ကျောက်ဖြူ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်း စက်တင်ဘာတွင် စမည်

Tuesday, 16 June 2009 17:56
Print
မြန်မာနိုင်ငံမှ သဘာဝ ဓာတ်ငွေ့ နှင့် ရေနံ ဝယ်ယူမည့် တရုတ်နိုင်ငံသည် စက်တင်ဘာလမှ စတင်ကာ ပိုက်လိုင်းများ တည်ဆောက် သွားမည် ဖြစ်ကြောင်း China Securities ဂျာနယ်တွင် ယမန်နေ့က ရေးသားထားသည်။

ယင်းပိုက်လိုင်းသည် စုစုပေါင်း ၂၈ဝ၆ ကီလိုမီတာ ရှည်လျားမည်ဖြစ်ပြီး ရခိုင်ပြည်နယ် ဆိပ်ကမ်းမြို့တခု ဖြစ်သည့် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းမြို့၊ ထိုမှတဆင့် ဂွမ်ဇိုးပြည်နယ် ချုံကင်း ဒေသအထိ ဖြတ်သန်း ဖောက်လုပ်မည် ဖြစ်ကြောင်း ဂျာနယ်တွင် ဖော်ပြထားသည်။

အဆိုပါ ပိုက်လိုင်းကို တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း (CNPC) ကုမ္ပဏီက တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်သည်ဟု ဆိုသည်။

CNCP သည် တရုတ်နိုင်ငံ အတွက် ဓာတ်ငွေ့ နှင့် ရေနံ အများဆုံး ထုတ်လုပ်ပေးလျက်ရှိပြီး  တရုတ် ပြည်တွင်း အခြေစိုက် စီးပွားရေး လုပ်ငန်းများကိုမူ PetroChina အမည်ဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်း ဒေသ နှင့် အာဖရိကနိုင်ငံများမှ ရေနံကို မလက္ကာ ရေလက်ကြားမှ တဆင့် တင်သွင်းနေရသည်။

အဆိုပါ ပိုက်လိုင်း တည်ဆောက်ပြီးစီးပါက မြန်မာပြည်ထွက် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့သည် ခရီးတိုဖြင့် တရုတ်ပြည်သို့ ရောက်ရှိမည် ဖြစ်သည်။

၂ဝ၁၂ မှ စတင်ပြီး တနှစ်လျှင် သဘာဝ ဓာတ်ငွေ့ တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံ၊ ရေနံစည် ၄ဝဝ ဝဝဝ တင်ပို့မည် ဟု ဆိုသည်။

မြန်မာ တရုတ် ၂ နိုင်ငံ ကုန်သွယ်မှုမှာ ၂ဝဝ၈ အတွင်း ၂.၆ ဘီလီယံ ရှိပြီး ယခုနှစ်တွင် ပိုမို တိုးတက်လာနိုင်ကြောင်း ယမန်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ်တွင် ဖော်ပြ ပါရှိသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေး၊ ရေအားလျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စသည့် စီမံကိန်း များတွင်  စုစုပေါင်း ဒေါ်လာ ၁.၃၃ ဘီလီယံ ရင်းနှီး မြှုပ်နှံထားသည်။

ထိုင်း၊ ဗြိတိန်၊ စင်ကာပူနိုင်ငံများ ပြီးလျှင် တရုတ်သည် မြန်မာနိုင်ငံတွင် စတုတ္ထမြောက် အများဆုံး ရင်းနှီး မြှုပ်နှံသည့် နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များ၊ သတ္တုများ၊ ကျွန်းသစ် နှင့် အဖိုးတန် ကျောက်မျက် ရတနာများ တရုတ်နိုင်ငံသို့ တင်ပို့သည်။ လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အဝတ်အထည်နှင့် ဆေးဝါးများကို တရုတ်နိုင်ငံမှ တင်သွင်းခဲ့သည်။

မြန်မာစစ်အစိုးရသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည်။ ယမန်နေ့က စစ်အစိုးရ ခေါင်းဆောင် တဦးဖြစ်သူ ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေးသည် တရုတ်ပြည်သို့ တတိယအကြိမ် သွားရောက် လည်ပတ်ခဲ့သည်။