မွန်နှင့် အပစ်ရပ်မှု အထိမ်းအမှတ်ပွဲ စစ်အစိုးရ မတက်

E-mail Print
မွန်ပြည်သစ်ပါတီက အပစ် အခတ် ရပ်စဲသည့် ၁၄ နှစ်မြောက် အခမ်းအနားကို မော်လမြိုင်မြို့တွင် ယနေ့ ကျင်းပရာ စစ်အစိုးရ ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိဟု သိရသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ တရားဝင် ဖိတ်ကြားသော်လည်း မည်သူမျှ လာရောက်ခြင်း မရှိကြောင်း မွန်ပြည်သစ်ပါတီ မော်လမြိုင်မြို့ရုံးမှ အရာရှိတဦးက ဧရာဝတီကို ပြောသည်။

“သူတို့ပြောသမျှ ကျနော်တို့က လက်မခံတော့ ကျနော်တို့ကို သဘောမကျဘူး ထင်တယ်။ ဒါကြောင့် ကျနော်တို့ အခမ်းအနားကို သူတို့ မတက်တာ ဖြစ်ပါလိမ့်မယ်” ဟု အဆိုပါ အရာရှိက ပြောသည်။

စစ်အစိုးရ ကိုယ်စားလှယ်များ တက်ရောက်မှု မရှိခြင်းမှာ ယခင်နှစ်များက ဟိုတယ်ခန်းမများတွင် ကျင်းပသည့် အပစ်အခတ် ရပ်စဲခြင်း နှစ်ပတ်လည် အခမ်းအနားများကို ယခုတကြိမ်၌ မော်လမြိုင်မြို့ရုံးတွင် ပြုလုပ်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု အခြား အရာရှိတဦးက ပြောသည်။

မွန်ပြည်သစ်ပါတီက ဟိုတယ်ခန်းမ ငှားရမ်းခြင်း မပြုရခြင်းမှာ ဘဏ္ဍာရေး အခက်အခဲကြောင့် ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် နှစ်က အမျိုးသားညီလာခံမှ ထွက်ခွာလာခဲ့ခြင်းကြောင့် အာဏာပိုင်တို့က ထောက်ပံ့မှုများ ရပ်ဆိုင်းခဲ့ပြီး နောက်ပိုင်း ဘဏ္ဍာရေး အခက်အခဲ ပိုမို ကြီးထွားလာခြင်းဖြစ်သည်ဟု ဆိုသည်။ ယခင်က အစိုးရထံမှ ထောက်ပံ့ငွေ ကျပ် သိန်း ၄၀ ၀န်းကျင် လစဉ် ရရှိခဲ့သည်ဟု သိရသည်။

“ရံပုံငွေ မရှိဘဲ ရပ်တည်ရတာ မလွယ်ဘူး။ ပါတီက ပြည်သူတွေ ဆီက ရတဲ့ ငွေနဲ့ပဲ ရပ်တည်နေပါတယ်။ အစိုးရကတော့ ကျနော်တို့ကို ဘာမှ မထောက်ပံ့တော့ဘူး” ဟု မွန်ပြည်သစ်ပါတီ၊ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဧရာဝတီကို ပြောသည်။

အစိုးရက မွန်ပြည်သစ်ပါတီကို စီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့် မပြုဟု ဆိုသည်။ ပြည်သူလူထု နှင့် စီးပွားရေး လုပ်ငန်းရှင်များထံမှ အခွန် ကောက်ခံခြင်း မပြုရန်လည်း တားမြစ်ထားသည်။

အပစ်အခတ် ရပ်စဲရေး ဖျက်သိမ်းမည်ကို စိုးရိမ်သဖြင့် ပစ္စည်းဥစ္စာများ ရောင်းချခွင့်ကိုလည်း စစ်အစိုးရက ပိတ်ပင်ထားသည်ဟု မွန်ပြည်သစ်ပါတီနှင့် နီးစပ်သူများထံမှ သိရသည်။

စစ်အစိုးရက မွန်ပြည်သစ်ပါတီ၏ လက်နက်ကိုင်တပ်များကို  နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အသွင် ပြောင်းရေးအတွက် ညွှန်ကြားခဲ့ရာ မွန်ပြည်သစ်ပါတီက လက်မခံသဖြင့် ဆက်ဆံရေး တင်းမာလျက်ရှိသည်။

မွန်ပြည်သစ်ပါတီက စစ်အစိုးရ၏ ညွှန်ကြားချက်နှင့် ပတ်သက်ပြီး ဇူလိုင်လကုန်တွင် အဖြေပေးမည်ဖြစ်ကြောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို အကြောင်းကြားထားသည်ဟု သိရသည်။

ကမ္ဘာက လေးစားသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပင် ရုံးတင် တရားစွဲဆိုထားသောကြောင့် စစ်အစိုးရကို ယုံကြည်ခြင်း မရှိကြောင်း၊ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရေး ကမ်းလှမ်းချက်နှင့် ပတ်သက်ပြီး အလေးအနက် စဉ်းစားရမည် ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် နိုင်အောင်မငေးက ယခုလဆန်းပိုင်းတွင် ဧရာဝတီကို ပြောပြသည်။

“စစ်အစိုးရက ကျနော်တို့ဘက် အချိန်မရွေး လှည့်လာနိုင်တယ်” ဟု နိုင်အောင်မငေးက ပြောသည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲ ထားသည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လက်မခံကြောင်း တရားဝင် ကြေညာထားပြီး ဖြစ်သည်။ အခြေခံဥပဒေတွင် ပါရှိသော လွှတ်တော်တွင် စစ်တပ်က ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့်၊ လိုအပ်ပါက စစ်တပ်က အာဏာသိမ်းပိုင်ခွင့် စသည့် အချက်များကို ပြင်ဆင်ရမည်ဟု ဆိုသည်။

မွန်ပြည်နယ် အခြေစိုက် မွန်ပြည်သစ် ပါတီသည် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ ထိုသို့ ငြိမ်းချမ်းရေး ယူခဲ့ခြင်းကြောင့် မွန်ပြည်နယ်လူထုအတွက် အကျိုးအမြတ်တချို့ ရရှိသည်ဟု ဆိုသည်။

“အပစ်အခတ် ရပ်စဲမှုက အကျိုးအမြတ်တချို့ ရှိပါတယ်။ အပစ်အခတ် မရပ်ခင် ကာလတလျှောက် တချို့ရွာတွေမှာ အေးအေး ဆေးဆေးနဲ့ ငြိမ်းငြိမ်း ချမ်းချမ်း နေထိုင်ခွင့် မရှိပါဘူး။ ရွာသားတွေ ထွက်ပြေးရတာတို့၊ ပေါ်တာဆွဲခံရ၊ အရိုက် ခံရတာတို့ ရှိတယ်။ သူတို့ စီးပွားရေး လုပ်ပိုင်ခွင့် မရှိခဲ့ဘူး၊ အခုတော့ လုပ်ခွင့်ရပြီ။  - - - ကျနော်တို့ပါတီကလည်း မြို့ကြီးပြကြီးတွေမှာရှိတဲ့ မွန်ပြည်သူ လူထုနဲ့ ထိတွေ့မှု ရှိပါတယ်” ဟု အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဧရာဝတီနှင့် ဆက်သွယ် မေးမြန်းခန်းတခုတွင် ပြောပြခဲ့ဖူးသည်။

မွန်ပြည်သစ်ပါတီတွင် အင်အား ၇၀၀ ၀န်းကျင်ရှိသော လက်နက်ကိုင်တပ်ဖွဲ့တခု ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်