ရွှေစည်းခုံ ပုံစံတူစေတီ အမေရိကန်တွင် တည်မည်

Tuesday, 29 September 2009 19:00
Print
အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် အော်စတင်မြို့ရှိ မြန်မာဘုန်းကြီးကျောင်း တကျောင်းတွင် ရွှေစည်းခုံစေတီနှင့် ပုံစံတူ စေတီတဆူ တည်ဆောက်လျက် ရှိသည်။

ရွှေစည်းခုံ ပုံစံတူ စေတီကို ဇူလိုင်လ ၁၆ ရက်နေ့တွင် အုတ်မြစ်ချခဲ့သည်ဟု အော်စတင်မြို့ သီတဂူ ဗုဒ္ဓဝိဟာရကျောင်း၏ ကျောင်းထိုင် ဆရာတော် အရှင် အရိယဓမ္မက ဧရာဝတီကို မိန့်ကြားသည်။

“ထေရဝါရ ဗုဒ္ဓသာသနာ ကမ္ဘာတွင် ပြန့်ပွားနိုင်ရန် နဲ့ အမေရိကန်ရောက်နေတဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ အတွက် အာရုံပြုနိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု အရှင် အရိယဓမ္မက မိန့်ကြားသည်။

စေတီသည် အမြင့် ၄၅ ပေ ရှိမည် ဖြစ်ပြီး စေတီ အလယ်တွင် ပေ ၃၀ ခန့် မြင့်သည့် အခန်း ပါရှိမည်ဖြစ်ရာ ၎င်းအခန်းကို သိမ်အဖြစ် လည်းကောင်း၊ ဓမ္မာရုံ အဖြစ် လည်းကောင်း အသုံးပြုနိုင်မည်ဟု ဆရာတော်က ရှင်းပြသည်။ အခန်းအတွင်း ဘုရားဆင်းတုတော်များ ထားရှိမည်ဟု ဆိုသည်။
 
သီတဂူ ဗုဒ္ဓသာသနာပြု အဖွဲ့က စီစဉ်သည့် အဆိုပါ စေတီ တည်ဆောက်ရေး လုပ်ငန်းများကို ကြီးကြပ်ရန် ဒီဇင်ဘာလတွင် သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရ၊ ဗိသုကာ နှင့် ရှေးဟောင်း သုတေသန ပညာရှင် ဦးဝင်းမောင် (တမ္ပဝတီ) တို့က အော်စတင်မြို့သို့ သွားရောက်မည်ဟု သိရသည်။

အော်စတင်မြို့ရှိ သီတဂူ ဗုဒ္ဓဝိဟာရ ကျောင်းတွင် ၁၉၉၆ ခုနှစ်က စတင်ပြီး မြန်မာရဟန်းများ စတင် သီတင်းသုံး နေထိုင်ခဲ့သည်။ ကမ္မထမ်းအဆောင်ပေါင်း ၁၀ ဆောင်ရှိပြီး၊ ရက်တို တရားစခန်းများလည်း ရှိသည်။

စေတီတည်ဆောက်နေသည့် အော်စတင်မြို့ အနီးဝန်းကျင်တွင် မြန်မာ မိသားစု ၃၀၀ ခန့် ရှိသည်ဟု သိရသည်။

စေတီကို ၁၆ ဧက ကျယ်ဝန်းသည့် သီတဂူ ဗုဒ္ဓဝိဟာရတွင် တည်ဆောက်လျက်ရှိရာ လာမည့်နှစ်တွင် အပြီးသတ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ယခုအချိန်တွင် အလှူငွေ ဒေါ်လာ သုံးသိန်းခန့် လက်ခံရရှိထားသည်ဟု ဆိုသည်။