ယင်းငွေစက္ကူဟောင်းများကို သြဂုတ်လ ၃ ရက်နေ့မှစ၍ မြန်မာ့စီးပွားရေးဘဏ်ခွဲများ၊ ဗိုလ်ဆွန်ပက် လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် လုပ်ငန်းခွဲ ငွေစက္ကူ လဲလှယ် ကောင်တာများတွင် လဲလှယ်နိုင်ကြောင်း အစိုးရသတင်းစာများတွင်ကြေညာခဲ့သည်။
ငွေစက္ကူ အဟောင်းများကို တမျိုးလျှင် ၁၀ ရွက်သာလဲလှယ်ပေးခြင်းဖြစ်ပြီး ယင်းငွေလဲ ကောင်တာများ၏ အနီး ဝန်းကျင်တွင် ငွေလဲပွဲစားများပေါ်ပေါက်နေကြောင်း ငွေစက္ကူဟောင်းများ လဲလှယ်ခဲ့သူ တဦးကပြောသည်။
“ကျမစမ်းပြီး သွားလဲကြည့်တာ။ ၁၀ ကျပ်တန်ကနေ ၂၀၀ ကျပ်တန်အထိ လဲပေးတယ်။ တမျိုးကို ၁၀ ရွက်ပဲ လဲပေးတာပါ။ အောက်မှာတော့ပွဲစားတွေရှိတယ်။ ငွေစက္ကူအဟောင်း ၁၅၀၀ ဖိုးလဲရင် ပွဲစားက ၁၀၀ အမြတ်ယူတယ်” ဟု ငွေသွားရောက် လဲလှယ်ခဲ့သူ ဒေါ်ခင်မြက ဆိုသည်။
လူတဦးလျှင် ငွေစက္ကူ အရွက် ၃၀ သာ လဲလှယ်ပေးမည်ဖြစ်ပြီး တနင်္လာနေ့နှင့် သောကြာ ၂ ရက်အပြင် ဗုဒ္ဒဟူး တရက် ထပ်တိုး၍လဲလှယ်သွားမည်ဟု ဗဟိုဘဏ် တာဝန်ရှိသူက ပြောသည်။
ဗဟိုဘဏ် တာဝန်ရှိသူ၏ အဆိုအရ ယခင်ကတည်းက မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ)၊ မီးသတ်တပ်ဖွဲ့ အစရှိသည့် ဌာနများကို ဗဟိုဘဏ်က ငွေအကြွေများ လဲလှယ်ပေးလျက်ရှိပြီး ယခုအခါ နယ်ဒေသများတွင်လည်း လဲလှယ်ပေးနေသည်ဟု သိရသည်။
မြန်မာနိုင်ငံအတွင်း အများပြည်သူ လက်ဝယ်တွင် လှည့်လည် သုံးစွဲနေရသော ငွေစက္ကူအဟောင်းများကို အချိန်အကန့်အသတ်ဖြင့် လဲလှယ်ပေးမည်ဆိုပါက အများပြည်သူ များလက်ဝယ်တွင်ရှိသော ငွေစက္ကူအဟောင်း အားလုံးနီးပါးကို လဲလှယ်ပေးနိုင်မည်မဟုတ် ကြောင်း စီးပွားရေးလုပ်ငန်းရှင် တဦးက သုံးသပ်သည်။
“လဲပေးတယ်သာပြောတာ လိုင်းကားသမားတွေကို ၁၅ ရက်တခါ ၁၀ ရက်တခါပဲ လဲပေးတယ်။ တခါလဲရင် ၁၀၀၀ ကျပ် ဖိုးပဲလဲပေးတာ။ အကြွေလိုအပ်ချက်နဲ့ ကြည့်ရင် ဘယ်လိုမှအဆင်မပြေနိုင်ဘူး” ဟု မထသ လက်အောက်ရှိ ၃၉ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက် တဦးကဆိုသည်။
< Prev | Next > |
---|