Yangon Airways ခေတ္တ နားမည်

Wednesday, 24 November 2010 17:35 သတင်းတိုများ
Print
အစိုးရနှင့်ပုဂ္ဂလိက ဖက်စပ် ပြည်တွင်း လေကြောင်းလိုင်းတခုဖြစ်သော Yangon Airways(YA)၏ ခရီးစဉ်များကို လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်အရ ဒီဇင်ဘာလ ၃ ရပ်နေ့ မှ စတင်၍ ယာယီ ရပ်နား ထားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ ကြိုတင်လက်မှတ် ဝယ်ယူထားသူများအတွက်လည်း တခြားလေကြောင်းလိုင်း ဖြင့် ခရီးသွားနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း၊ မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသည့် အခက်အခဲ ကြောင့် ခရီးသွားများကို အထူး ပင်တောင်းပန်ကြောင်း YA မှ ထုတ်ပြန်ချက်တွင် ပါရှိသည်။ Yangon Airways ကို ၁၉၉၆ အောက်တိုဘာလ က နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်းနှင့် ထိုင်း Krong-Sombat Co. တို့ ဖက်စပ် စတင် တည်ထောင်ခဲ့ကာ ၁၉၉၇ ခု အောက်တိုဘာ တွင် မေဖလားဝါး ကုမ္ပဏီ အုပ်စုလည်းပါဝင်ခဲ့ကြောင်း Yangon Airways အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။ ၎င်းလေကြောင်းလိုင်း ပိုင်ဆိုင်မှုတွင် စစ်အစိုးရနှင့် နီးစပ်သည့် ဘိန်းဘုရင် လော်စစ်ဟန် ၏ သား Asia World ကုမ္ပဏီ ပိုင်ရှင် စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ကဲ့သို့သော စီးပွားရေးသမားများလည်း ပါဝင်ကြောင်း သိရသည်။ Yangon Airways သည် စီးပွားရေး အားပြိုင်မှုများ ရှိနေကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းအတွင်း ပြောဆိုမှု များလည်း ရှိနေသည်။