ဘုရားဓာတ်လှေကား မတော်တဆပြုတ်ကျ၍ ၈ ဦး ဒဏ်ရာရ

Friday, 05 June 2009 20:08
Print
ထင်ရှားသော အရှင်ဆန္ဒာဓိက၊ အရှင်ရာဇိန္ဒ (ခ) ရဝေနွယ် (အင်းမ)၊ မုံရွာ ဗောဓိတထောင် ဆရာတော်နှင့် ဘုရားဖူး ၅ ဦးတို့သည် မုံရွာဗောဓိ တထောင်ဘုရားတွင် မတော်တဆ ဓာတ်လှေကား ပြုတ်ကျမှုကြောင့်  မန္တလေး အထွေထွေဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ယမန်နေ့ညနေ ၆နာရီ ၃၀ခန့်က ဤကဲ့သို့ဖြစ်ပွားခဲ့မှုကြောင့် ဆရာတော်အရှင်ဆန္ဒာဓိကမှာ ခြေကျင်းဝတ် အရိုးအက်သွားသဖြင့် ခွဲစိတ်ကုသခံရကာ၊ ဆရာတော်အရှင်ရာဇိန္ဒ (ခ)ရဝေနွယ်(အင်းမ)မှာလည်း ခြေထောက် အရိုးကျိုးသွားပြီး ခွဲစိတ်ကုသခံရဖွယ်ရှိကြောင်း၊ ဗောဓိတထောင် ဆရာတော်မှာမူ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း မန္တလေးရှိ ဂျာနယ် သတင်းထောက် တဦး က ပြောပြသည်။

ယခုဓာတ်လှေကား မတော်တဆ ဖြစ်မှုမှာ လျှပ်စစ်မီးချွတ်ယွင်းချက်ကြောင့် ဗောဓိတထောင် ဘုရားရှိ ရပ်တော်မှု ဆင်းတုတော် ၏  ၃၁ ထပ် မှ ၂၆ ထပ်အထိ ဓာတ်လှေကားပြုတ်ကျခြင်းကြောင့် ဖြစ်ကြောင်း လည်းသိရသည်။

ဗောဓိတထောင်ဘုရားသည် မုံရွာမြို့တွင် ရှိပြီး ၂၀၀၇ ခုနှစ် က တည်ဆောက်ပြီးစီးခဲ့သော ၁၃၀ မီတာ အမြင့်ရှိ သည့် ဗုဒ္ဓဆင်းတုတော်ကြောင့် ထင်ရှားကျော်ကြားသည်။  

အရှင်ဆန္ဒာဓိက( ရွှေပါရမီတောရ)နှင့် ရှင်ရာဇိန္ဒတို့သည် ၎င်းတို့ရေးသားထုတ်ဝေသော စာအုပ်များကြောင့် မြန်မာပြည်တွင် လူသိများထင်ရှားသည်။