ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရှေ့နေများ ပိတ်ပင်ခံရ

Wednesday, 22 July 2009 17:56
Print
ဒေါ်အောင်ဆန်း စုကြည်အား ၎င်း၏ အမှုနှင့် ပတ်သက်ပြီး နောက်ဆုံး အတည်ပြုထားသော လျှောက်လဲချက်ကို တင်ပြရန်အတွက် ရှေ့နေများက တွေ့ခွင့် တောင်းသည်ကို နအဖ စစ်အစိုးရ အာဏာပိုင်များက ခွင့်မပြုကြောင်း သိရသည်။

အဆိုပါ အတည်ပြုထားသော လျှောက်လဲချက်အား ယနေ့တွင် ဒေါ်အောင်ဆန်စုကြည်ကို တင်ပြရန်အတွက် ရှေ့နေ့များ က စာတင်၍ တွေ့ခွင့်တောင်းထားသော်လည်း အာဏာပိုင်များက ခွင့်မပြုကြောင်း ယမန်နေ့က အကြောင်းကြားခဲ့သည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်း က ဧရာဝတီသို့ ပြောသည်။

“ထောင်အာဏာပိုင်တွေက အကြောင်းကြားပါတယ်၊ ဘယ်ကနေ အမိန့်လဲ ဘယ်လိုလဲတော့ ကျနော်တို့မသိဘူး၊ ဒီနေ့ တောင်းထားတဲ့ တွေ့ခွင့်ကိုငြင်းပယ်ပါတယ်”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်စုကြည်ကို တွေ့ခွင့်မပေးခြင်းသည် ထောင်အာဏာပိုင်များ၏ ဆုံးဖြတ်ချက်မဟုတ်ဘဲ အထက်အာဏာပိုင် များ၏ ဆုံးဖြတ်ချက်ဖြစ်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပြောခွင့်ရ ပုဂ္ဂိုလ်တဦးလည်း ဖြစ်သည့် ဦး ဉာဏ် ဝင်းက ဆိုသည်။

အတည်ပြုထားသော လျှောက်လဲချက်ထဲတွင် မည်သည့် အကြောင်းအရာများ ရေးသားထားသည်ကိုမူ မသိရှိရပေ။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်ပြီး နောက်ဆုံးအကြိမ် ၂ ဘက်လျှောက်လဲကြားနာရန်အတွက် တရားရုံးက လာမည့် ဇူလိုင်လ ၂၄ ရက်နေ့တွင် ချိန်းဆိုထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက်က တင်ထား သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုး တို့ ၃ ဦးကို အင်းစိန် ထောင်တွင်း အထူး တရားရုံးက မေလ ၂၇ ရက်နေ့တွင် ပယ်ချလိုက်ပြီး NLD လပွတ္တာအမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆို ရန်ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။ ၎င်းး ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင့်ပြုခဲ့သော NLD လပွတ္တာ အမတ်ဦး ကြည်ဝင်း တဦးသာ သက်သေထွက်ဆိုခဲ့ရသည်။   

ယင်း ကျန်သက်သေ ၃ ဦး ဖြစ်သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုး တို့အတွက် တိုင်းတရားရုံးသို့ ဆက်လက်လျှောက်ထားရာ တိုင်း ရုံးက ဦးဝင်းတင်နှင့် ဦးတင်ဦးကို ဇွန်လ ၉ ရက်နေ့တွင် ပယ်ချခဲ့ပြီး ဒေါ်ခင်မိုးမိုး တဦးသာခွင့်ပြုခဲ့သည့် အတွက် ဗဟိုတရားရုံးသို့ ဆက်လက် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင် သို့ ခေါ် ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။