R-ဇာနည် သားဦးလေး ရပြီ

Friday, 24 July 2009 16:57
Print
R-ဇာနည်၏ ဇနီးသည် ဝမ်း က ဇူလိုင် ၂၁ ရက်နေ့ ညနေ ၃ နာရီ ၅၅ မိနစ်အချိန်တွင် သားဦး ယောကျာ်းလေးကို မွေးဖွားပေးလိုက်ပြီ ဖြစ်ကြောင်း ကြားသိရသည်။

R-ဇာနည်နှင့် ဝမ်းတို့ ဇနီးမောင်နှံသည် အိမ်ထောင်သက် ၅ နှစ်တွင် သားဦးရတနာ မွေးဖွားခဲ့ခြင်းဖြစ်သည်။

“လိုချင်တဲ့ရက်မှာ ဗိုက်ခွဲမမွေးချင်ဘူး။ ဘုရားပေးတဲ့ လက်ဆောင် အတိုင်းပဲ သားလေး ဖြစ်ဖြစ် သမီးလေးပဲ ဖြစ်ဖြစ် လိုချင်ပါတယ်” ဟု R-ဇာနည်က ဝမ်း ကိုယ်ဝန်ဆောင်စဉ် ရွှေအမြုတေ မဂ္ဂဇင်းနှင့် အင်တာဗျူးရာတွင် ပြောကြားခဲ့သည်။

ဧရာဝတီ မဂ္ဂဇင်းက R-ဇာနည်ကိုဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ “အင်္ဂါသားလေးပါ။ သားလေး မွေးတဲ့အတွက် ပျော်ပါတယ်။ လောလော ဆယ်တော့ နာမည် မရွေးရသေးပါဘူး” ဟုပြောသည်။

သားဦးလေးအပေါ် ထားရှိသည့် R-ဇာနည်၏ အနာဂတ် မျှော်မှန်းချက်ကို ထပ်မံမေးမြန်းကြည့်ရာ “အစစအရာရာ အကောင်းဆုံး ဖြစ်အောင် ပြုစုပျိုးထောင်သွားဖို့ မျှော်လင့်ထားပါတယ်” ဟု ဆိုသည်။

သြဂုတ်လထဲတွင် စင်ကာပူသို့  ဂီတဖျော်ဖြေပွဲ အတွက် သွားရောက် ရန်ရှိသည် ဆိုသော R-ဇာနည်က လတ်တလောမှာလည်း သူ၏ တတိယမြောက် တကိုယ်တော် တေးစီးရီးထွက်ရန် ပြင်ဆင် နေသည်ဟု သိရသည်။

အနုပညာ သက်တမ်း ၉ နှစ် ရှိပြီဖြစ်သော R-ဇာနည်သည် ၂၀၀၀ ပြည့်နှစ်တွင် အက်ဆစ်အဖွဲ့၏ “စတင်ခြင်း” စီးရီးဖြင့် အနုပညာလောက ထဲသို့ ဝင်ရောက်လာခဲ့ပြီး တကိုယ်တော် တေးစီးရီး ၂ ခွေ၊ အတွဲစီးရီး ၃ ခွေနှင့် တခြား အနုပညာရှင် များစွာ ပါဝင်သော တေးစီးရီးများကိုလည်း သီဆိုထားသူဖြစ်သည်။