ဦးဝင်းတင် နှလုံး ခွဲစိတ်ကုသမှုခံယူရ

Monday, 17 August 2009 14:35
Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင်သည် ယမန်နေ့က ရန်ကုန်ရှိ ပုဂ္ဂလိက ဆေးရုံတခုတွင် နှလုံးနှင့် ပတ်သက်၍ အသေးစား ခွဲစိတ် ကုသမှု ခံယူခဲ့ရသည်။

အသက် ၈၀ အရွယ်ရှိ ဦးဝင်းတင်သည် သြဂုတ်လ ၁၅ ရက် နေ့ည ၁၀း၃၀ နာရီတွင် ရန်ကုန် အာရှတော်ဝင် ဆေးရုံသို့တက်ရောက်ခဲ့ပြီး ၁၆ ရက် နေ့ ညနေ ၃း၃၀ နာရီတွင် ခွဲစိတ် ကုသမှု ခံယူကာ နှလုံးအတွင်းသို့ စက် ထည့်သွင်းခဲ့ရကြောင်း အတူနေထိုင်သည့် ကိုသက်ဦးနိုင်က ပြောသည်။

ကိုသက်ဦးနိုင်က “ဘဘက နှလုံးအခုန် နည်းတဲ့ ပြဿနာလေးပဲ ရှိတာပါ၊ ကျန်းမာရေး ကတော့ ပုံမှန်ပါပဲ၊ ဘာမှ သိပ်ဆိုးဆိုးဝါးဝါး မရှိပါဘူး၊ နှလုံးထဲမှာလည်း စက်ထည့်ပြီးသွားပြီ ဆိုတော့ အခု ပုံမှန်ပါပဲ၊ စကားတွေ ပြန်ပြော နေပြီလေ၊ ဆရာဝန်တွေက စိတ်ချရအောင် ၁ ရက် ၊၂ ရက်ဆေးရုံမှာ နေပါဦးဆိုလို့ နေတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ဦးဝင်းတင်က ကျန်းမာရေးနှင့် ပတ်သက်၍ ၎င်း၏ နှလုံးအဆို့ရှင်တွင် ပြဿနာ တစုံတရာရှိနေကြောင်း၊ သွေးခုန်နှုန်းမှာ စည်းချက် မမှန်ကြောင်း၊ တိုင်းတာချက်များအရ သွေးပေါင်ချိန်မှာ ကျနေတတ်ကြောင်း၊ အသက်အရွယ် ကြီးရင့်လာသည့်အတွက် ယခုကဲ့သို့ ဖြစ်လာသည်ဟု ထင်မြင်ကြောင်း ဧရာဝတီသို့ ပြောဆိုခဲ့ဖူးသည်။

သတင်းစာဆရာတဦးလည်း ဖြစ်သော  ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် စစ်အစိုးရ က အစိုးရ ဆန့်ကျင်သည့် နိုင်ငံရေးပုဒ်မတို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ် ခြင်းခံခဲ့ရပြီး ထောင်တွင်း၌ ၁၉ နှစ် ကျော်နေခဲ့ရသူ ဖြစ်သည်။

ဦးဝင်းတင်သည် ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့သည်။

ဦးဝင်းတင်သည် ဂုဏ်သိက္ခာရှိပြီး ရဲရင့်သူ တဦး ဖြစ်ကြောင်း နိုင်ငံတ၀န်း ဒီမိုကရေစီရေး လှုပ်ရှားမှုများအတွင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း မှတ်ချက်ပေးခဲ့ဖူးသည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။