ယက်ထော မည်သို့ ဝင်ထွက်သည်ကို သရုပ်ပြ

E-mail Print
အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောအား ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ အင်းလျားကန် အတွင်းမှ မည်ကဲ့သို့ ဝင်ထွက်သည်ကို အစိုးရအာဏာပိုင်များက ယမန်နေ့တွင် သရုပ်ပြ ရှင်းလင်းမှု ပြုလုပ် ခိုင်းကြောင်း သိရသည်။

အဆိုပါ တရားခံ ဂျွန် ယက်ထော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အင်းလျားကန်အတွင်းမှ မည်သို့ ဝင်၍ ပြန်လည်ထွက်ခွာလာသည်ကို ရှင်းလင်းစွာသိရှိရန် ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံး ရုံးထိုင်တရားသူကြီးများ ၊ ခရိုင် ဥပဒေ အရာရှိများနှင့် တရားခံ ရှေ့နေ ဦးခင်မောင်ဦး တို့သည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၃၅၉ ခ။ (၁)၊ တရားရုံးများလက်စွဲ အပိုဒ် ၆၂၁ ပြဌာန်းချက်များနှင့်အညီ အခင်းဖြစ်ပွားရာသို့ တရားခံနှင့်အတူ သွားရောက် ကြည့်ရှု စစ်ဆေး ကြကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦဉာဏ်ဝင်းက ယင်းသရုပ်ပြ ရှင်းလင်းမှုသည် အမှုနှင့် မသက်ဆိုင် ကြောင်း၊ အစိုးရဘက်က လိုအပ်၍ ပြုလုပ်ခြင်း ဖြစ်သည်ဟု ထင်မြင်ကြောင်း ပြောဆိုသည်။

“သရုပ်ပြ ရှင်းလင်းပွဲကတော့ အမှုနဲ့ မဆိုင်ဘူးဗျ၊ ကျနော်တို့လည်း မပါဘူး၊ ကျနော်တို့လည်း မသိဘူး၊ သူ့ဘာ သာ သူ အစိုးရဘက်က လိုအပ်လို့ လုပ်တာ၊ အမှုအတွက်တော့ အဲဒီဟာ ဘာမှမဆိုင်ဘူးလို့ ကျနော်ထင်တယ်၊ ကျနော်တို့နဲ့ ဆိုင်တယ်ဆိုရင် ကျနော်တို့ကို ခေါ်ရမှာ၊ ကျနော်တို့ကို မခေါ်ဘဲနဲ့ သူ့ဘာသာသူလုပ်တာ သူသိချင် လို့ လုပ်တဲ့ သဘောပါပဲ”ဟု ၎င်းက ဧရာဝတီသို့ ရှင်းပြသည်။

ဂျွန် ယက်ထောကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကြားနာစစ်ဆေးရာတွင် ၎င်းအနေနှင့် ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ လမ်းလျှောက်၍ သွားခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

“အင်းလျားကန်ကိုဖြတ် ဒေါ်စုအိမ်ကို အဝင်မှာ သူ့ အပြောက Walk through လို့ သုံးတယ်၊ အစိုးရ ရှေ့နေတွေ က Walk through သုံးလို့ မရဘူး၊ ရေထဲမှာ လမ်းလျှောက်လို့ မရဘူး ရေကူးရမှာ Swam လို့ သုံးပါ လို့ ပြောတော့ သူက မပြောနိုင်ဘူး ငါလုပ်တဲ့အတိုင်း အမှန်အတိုင်းပြောတာတဲ့၊ လမ်းလျှောက်တယ်ပဲ ပြောတာ တဲ့၊ အဲဒီမှာ တော်တော် ငြင်းခုန်နေတာ”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ထုတ်အစိုးရသတင်းစာများတွင်လည်း ဂျွန်ယက်ထော၏ ထွက်ဆိုချက်အရ “ရေထဲမှ ဖြတ်၍ လျှောက်သွား ခြင်း ဖြစ်ကြောင်း”ဟု ဖော်ပြထားသည်။

ယခု ဒုတိယအကြိမ် ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ အဝင်လမ်းတွင် လုံခြုံရေး အဖွဲ့ဝင် ၅ ဦးနှင့် တွေ့ဆုံသော် လည်း ၎င်းအား စစ်ဆေး ဖမ်းဆီးခြင်း မရှိဟု ဂျွန် ယက်ထောက ထွက်ဆိုကြောင်းလည်း သိရသည်။

မေလ၂၆ ရက်နေ့က ထုတ်ပြန်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်တစောင်တွင်“ဤအမှုကို လွတ်လပ်ပြီး တရားမျှတခြင်းမရှိဘဲ အမြန်ဆုံးအမိန့်ချမှတ်နိုင်ရန် နေ့စဉ်ရက်ဆက် စစ်ဆေးနေပါသည်၊ ထို့အပြင် ယင်းအမှုနှင့် ပတ် သက်၍ အဓိက တာဝန်ရှိသော လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် လုံခြုံရေး ချိုးဖောက်သူကို လည်း အရေးယူ တရားစွဲဆိုထားခြင်း တစုံတရာမရှိသေးကြောင်း တွေ့ရှိရပါသည်”ဟု ဖော်ပြထားသည်။  ထို့နောက် မစ္စတာ ယက်ထောကဆက်လက်ပြီး အကြမ်းဖက်သမားများက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံရန် ရှိသည်ဟု သူ၏အာရုံတွင် ဖြစ်ပေါ်လာသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား သတိပေးရန် ဘုရားသခင်က လွှတ် ၍ ရောက်ရှိလာခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။

ထိုသို့ မစ္စတာ ယက်ထောက ဘုရားသခင်လွှတ်၍ ရောက်လာရကြောင်း ထွက်ဆိုသည့်အချိန်တွင် အစိုးရ အရာရှိများက လှောင်ပြောင်သည့် သဘောဖြင့် ရယ်မောသည်ကို ဒေါ်အောင်ဆန်းစုကြည်က ဘာသာရေး လွတ်လပ်ခွင့်အရ မပြုလုပ်သင့်ကြောင်း မှတ်ချက်ပေးခဲ့သည်ဟု  ဦးဉာဏ်ဝင်းက ပြောသည်။

“ဒါ အလွန့်ကို စိတ်မကောင်းစရာပဲ ကျမ အတော်ခံစားရတယ်တဲ့၊ ဘာဖြစ်ဖြစ် သူယုံကြည်တာဟာ အပြစ်မဟုတ် ဘူး၊ သူလွတ်လပ်စွာ ယုံကြည်ခွင့်ရှိ တယ်၊ ကိုးကွယ်ခွင့်ရှိတယ်၊ သူ့ဘာသာ ဘုရားသခင်ယုံကြည်တာကို ကျမတို့ က ဗုဒ္ဓဘာသာ မို့လို့ အခုလို သူ့ သိက္ခာ ထိပါးလောက်အောင်လှောင်တာ မျိုးဟာ အတော့်ကို စိတ်မကောင်းစရာ ပဲ တဲ့၊ ကိုယ်မယုံကြည်ရင်လည်း ထားလိုက်ပေါ့လို့ မှတ်ချက်ပေးတယ်”ဟု ၎င်းက ပြောပြသည်။

ဗုဒ္ဓဟူးနေ့က တရားခွင်တွင် မစ္စတာ ယက်ထောက သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ ကြိမ်တွေ့ဆုံခဲ့ကြောင်းနှင့် တွေ့ဆုံသည်အကြိမ်တိုင်းတွင် ဥပဒေကို လေးစားလိုက်နာရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အိမ်မှ အမြန်ဆုံး ပြန် လည် ထွက်ခွာသွားရန် ပြောသည်ဟုလည်း ထွက်ဆိုခဲ့သည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်