မန္တလေးမှာ ပါတီများ မဲဆွယ်မှု အားနည်း

Monday, 01 November 2010 12:45 ရွေးကောက်ပွဲ သတင်းတို
Print
ရွေးကောက်ပွဲ ကျင်းပရန် ၆ ရက်သာ လိုတော့ချိန်တွင် မန္တလေးမြို့ပေါ်၌ ပါတီများ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခြင်းကို ကျယ်ကျယ် ပြန့်ပြန့် မတွေ့ရသေးကြောင်း မန္တလေး ဒေသခံများက ပြောသည်။

“ပါတီကြီးတွေရော ၊ တသီးပုဂ္ဂလတွေရော လက်ကမ်းစာစောင် ဖြန့်ဝေတာလောက်ပဲ လုပ်ကြတာပါ။ လူထုကလည်း စိတ်ဝင်စားမှု မရှိပါဘူး။ မနေ့ကတော့ ကိုအေးလွင်တို့ ၊ ကိုရဲထွန်းတို့ရဲ့ ပါတီကတော့ ခွပ်ဒေါင်းပုံတွေ ဘာတွေနဲ့ သင်္ကြန်မဏ္ဍပ်ကားလို ဆင်ယင် ပြီး သီချင်းတွေဖွင့် ၊ ကြွေးကြော်သံတွေအော်ပြီး လှည့်နေတာ တွေ့တယ်"ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

ရွေးကောက်ပွဲကျင်းပရန် ၁၄ ရက်ခန့် လိုချိန်တွင် ၀င်ရောက်ခဲ့သော ဂီရိမုန်တိုင်းကြောင့် မန္တလေး ၊ မကွေးနှင့် စစ်ကိုင်းတိုင်း ဒေသ တချို့တွင်လည်း ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း၊ ရခိုင်ဒေသတွင် လူအသေအပျောက်နှင့် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့ကြောင်း၊ ထိုသို့ အခြေအနေများ ဖြစ်ပေါ်နေသော်လည်း ရွေးကောက်ပွဲဝင်မည့် ပါတီများအနေဖြင့် ၀မ်းနည်းကြောင်း ကြေညာချက် တစောင် ပင် မထုတ်ပြန်ခဲ့ကြဘဲ ရွေးကောက်ပွဲကိုသာ အာရုံပြုနေကြသည်မှာ ရှက်ဖွယ်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။