ထူးကုမ္ပဏီ ကားအစီး ၉၀၀ ခန့် တင်သွင်းခွင့်ရ

Friday, 02 October 2009 15:16
Print
မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း အများစုကို ချုပ်ကိုင်ထားသော ဦးတေဇကို စစ်အစိုးရက မော်တော်ယာဉ် အစီး ရေ ၁၀၀၀ နီးပါး ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းတွင် တင်သွင်းခွင့်ပြု လိုက်ကြောင်း ထူးကုမ္ပဏီအသိုင်းအဝိုင်းမှ သတင်းရရှိသည်။

ယခုတင်သွင်းခွင့်ပြုလိုက်သော (Toyota Mark 2) မော်တော်ယာဉ်များမှာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အနေဖြင့် တင်သွင်းခြင်း ဖြစ်ပြီး အစီးရေ ၁၀၀၀ အနက် အစီး ၁၀၀ သာ ဦးပိုင်မှရရှိခဲ့ကြောင်း ဦးပိုင်လီမိတက် တာဝန်ရှိသူ တဦးက ဆိုသည်။

အငြိမ်းစား ဗိုလ်မှူး တဦးကလည်း“ကျနော်ဦးပိုင်ကနေ ကား၂စီးလျှောက်တာ ၁စီးပဲရတယ်၊ လျှောက်တဲ့သူ တွေ များတယ်၊ ဒါပေမယ့် ရောက်လာတဲ့ ကားတွေကို ဦးတေဇက စက်တင်ဘာ ၆ရက်နေ့က စာချုပ်ချုပ်လိုက်တယ်” ဟု ပြောသည်။

အဆိုပါ စစ်အစိုးရအသိုင်းအဝိုင်းနှင့်နီးစပ်သော ဦးတေဇ သည် လာမည့်၂၀၁၀ ခုနှစ် ဇွန်လမတိုင်မီ အငှားယာဉ် များ ပြေးဆွဲရန်လည်း စီစဉ်နေကြောင်း ထူးကုမ္ပဏီထံမှသိရသည်။

ယခုကဲ့သို့ ထူးကုမ္ပဏီအနေဖြင့် အငှားယာဉ်များကို ဦးပိုင်မှ လက်ရှိပြေးဆွဲနေသော ပါရမီ အငှားယာဉ်များနှင့် အပြိုင် ပြေးဆွဲရန်စီစဉ်နေခြင်းသည် ခရီးသွားပြည်သူများအတွက် အဆင်ပြေနိုင်သော်လည်း ပုဂ္ဂလိက အငှား ယာဉ်သမားများ အခက်အခဲ ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးပညာရှင်တဦးက သုံးသပ်သည်။

“ကားအစီး ၁၀၀၀ လုံးလမ်းပေါ်ရောက်ချင်မှရောက်မှာ၊ အပြင်မှာ နံပါတ်အနက်နဲ့ပြန် ရောင်းမယ်ဆိုရင် ရတာပဲ” ဟုလည်း ၎င်းကဆိုသည်။

ယခုကဲ့သို့ဦးပိုင်မှတင်သွင်းခွင့်ရရှိထားသော မော်တော်ယာဉ်များကို ဦးတေဇ က ကြားဖြတ်ယူလိုက်ခြင်းကြောင့် ဦးပိုင်လီမိတက်နှင့် ထူးကုမ္ပဏီကြားဆက်ဆံရေးမှာယခင်ထက် ပိုတင်းမာလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းတွင် ပြောဆိုနေကြသည်။

“တေဇက အကုန်လိုက်လုပ်နေတာပဲ၊ သူဘာလုပ်လုပ် အစိုးရအနေနဲ့မသိချင်ဟန်ဆောင် နေတာပဲ၊ အခုကားတွေ လဲ လိုင်စင်လုပ်ပြီးအပြင်မှာ ထုတ်ရောင်းမယ့်သဘောရှိနေတယ်”ဟု ရန်ကုန်မြို့ခံစီးပွားရေးသမား တဦးက ပြော သည်။

ဦးတေဇသည် ထူးထရိတ်ဒင်းကုမ္ပဏီအမည်ဖြင့် သစ်လုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ စားသုံးဆီလုပ်ငန်များ၊ ဆောက် လုပ်ရေး လုပ်ငန်းများ၊ Air Bagan လေကြောင်းလိုင်း၊ လောင်စာဆီ ရောင်းချခြင်း၊ GSM,CDMA တစ်ခါသုံးဖုန်း ကတ်များ ရောင်းချခြင်း စသောလုပ်ငန်းအများစုကို လုပ်ကိုင်လျက်ရှိသည်။