မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု သြစတေးလျ ကုမ္ပဏီ ပြန်ရုပ်သိမ်း

Tuesday, 13 October 2009 18:56
Print
သြစတေးလျ အ၀တ်အထည် လုပ်ငန်း အုပ်စုတခုက မြန်မာနိုင်ငံရှိ ၎င်းတို့၏ ရင်းနှီး မြုပ်နှံမှုများကို ပြန်လည် ရုပ်သိမ်းတော့မည်ဟု သြစတေးလျ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ (Burma Campaign Australia- BCA) က ဆိုသည်။

“စစ်အစိုးရ အုပ်ချုပ်မှုအောက်တွင် မြန်မာပြည်သူများ ဖိနှိပ်ခံနေရသည့် အတွက် ရင်းနှီးမြုပ်နှံမှုများ ပြန်လည် ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်” ဟု Speciality Fashion Group က BCA သို့ ပေးပို့သည့်စာတွင် ရေးသားထားသည်ဟု သိရသည်။

Speciality Fashion Group တွင် နာမည်ကြီး ဖက်ရှင် အမှတ်တံဆိပ်များ ဖြစ်သည့် Millers, Crossroads, Katies, Autography, City Chic နှင့် Queenpark တို့ ပါဝင်သည်။ သြစတေးလျတွင် ဆိုင်ပေါင်း ၈၄၃ ဆိုင် ရှိပြီး၊ တနှစ်လုံး ရောင်းရငွေမှာ သြစတေးလျဒေါ်လာ ၅၆၀.၅ သန်း ရှိသည်ဟု ဆိုသည်။

Speciality Fashion Group သည် ရင်းနှီး မြုပ်နှံမှုများကို ရုပ်သိမ်းမည်ဟု ကြေညာခဲ့သည့် ပထမဆုံးသော စီးပွားရေး အဖွဲ့ ဖြစ်ကြောင်း သိရသည်။

BCA အဖွဲ့သည် သြစတေးလျ ကုမ္ပဏီများ စစ်အစိုးရနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ခြင်း မပြုလုပ်ရန် ပြီးခဲ့သည့် နှစ်ပတ်ခန့်က စတင် လှုံ့ဆော်ခဲ့သည်ဟု ဆိုသည်။

“ယခုလို စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်တာကို ကြိုဆိုပါတယ်၊ တခြား သြစတေးလျ ကုမ္ပဏီတွေလည်း အမြန်ထွက်ခွာဖို့ တိုက်တွန်းချင်ပါတယ်” ဟု BCA အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Ms. Zetty Brake က ပြောသည်။

ဖက်ရှင် အ၀တ်အထည် လုပ်ငန်းကို အဓိက လုပ်ကိုင်သော ယင်းကုမ္ပဏီသည် အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်၍ တင်းကျပ်သည့် မူဝါဒများ ရှိပြီး၊ စက်ရုံအလုပ်ရုံများတွင် ကလေးအလုပ်သမားများအား ခိုင်းစေခြင်း၊ အတင်း အဓမ္မ အလုပ်ခိုင်းစေခြင်းများကို တားမြစ်ထားကြောင်း၊ ကုမ္ပဏီ၏ မူဝါဒနှင့် မကိုက်ညီသောကြောင့် ရုပ်သိမ်းသွားခြင်း ဖြစ်နိုင်ကြောင်း Ms. Zetty Brake က ထောက်ပြ ပြောဆိုသည်။

ထိုသို့ ရုပ်သိမ်းသွားခြင်းကြောင့် ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသော ၀န်ထမ်းများ၏ ထိခိုက် နစ်နာမှုများအတွက် စီစဉ်၊ ဖြေရှင်းပေးရန် ကုမ္ပဏီကို တောင်းဆိုထားကြောင်းလည်း BCA အဖွဲ့က ပြောသည်။

သြစတေးလျ ကုမ္ပဏီများဖြစ်သည့် Chevron, Andaman Teak Supplies Pty Ltd , Gecko's Adventure, Lonely Planet, Sri Asia Tourism, Jetstar Asia နှင့် Twinza Oil တို့လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

၎င်းကုမ္ပဏီများသည် စစ်အစိုးရကို တနှစ်လျှင် အမေရိကန်ဒေါ်လာ ၂.၈သန်း ပံ့ပိုးပေးနေကြောင်း BCA အဖွဲ့၏ ကြေညာချက်တွင် ပါရှိသည်။

ယခုနှစ် စောစောပိုင်းကလည်း သြစတေးလျ အခြေစိုက် အာမခံကုမ္ပဏီ ဖြစ်သော QBE နှင့် စက်မှုလက်မှု  လုပ်ငန်း လုပ်ကိုင်သည့် Downer EDI ကုမ္ပဏီတို့ မြန်မာနိုင်ငံမှ ရုပ်သိမ်းသွားကြောင်း သိရသည်။

အောက်တိုဘာ ၉ရက်နေ့တွင် ရန်ကုန်မှ သြစတေးလျ သံရုံး ယာယီတာဝန်ခံသည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့် ရခဲ့ပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

သြစတေးလျနိုင်ငံ အစိုးရက စစ်အစိုးရကို လက်နက်ရောင်းဝယ်မှု ပိတ်ပင်ခြင်း၊ စစ်အစိုးရအဖွဲ့ဝင်များ နှင့် မိသားစုများကို ပြည်ဝင်ခွင့် ပိတ်ပင်ခြင်းများ ပြုလုပ်ထားသည်။ စစ်အစိုးရနှင့် ပတ်သက်သည့် လုပ်ငန်းရှင်များ၏ ပြည်ပရှိ ငွေကြေးများကို ထိန်းချုပ်နိုင်မည့် ဥပဒေတရပ်ကို ၂၀၀၇ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

သြစတေးလျနိုင်ငံ မက်ကွိုင်းယား တက္ကသိုလ်မှ ပါမောက္ခတဦးဖြစ်သူ မစ္စတာ ရှောင်တာနဲ (Sean Turnell) က မြန်မာပြည်သည် သဘာဝ သယံဇာတများ ပေါကြွယ်ဝသည့် အတွက် အာရှတွင် အချမ်းသာဆုံး နိုင်ငံ တခု ဖြစ်သော်လည်း မြန်မာ ပြည်သူများသည် ဆင်းရဲစွာဖြင့် နေထိုင်နေရကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ စီးပွားရေး ပိတ်ဆို့ထားခြင်းကြောင့် မဟုတ်ဘဲ စစ်အစိုးရ၏ မှားယွင်းသည့် စီမံခန့်ခွဲမှုများကြောင့် ဖြစ်ပြီး၊ စီးပွားရေးပိတ်ဆို့မှုသည် စစ်အစိုးရ အပေါ်တွင် သက်ရောက်မှု ရှိသည့် အတွက် အဓိက အခန်းကဏ္ဍတွင် ရှိနေသေးကြောင်း သုံးသပ်သည်။