြောသွားတာဗျ။ ဘာလဲဆို တပ်မတော်က စွမ်းအားထက်မြက်တဲ့ တခုတည်းသော တပ်မတော်ဖြစ်ရမယ်ဆိုတာ၊ ဒီတချက်ပဲ သူပြောသွားတယ်။

ကိုကျော်စွာမိုး ။     ။ စီးပွားရေး အကျပ်အတည်းတွေ အများကြီး ဖြစ်နေတယ်။ နိုင်ငံရေးမှာလည်း ပြဿနာတွေ အကြီးအကျယ် တက်တယ်။ အဓိကဖော်ထုတ်ရမယ့် နိုင်ငံရေးအကျဉ်းသား ကိစ္စမျိုးတွေ၊ ဒေါ်အောင်ဆန်းစုကြည် ကိစ္စမျိုးတွေ၊ ဒါတွေကတော့ လုံးဝကိုပဲ သူတို့တွေ ပြောခွင့်ရမှာ မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် အဲဒီပြောခွင့်မရတဲ့ ကြားထဲကကိုပဲ ဒီမိုကရက်တစ်ပါတီတို့ တခြားပါတီကနေပြီးတော့ အဲလိုကြိုးစားမှုတွေ ရှိခဲ့သလား။

ကိုထက်အောင် ။     ။ ကျနော်သိရသလောက်တော့ ပြည်ထောင်စု ဒီမိုကရေစီပါတီက သူရဲ့ မူဝါဒသဘောထား လုပ်ငန်းစဉ်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးဆိုပြီးတော့ ထည့်သွင်းထားတယ်လို့ သိရတယ်။ ဒါပေမယ့် စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဒါကိုပယ်ချလိုက်တယ်။ ပယ်ချလိုက်တော့ နောက်တကြိမ် သူတို့ မကြိုးစားတော့ဘူးဆိုပြီးတော့ သူတို့ပါတီက ဆုံးဖြတ်လိုက်တယ်။ နောက်တချက်က ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ ခေါင်းဆောင်တဲ့ ဒီမိုကရက်တစ် ပါတီဆိုရင် သူတို့ပထမ တခေါက်တင်တဲ့အခါ ပယ်ချခံရတယ်။ ဘာကြောင့် ပယ်ချခံရလဲ ဆိုတာကို တိုင်းပြည်က ဖွံ့ဖြိုးမှုနည်းနေတယ်၊ ဘာကြောင့်မို့ ဒီလိုဖွံ့ဖြိုးမှုနည်းနေရလဲ၊ သူတို့ပါတီအနေနဲ့ ဒီလို ဖွံ့ဖြိုးမှု နည်းနေတာတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတဲ့ဟာကို ကော်မရှင်က ပယ်ချတယ်ဗျ။

ကိုကျော်စွာမိုး ။      ။ ပြောချင်တာကတော့ တိုင်းပြည် ဖွံ့ဖြိုးမှုမရှိဘူး ဆိုတာတောင်ကိုပဲ အစိုးရခေါင်းဆောင်တွေက မဖော်ပြချင်ဘူးပေါ့လေ။

ကိုရဲနည် ။       ။ ကျနော်အမြင်ကတော့ဗျာ စစ်အစိုးရ ပြောနေတဲ့ ရွေးကောက်ပွဲဆိုတဲ့ ကိစ္စကို တကယ်တမ်း လွတ်လပ်ပြီး တရားမျှတမယ့် ရွေးကောက်ပွဲဖြစ်ဖို့ အခြေခံကောင်းတွေ မရှိတာကတော့ဗျာ ကျနော်တို့အားလုံး သိပြီးသားပေါ့ဗျာ။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်တွေ မရှိတဲ့အခါမှာ ကျတော့ ခုနတုန်းက မီဒီယာ လွတ်လပ်ခွင့် မရှိဘူး၊ ဆင်ဆာတွေ ထိတာများတယ်၊ ပြည်တွင်းမှာ ဆိုလို့ရှိရင်လည်း အကုန်လုံးက ဆင်ဆာဘုတ်က ချုပ်ကိုင်ထားတယ် ဆိုတဲ့အခါကျတော့ ဒီရွေးကောက်ပွဲ နိုင်ပြီးတော့ တက်သွားမယ့် လွတ်တော် ကိုယ်စားလှယ်အမတ်မင်းတွေ အနေနဲ့ ကျင်းပမယ်ဆိုတဲ့ လွတ်တော်ထဲမှာ နိုင်ငံစီးပွားရေး ချွတ်ခြုံကျနေတဲ့ ကိစ္စတွေ၊ အဲဒါတွေကိုတောင်မှ အခုလိုမျိုး မဲပေးမယ့် ပြည်သူတွေကြားထဲမှာ ချပြပိုင်ခွင့်မရှိဘူး ဆိုလို့ရှိရင် နိုင်ငံရေးသမားတွေ မျှော်လင့်ထားတဲ့ လွတ်တော်ထဲမှာကော ဘယ်လောက်အထိ မဲဆန္ဒရှင်တွေ လိုလားနေတဲ့ အပြောင်းအလဲကို ဆွေးနွေးပိုင်ခွင့် ရှိမလဲဗျ။ အဲဒါကလည်း မေးဖို့ကောင်းတဲ့ မေးခွန်းလို့ ကျနော်မြင်တယ်ဗျ။

ကိုကျော်စွာမိုး ။     ။ ဒါကတော့ ညွှန်ပြနေတဲ့ အချက်တချက်လို့ ပြောရမှာပေါ့။ အခုကတည်းက သူတို့ပါတီစည်းရုံးမှု မူဝါဒတွေကို ဖြတ်ချနေ ဖြုတ်ချနေ ခွင့်မပြုတာတွေ ရှိနေတာကိုး။ ဆိုတော့ လွှတ်တော်ထဲမှာတော့ ကျနော်ထင်တယ် သူတို့မကြိုက်တဲ့ စကားလုံးကတော့ တလုံးမှပြောခွင့်ရှိမယ်မထင်ဘူး။

ကိုထက်အောင် ။      ။ လွှတ်တော်ထဲ ရောက်ရင်တော့ ကျနော်ထင်တယ်၊ လွှတ်တော် ဥက္ကဋ္ဌက Censorship လူကြီး ဖြစ်လိမ့်မယ်ထင်တယ်။ တင်ပြလာတဲ့ သူတို့ပါတီတွေထဲကနေပြီးတော့ တင်ပြလာတဲ့ မှုဝါဒတွေ ပြင်ဆင်ချင်တဲ့ဟာတွေ၊ ဒါတွေကို သူက ပယ်ချနေလိမ့်မယ်လို့ ထင်တယ်။ အခု ဒီသတင်းစာတွေထဲမှာ ပါတဲ့ ဟောပြောချက်တွေကိုက နမူနာလို့ ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ကိစ္စကို သူတို့ဘာမှ ပြောခွင့်မရဘူးဗျ။ ဆိုတော့ တပ်မတော်ကလည်း သူ့ဖာသာသူ ပေါ့နော်၊ လွတ်လွတ်လပ်လပ် တသီးခြား Constitution ဘောင်ကနေလွတ်ပြီးတော့ စီမံခန့်ခွဲ လို့ရနေတဲ့ အာမခံချက်က ရထားတဲ့အခါကျတော့ တပ်ကိစ္စကို တပ်ကပဲပြောမယ်၊ နိုင်ငံရေးသမားက မပြောရဆိုတဲ့ လိုမျိုးဖြစ်နေတယ်။

ကိုရဲနည် ။     ။  တကယ်တမ်းကျတော့ဗျာ၊ စစ်တပ်ကျတော့ နိုင်ငံရဲ့ရိက္ခာကိုစားနေတဲ့ နိုင်ငံဝန်ထမ်းဆိုတဲ့ ခါကျတော့ နိုင်ငံရဲ့ ဘဏ္ဍာကို သူတို့ဘယ်လိုသုံးမှာလဲ၊ ဘယ်လောက်သုံးမှလဲ ဆိုတဲ့ဥစ္စာတွေက အနည်းဆုံးတော့ လွှတ်တော်ထဲမှာ ဆွေးနွေးပိုင်ခွင့် ရှိရမယ်ဗျ။ အဲဒါမှသာလျှင် နိုင်ငံရဲ့ စီးပွားရေးကို ချိန်ခွင်လျှာ ညှိလို့ရမယ်။ သူတို့ရဲ့ အသုံးစရိတ်က ဘယ်လောက်ကြီးမားတယ်၊ အခု ဒီနိုင်ငံရေးသမားတွေ မျှော်လင့်နေကြတဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး ကဏ္ဍတွေ ခေါင်းထောင်ထလာနိုင်ဖို့ ဆိုလို့ရှိရင် ဒီစစ်တပ် အသုံးစရိတ်ကို လျှော့မှဖြစ်မှာကိုးဗျ။ ဆိုတော့ ဒီလိုမျိုးသာ ပြောလို့မရဘူး ဆိုလို့ရှိရင် ကျနော်တို့ လူထုအများစုပေါ့ဗျာ၊ လိုလားနေတဲ့ အပြောင်းအလဲတဲ့ ဥစ္စာက ဘယ်လိုဖြစ်လာ နိုင်မှာလဲဗျ။

ကိုကျော်စွာမိုး ။     ။ အဲဒါကတော့ဗျာ အရင်တုန်းက တွေးထားတဲ့အတိုင်းပဲ သိပ်တော့ မျှော်လင့်လို့မရဘူးပေါ့။ ဒါပေမယ့် အခုသူတို့ ဆင်ဆာလုပ်ခံထားရတဲ့ ကြားထဲက သူတို့ပါတီရဲ့ မူဝါဒတွေကို ဖတ်ကြည့်မယ် ဆိုလို့ရှိရင် လေသံတွေကတော့ ပေါ်တယ်ဗျ။ မြန်မာပြည်သူတွေကလည်း သူတို့ဖတ်ရတဲ့ ဆောင်းပါးတွေ အကုန်လုံးက ဆင်ဆာလုပ်ခံရတဲ့ ဆောင်းပါးကိုး။ ဆိုတဲ့အခါကျတော့ အဲဒီအထဲမှာ ဘယ်လို သတင်းစကားမျိုးကို ဒီပါတီက ပေးချင်လဲဆိုတာ သူတို့က ဖမ်းယူတတ်တယ်လေ။ ဒီမိုကရက်တစ်ပါတီဆိုရင် သူရဲ့လေသံထဲမှာ တစည ပါတီရဲ့ မူဝါဒ သဘောထားတွေနဲ့ ယှဉ်ကြည့် မယ်ဆိုရင် တော်တော်လေး ကွာတာကိုသိရတယ်။ တစည ပါတီက ထုံးစံအတိုင်းပဲ ဆိုရှယ်လစ်ခေတ်ရဲ့ အယူအဆတွေဖြစ်တဲ့ လူတန်းစားအလွှာတွေကိုပဲ အဓိက အလေးထား ပြောဆိုသွားတာ တွေ့ရတယ်။ လယ်သမား လူတန်းစား၊ အလုပ်သမား လူတန်းစား၊ အသိပညာရှင် လူတန်းစား၊ ဒီလိုမျိုးမှာ ပိုပြီးတော့ အလေးပေးသွားတယ်ဆိုတာ တွေ့ရတယ်။ ဒီမိုကရက်တစ်ပါတီကို ကြည့်မယ်ဆိုရင်တော့ ပိုပြီးတော့ မဲဆန္ဒရှင်တွေအတွက် သဘောကျစရာကောင်းတဲ့ ဟာမျိုးလေးတွေ ကျနော်တို့ တွေ့ရတယ်ပေါ့လေ။ 

ကိုထက်အောင် ။     ။ ဟုတ်တယ်။ ကျနော် အခုလေ့လာမိသလောက် ဒီမိုကရက်တစ်ပါတီက မူဝါဒ သဘောထားတွေက အစုံဆုံးလို့ ပြောလို့ရတယ်။ ဒီနေရာမှာ သူက ဘာနဲ့ စထားလဲဆိုတော့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အခြေအနေ ဖန်တီးပေးဖို့ လိုအပ်တယ်ဆိုတဲ့၊ ဒါ နိုင်ငံရေးအရ အင်မတန်မှ အရေးကြီးတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်စုကြည်တို့ အစဉ်တစိုက် တောင်းဆိုခဲ့တဲ့ ဒီအချက်ကိုတော့ ရအောင်ထည့်ထားတာ တွေ့တယ်ဗျ။ အဲဒါရဲ့နောက်မှာ သူဟာ လူတန်းစားအလွှာတွေ အကြောင်းကို ပြောတာထက်ကို သူက ပြဿနာရပ်တွေအကြောင်းကို ပါးပါးေးလး တင်ပြထားတာတွေတယ်။ ဥပမာ စီးပွားရေးနဲ့ ပတ်သက်လို့ ခရီးသွားလာရေးလုပ်ငန်း၊ စွမ်းအင်၊ သဘာဝ ပတ်ဝန်းကျင်၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနဲ့ နိုင်ငံခြားရေးရာ ကိစ္စတွေကို သူက စုံစုံလင်လင်ပြောထားတယ်။ ဒါပေမယ့် သူ့မှာ လိုအပ်ချက်တခုကတော့ တပ်မတော် ကိစ္စကို သူဘာမှ မပြောနိုင်ဘူး။

ကိုရဲနည်  ။      ။ ကျနော်မြင်တဲ့ နောက်တချက်က ပြည်တွင်းမီဒီယာပေါ့ဗျာ။ နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးလှုံ့ဆော်ခွင့်တွေကို စပြီးပေးလာတာကို Focus လုပ်နေကြသလိုမျိုးပဲ၊ ပြည်ပမီဒီယာတွေမှာ ဆိုလို့ရှိရင်လည်း စစ်အစိုးရ ယိမ်းတဲ့ နိုင်ငံရေးပါတီတွေနဲ့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးပါတီ ဖွဲ့စည်းတာတွေ၊ နောက်ပြီတော့ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေးပါတီတွေ ဖွဲ့တာတွေ အမျိုးသား ဒီမိုကရေစီအဖွဲ့က သပိတ်မှောက်တဲ့ ဥစ္စာတွေ တော်တော်များများ Coverage ပေးနေကြပေမယ့် အရေးကြီးတဲ့ အသံတသံ ပျောက်နေတယ်ထင်တယ်။ အဲဒါက ဘာလဲဆိုတော့ ကျနော်တို့ ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျ တို့ရဲ့ ၈၈ မျိုးဆက်သစ် ကျောင်းသားဟောင်းတွေရဲ့ အသံတွေ သူတို့ရဲ့ အသံပျောက်နေတယ်လို့ ကျနော် အနေနဲ့ ခံစားမိတာပေါ့ဗျာ။

ကိုကျော်စွာမိုး ။      ။ ကိုရဲနည်ကလည်း ပျောက်တာပေါ့ဗျာ။ သူတို့ကို ထောင်ထဲမှာ ချထားတာကို ၆၅ နှစ်ကြီး နေရမှာလေ။ ဟိုတလောက ကျနော်တို့ကြားလိုက်တယ် ရခိုင်ပြည်နယ် ဘူးသီးတောင် ထောင်ထဲမှာ ကျနေတဲ့ ကိုဌေးကြွယ်ကနေပြီးတော့ သူရဲ့ သဘောထားအမြင်တွေကို ထုတ်ပြီးပြောလိုက်တာ ကျနော်တို့ သိရတယ်လေ။ ဒါပေမယ့် ကိုရဲနည်ရေ အပြည်ပြည်ဆိုင်ရာကတော့လည်းပဲ ဒီအသံတွေကို ဆက်ပြီးတော့ အော်နေတယ်။ မကြာသေးခင်ကပဲ အမေရိကန် သမ္မတ အိုဘားမား၊ UN အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်း ကနေပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် မလွှတ်ဘူးဆိုရင် လာမယ့်ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ရွေးကောက်ပွဲတခုဖြစ်မှာ မဟုတ်ဘူးလေ။ အဓိက အဲဒါကိုတော့ သူတို့တွေ တိုက်တွန်းနေတယ်။ တောင်းဆိုနေတယ် ဆိုတာ ကျနော်တို့တတွေ တွေ့ရတယ်။ တပြိုင်တည်းမှာပဲ ဘန်ကီးမွန်းကိုယ်တိုင်က အာဆီယံနိုင်ငံတွေကို ပိုပြီးတော့ မြန်မာကို တွန်းအားပေးဖို့ဆိုပြီးတော့ ပြောနေတာတွေ့ရတယ်။ ဒါတွေကတော့ အဓိက လိုအပ်ချက်တွေပေါ့လေ။ ပြဿနာတွေကလည်း အခုထက်ထိတော့ အဲဒါတွေကို လိုက်ပြီးတော့ အစိုးရကတော့ လိုက်လုပ်မှာ မဟုတ်ဘူးလို့ တွေ့ရတယ်။ 

ကိုရဲနည် ။      ။ စိတ်ဝင်စားစရာကောင်းနေတဲ့ လတ်တလော ဖြစ်ပေါ်တိုးတက်မှုလေးတခုက ဘာလဲဆိုတော့ စစ်အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း အမေရိကန်နိုင်ငံ နယူးယောက်မှာ ကျင်းပနေတဲ့ UN အထွေထွေ ညီလာခံကို သွားတက်တဲ့ အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးပိုင်ခွင့် ရှိတယ်ဆိုပြီးတော့ ကြေညာချက်ကလည်း ထွက်လာတယ်။ အဲဒီအပေါ်မှာ ကျနော်မြင်တာကတော့ အရမ်းတိုက်ဆိုင်နေတယ်လို့ ထင်တယ်။ UN ရဲ့ အထွေထွေ ညီလာခံမှာ တွေ့ရတော့မယ့် ဖိအားတွေကို အကောင်းမြင်ဘက်ကနေပြီးတော့ ပြန်ပြီးတော့ ကာဖို့အတွက်ကို ဒီကြေညာချက်ကို တိုက်တိုက်ဆိုင်ဆိုင်ပဲ ထုတ်ပေးလိုက်သလားလို့ ထင်ရတယ်။

ကိုကျော်စွာမိုး ။     ။ ဒါပေမယ့်ဗျာ ကိုရဲနည်ကလည်း အဲဒါကြီးကတော့ ရယ်စရာကြီး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ NLD ပါတီက ရွေးကောက်ပွဲဟာ တရားမမျှတဘူး။ အဲဒီအတွက် ရွေးကောက်ပွဲကို ဝင်မှာ မဟုတ်ဘူး။ ပြည်သူတွေကိုလည်း မဲမပေးဖို့တောင် ပြောနေတဲ့ အချိန်မှာ သူ့ကို မဲပေးခွင့် ပေးတယ်ဆိုတော့လည်း ဒါရယ်စရာကြီးပေါ့။ ကျနော်ပြောချင်တာ ဒါ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုလုပ် မဲပေးမှာလဲ၊ မဲပေးလို့လဲ ဘယ်လိုမှ ရမှမဟုတ်ဘူးလေ။

ကိုထက်အောင် ။      ။ နောက်တချက်က ဥပဒေအရ ကြည့်မယ်ဆိုရင်လည်း သူတို့ရွေးကောက်ပွဲ ဥပဒေမှာ၊ အတိအလင်း ပြောထားပြီးသား။ ထောင်ဒဏ်ကျခံနေရတဲ့ သူတွေဟာ မဲပေးခွင့်မရှိဘူးဆိုတာ သူတို့ အတိလင်း ပြဌာန်းပြီးသားဗျာ။ ဒေါ်အောင်ဆန်းစုကြည်က ဘာပဲပြောပြော နေအိမ်မှာ ထားထားတယ်ဆိုပေမယ့် သူဟာထောင်ဒဏ် ကျခံထားရတဲ့ သူတယောက် ဖြစ်နေတယ်ဆိုတော့ သူက ဒီဥပဒေအရဆိုရင်တော့ မဲပေးပိုင်ခွင့်က ရှိကိုမရှိဘူး။

ကိုကျော်စွာမိုး ။     ။ ဒါပေမယ့် ကိုရဲနည်ပြောတဲ့ အချက်က ဟုတ်လောက်ပါတယ်။ နအဖအစိုးရကတော့ ရသလောက် ကြိုးစားတာပေါ့လေ။ ဒါလေးကို ထုတ်ပေးလိုက်မယ် ဆိုလို့်ရှိရင် ဖိအားများ နည်းနည်းလေးများ လျော့သွားမလား ဆိုပြီးတော့ ကြိုးစားမှုတခုပေါ့လေ။

ကိုရဲနည်  ။      ။ ပြည်တွင်းမှာ မီဒီယာတွေ ချုပ်ချယ်မှုတွေနဲ့ ရင်ဆိုင်နေရသလိုမျိုးပဲ။ ပြည်ပမှာ ဆိုလို့ရှိရင်လည်း ကျနော်တို့ ဧရာဝတီ၊ DVB ၊ မဇ္ဈိမနဲ့ တခြား ဝက်ဘ်ဆိုက်တွေကိုလည်း DDoS Attack လို့ခေါ်တဲ့  Cyber Attack  ပေါ့ဗျာ။ တိုက်ခိုက်တဲ့ နည်းပညာတခုနဲ့ တိုက်ခိုက်လိုက်တဲ့အခါမှာ ကျနော်တို့ ဝက်ဘ်ဆိုက် နားရတယ်ပေါ့ဗျာ။ DVB တို့ မဇ္ဈိမ တို့လည်း နားရတယ်ပေါ့ဗျာ။ ကျနော်ကတော့ မင်္သကာဘူးဗျ။ အဲဒါ လာတော့မယ့် ရွေးကောက်ပွဲအတွက် ကျနော်တို့ကို သွေးတိုး စမ်းတိုက်ခိုက်တာလား၊ ဒါမှမဟုတ်လို့ရှိရင် တိုက်တိုက်ဆိုင်ဆိုင် ရွှေဝါရောင်တော်လှန်ရေး၊ လွန်ခဲ့ ၂၀၀၇ ခုနှစ်မှာ နိုင်ငံရေး စီးပွားရေး ပြောင်းလဲမှုအတွက် လမ်းမပေါ်ထွက်ပြီးတော့ ဆန္ဒပြတောင်းဆိုကြတဲ့ ရွှေဝါရောင်တော်လှန်ရေး ၃ နှစ် မြောက်နဲ့လည်း တိုက်ဆိုင်နေတာကိုး။

ကိုကျော်စွာမိုး ။     ။ ကျနော်မြင်တာကတော့ဗျာ၊ ဒါကပြောရမယ်ဆို လက်စားချေတာဗျ။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၇ မှာတုန်းက ကျနော်တို့ ပြည်ပမီဒီယာတွေအားလုံးက သံဃာတော်တွေ ဆန္ဒပြတဲ့အချိန်မှာ ကျနော်တို့က အသေးစိတ်ကိုပဲ၊ တမိနစ် တမိနစ်ခြင်းကိုပဲ ဒီကနေပြီးတော့ ဓာတ်ပုံတွေ၊ သတင်းတွေ တင်ပြနိုင်ခဲ့တယ်။ ဆိုတဲ့အခါကျတော့ မြန်မာနိုင်ငံ အစိုးရအတွက် ပိုပြီးတော့ ဖိအားတွေ များလာတယ်။ ဆိုတော့ ၂၀၀၇ အဲလို နာမည်တွေ အကြီးအကျယ် ပျက်သွားတယ်။ ဒါကြောင့်မို့လို့ ၂၀၀၈ မှာလည်း ကျနော်တို့ကို Cyber Attack နဲ့ တိုက်ခိုက်ခဲ့တာကိုး။ အခုဆိုရင် ၃ နှစ်ပြည့်သွားပြီ။ ဒါပေမယ့် သူတို့ ရန်ငြိုး မပြေသေးဘူးဗျ။ အခုကို ကျနော်တို့ကို ဆက်ပြီးတော့ ချနေတုန်းပဲ။ တနည်းအားဖြင့် ကျနော်တို့ကို လက်စားချေ လိုက်တာပဲ။ ဒါပေမယ့် ကိုရဲနည်ပြောတဲ့ဟာလည်း အများကြီးဖြစ်နိုင်တယ်။ ရွေးကောက်ပွဲကလည်း ၅ ပတ်လောက် လိုတော့တာကိုး။ အဲဒီအတွက်လည်းပဲ သူတို့က ပြင်ဆင်တဲ့ သဘောပေါ့ တွေ့နေရတယ်။ ရွေးကောက်ပွဲ ကာလမှာ ဒီထက်ပိုပြီးတော့မှ ဆိုးဝါးတဲ့ အတိုက်အခိုက်တွေ ခံရနိုင်တယ်။ ကျနော်တို့ ဝက်ဘ်ဆိုက်တွေမှာ ပေါ့လေ။

ကိုထက်အောင် ။     ။ အဲဒါကို ကျနော်စဉ်းစားနေတာ ကိုကျော်စွာမိုး။ ဒီတိုက်ခိုက်မှုဟာ ဘယ်နေရာကလာလဲ။ ဖြစ်နိုင်ချေဟာ ဘယ်နေရာကလဲပေါ့လေ။ နောက်တချက်ကလည်း ဒီလို တိုက်ခိုက်မှုမျိုးကို ရွေးကောက်ပွဲနေ့မှာ ချိန်သားကိုက်ပြီးတော့ လုပ်လာခဲ့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ ဒါစိုးရိမ်မှုတခုပေါ့လေ။

ကိုကျော်စွာမိုး ။     ။ ကျနော်တို့ သိသလောက်ပေါ့ဗျ။ ဒီလိုမျိုးတိုက်ခိုက်မှုတွေဟာ ဘယ်သူ တိုက်ခိုက်တယ်ဆိုတာ အတိကျမှန်းလို့မရဘူး။ တိုက်ခိုက်မှု အများစုတွေဟာ China Telecom ဘက်ကနေ လာတယ်လို့ သိရတယ်။ ဆိုတော့ တရုတ် Telecom ရဲ့ ပတ်သက်မှုတွေ ပါလိမ့်မယ်လို့ ကျနော်ထင်ရတယ်ပေါ့လေ။ အခုအထိ ပြောလို့ရတာက လာမယ့် ရွေးကောက်ပွဲ မတိုင်ခင်မှာကတည်းကပဲ ဒါမျိုး တိုက်ခိုက်မှုတွေ စနိုင်တယ်။ အဲဒီကျရင် ကျနော်တို့ ဝက်ဘ်ဆိုက်တွေ အကုန်လုံး Down သွားနိုင်တယ်။ ဆိုတော့ ဒီလိုမျိုးတိုက်ခိုက်မှုဟာ သူတို့ဘက်က ပိုက်ဆံပိုပြီးသုံးလေ၊ ပိုပြီးတော့ အင်အားရှိလေ၊ ကျနော်တို့ကတော့ ခံနေရမှာပဲ။ ကျနော်တို့ အားနည်းချက်ကတော့ အဲဒါပဲ။

ကိုရဲနည် ။     ။ ဒါပေမယ့် သူတို့ ဘယ်လောက်ပဲတိုက်ခိုက် တိုက်ခိုက်ပေါ့ဗျာ။ ယုံကြည်ချက်ရှိရှိနဲ့ Commitment ရှိရှိနဲ့ လုပ်နေတဲ့ ကျနော်တို့ ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှားမှုရဲ့ အသံကတော့ ပျောက်သွားမှာ မဟုတ်ဘူး။

ကိုကျော်စွာမိုး ။     ။ နည်းပေါင်းစုံနဲ့ ကျနော်တို့က ကြိုးစားနေမှာပေါ့လေ။ ဝက်ဘ်ဆိုက်တွေမရှိတော့ရင် ကျနော်တို့ Blog တွေ ထောင်မယ်။ ကျန်တဲ့ တခြားနည်းလမ်းတွေနဲ့ ကျနော်တို့ရှာပြီးတော့ သတင်းတွေဆက်ပြီး ပို့မယ်ပေါ့ဗျာ။နောက်ဆုံးပိတ် ကျနော်ပြောချင်တာပေါ့ဗျာ၊ အထဲမှာလည်း အစိုးရကနေ မီဒီယာတွေ၊ ပါတီတွေကို ပါးစပ်တွေ ပိတ်ထားတယ်။ လည်မျိုကို ညစ်ထားတဲ့အချိန်မှာလည်း ကျနော်တို့ကို လှမ်းပြီးတော့ ကျနော်တို့ ပါးစပ်တွေ ပိတ်သွားအောင် ကျနော်တို့ရဲ့ စာမျက်နှာတွေကို မင်အမည်းနဲ့ သုတ်ပြစ်ဖို့ ကြိုးစားနေတာပဲ။ ဆိုတော့ ဒီနည်းနဲ့ သူတို့က လာမယ့်ရွေးကောက်ပွဲမှာတော့ အနိုင်ရဖို့ ကြိုးစားနေတာကို ကျနော်တို့တွေ့ရတယ်ဗျ။ ကိုရဲနည်နဲ့ ကိုထက်အောင်ရေ ကျေးဇူး တင်ပါတယ်ခင်ဗျာ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်