အစိုးရ၏ ဓနုတ်ဘုရားသတင်း လူထုယုံကြည်မှုကင်း

Friday, 05 June 2009 16:00
Print
ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ ဓနုတ်စေတီကြီး ပြိုကျမှုမှာ ဆောက်လုပ်ရေးပိုင်း ညံ့ဖျင်းမှုကြောင့် ဖြစ်ပြီး လူနှစ်ဦး သေဆုံး၍ ၃၄ ဦးဒဏ်ရာရရှိသည်ဟု ယမန်နေ့က ထုတ်ဝေသည့် အစိုးရ သတင်းစာမှ ထုတ်ပြန်ချက်မှာ မှားယွင်းကြောင်း ဒလ ဒေသခံများနှင့် ဓနုတ် စံပြကျေးရွာသားများက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် မိသားစု မေလ ၇ ရက်နေ့က စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခဲ့သော ဓနုတ်စေတီ ကြီးသည် မေလ ၃၀ ရက်နေ့ ညနေက ပြိုကျ ပျက်စီးသွားရာ အနည်းဆုံး လူနှစ်ဆယ် သေဆုံးပြီး တရာကျော် ဒဏ်ရာရှိရခဲ့သည်ဟု ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ခဲ့သော ဒလမြို့နယ် ကြက်ခြေနီ အသင်းဝင်တဦးနှင့် ဓနုတ်စံပြကျေးရွာနေ ကျေးရွာသားများက အတည်ပြု ပြောဆိုကြသည်။

“ဘုရားကြီးပြိုတဲ့ နေ့ကတောင် ပွဲချင်းပြီးဆုံးတာ လေးဦး၊ ဆေးရုံကိုပို့တဲ့ လမ်းမှာတင် ဆုံးတာ နှစ်ဦးနဲ့ ဒဏ်ရာပြင်းထန်လို့ ဆေးရုံမှာဆုံးတာတွေ၊ ဘုရားကြီး လှိုဏ်ဂူထဲမှာ ပိတ်မိပြီး ဆုံးတာတွေ အားလုံး ပေါင်းရင် အနည်းဆုံး နှစ်ဆယ် ကျော်တယ်၊ နှစ်ဦးဆိုတာ လုံးဝမဟုတ်ပါဘူး”ဟု ဓနုတ်စံပြ ကျေးရွာသား တဦးက ပြောသည်။

သတင်းစာတွင် ဘုရားပြိုကျခြင်းသည် စေတီပြုပြင်သူများက ဘုရားကြီးကို မူလပုံစံအတိုင်း ဖြစ်စေလိုသည့် ကြိုးပမ်းတည်ဆောက်ရာမှ မျှော်မှန်းမထားသည့် ၀န်ပိုများကြောင့် စေတီတော်ကိုယ်လုံးတော်ပိုင်းဆိုင်ရာ ထိခိုက်ပြီး ပြိုကျပျက်စီးခြင်းဖြစ်ကြောင်းနှင့် မိုးမကျမီ စေတီတော်ကြီးအပြီးသတ် ပြင်ဆင်နိုင်ရေး အမြန်ကြိုးစား မွမ်းမံ တည်ဆောက်ကြရာတွင် အရည်အသွေးဆိုင်ရာလိုအပ်ချက်များ ရှိခဲ့သည့်အတွက် ပြိုကျရခြင်းဖြစ်သည်ဟု လည်းထုတ်ပြန်ထားသည်။

“ဘုရားပြိုတာ မေ ၃၀ ရက်နေ့က ပြိုတယ်။ ဒါပေမယ့် အစိုးရက ဇွန်လ ၄ ရက်နေ့မှ တရားဝင်သတင်းထုတ်ပြန် တယ်။ ဒီလိုသတင်းထုတ်ပြန်တာကလည်း သတင်းကို ဖုံးလို့ဖိလို့ မရတော့လို့ သတင်းထုတ်ပြန်တာ။ သတင်း ထုတ်ပြန်တော့လည်း အချက်အလက်တွေလွဲမှားတယ်။ အခုဘုရားကြီးကို သတင်းထောက်တွေနဲ့ ဘုရားဖူး ပြည်သူတွေ သွားရောက်ကြည့် ရှုလို့ မရအောင် တားမြစ်ပိတ်ပင်ထားတယ်”ဟု ရန်ကုန်မြို့မှ သတင်းသမား တဦးက ပြောသည်။

ဓနုတ်စေတီတော်ကြီးပြိုကျခဲ့ရာတွင် ထူးခြားသော လဏ္ခာများဖြစ်သည့် ရုတ်ရက်အမှောင်ကျခြင်း၊ မီးလုံးအနီကြီး များ ဖြတ်သန်းခြင်းနှင့်မပြိုကျမီ ညပိုင်းအချိန်များက စေတီတော်ကြီး ၏အရိပ် ထီးတော်မပါဘဲ ကောင်းကင် တွင် ဖူးတွေ့ရခြင်းများဖြစ်ပေါ်ခဲ့သည့်အတွက်ပြည်တွင်းဗေဒင် နက္ခတ္တ ဆရာများက မကြာမီ စစ်အစိုးရပြုတ်ကျတော့ မည်ဟု ဟောကိန်းထုတ်ထားသည်။

“ဘုရားပြိုတယ်ဆိုတာ မကောင်းပါဘူး၊ ဒါပေမယ့် လူတွေက သူတို့ပြင်တဲ့ဘုရားအဲဒီလိုပြိုသွားတော့ ဗိုလ်ချုပ်မှူး ကြီးမိသားစုကို ဘုရားရိုက်တော့မယ်ဆိုပြီး ၀မ်းသာကြတယ်။ သူတို့ရဲ့အကုသိုလ်တွေ အကျိုးပေးတော့မယ် ဆိုပြီး လည်း ပြောဆိုနေကြတယ်။ အစိုးရ၀န်ထမ်းတွေတောင် အဲဒီလိုမျိုးပြောကြဆိုကြတယ်။ ဘုရားက တန်ခိုးကြီး တယ်၊ သွားဖူးချင်ကြတယ်။ ဒါပေမယ့် အစိုးရက သွားခွင့်ပိတ်ထားတော့ စိတ်မှန်းနဲ့ပဲဖူးနေကြတယ်”ဟု  ရန်ကုန် မြို့ မှ အစိုးရ၀န်ထမ်းတဦးက ဆိုသည်။

ယင်း ဓနုတ်ဘုရားကြီးပြိုကျမှုကို ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများနှင့် အင်တာနက် သတင်း စာမျက်နှာ များတွင် ချက်ချင်းဆိုသလို သတင်းများထုတ်ပြန်ခဲ့သည့်အတွက် ပြည်သူလူထုအတွင်း၌ ဘုရားပြိုကျ၍ လူအများ သေဆုံး ပြီး ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အစိုးရဘုရားရိုက်တော့မည်ဆိုသော ပြောဆိုမှုများလည်း လူအများကြား တွင်ပျံ့နှံ့ နေခဲ့သည်။  

ဓနုတ်စေတီတော်မြတ်ကြီးကို သာသနသက္ကရာဇ် ၂၄၀ ပြည့်နှစ်တွင် မြတ်စွာဘုရားဆံတော် နှစ်ဆူနှင့် ဓာတ်တော် ၂၄ ဆူကို ဌာပနာပြီး လေးသည်ရွာတွင် သထုံမင်း စူဠသီရိမာသောက အထောက်အပံ့ ဖြင့်တည်ထားခြင်းဖြစ်ပြီး စတင်တည်ထားချိန်က ဒုန္နိဂ္ဂဟ စေတီ ဟူသော ဘွဲ့အမည်တွင်ပြီး နောင်တွင် ဓနုတ်စေတီဟု ပြောင်းလဲလာခြင်း ဖြစ်ကြောင်း ဂေါပက အဖွဲ့ဝင်တဦး ကရှင်းပြသည်။

ဓနုတ်စေတီတော်မြတ်ကြီးကို ဘုန်းတန်ခိုးကြီးမားသော ဘုရင်မင်းအဆက်ဆက်က ပြုပြင်ကိုးကွယ်ခဲ့ရာ မြန်မာ သက္ကရာဇ် ၇၁၅ ခုနှစ်တွင် ဟံသာဝတီဘုရင် ဗညားဦးက လည်းကောင်း၊ ၇၅၆ ခုနှစ်တွင် ဘုရင် သုတသောမ ရာဇဓိရာဇ် က လည်းကောင်း ပြုပြင်တည်ထားကိုးကွယ်ပြီး သက္ကရာဇ် ၈၁၉ ခုနှစ်တွင် ငလျှင်လှုပ်ပြိုကျရာ ရှင်စောပု ဘုရင်မကြီးက ပြန်လည်ပြုပြင်ကြောင်း၊ သက္ကရာဇ် ၈၁၉ ခုနှစ်တွင် ဓမ္မစေတီမင်း က လည်းကောင်း၊ သက္ကရာဇ် ၉၀၁ ခုနှစ်တွင် တောင်ငူဘုရင်တပင်ရွှေထီးကလည်းကောင်း၊ ၉၂၆ ခုနှစ်တွင် ဘုရင့်နောင် ကလည်း ကောင်း၊ ၁၀၀၆ ခုနှစ်တွင် သာလွန်မင်းက လည်းကောင်း၊ ၁၀၄၁ ခုနှစ်တွင် မင်းရဲကျော်ထင် က လည်းကောင်း၊ ၁၁၇၃ ခုနှစ်တွင် ဘိုးတော်မင်းတရား ကလည်းကောင်း အသီးသီးပြုပြင်ခဲ့သည်ဟု အထက်ပါ ဂေါပကအဖွဲ့ဝင် က ပြောသည်။

အဆိုပါ ဘုရားပြိုသည့် သတင်းကို အစိုးရသတင်းစာများတွင် မထင်မရှားဖော်ပြသော်လည်း ပုဂ္ဂလိက သတင်း ဂျာနယ်များတွင် စာပေစိစစ်ရေးက လုံးဝဖော်ပြခွင့်မပြုကြောင်း ပြည်တွင်းသတင်းမီဒီယာအသိုင်းဝန်းမှ သိရှိရသည်။