သတင်းတိုများ

သတင်းတိုများ

အကျဉ်းထောင် စစ်ဆေးကူညီရေး ဘုတ်အဖွဲ့ ထားမည် မဟုတ်

အကျဉ်းထောင် စစ်ဆေးကူညီပေးရေး ဘုတ်အဖွဲ့နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်တဦး၏ မေးမြန်းချက်ကို ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုက အဆိုပါ ဘုတ်အဖွဲ့ ဖွဲ့စည်းမှုသည် အကျဉ်းထောင်အတွင်း ထောင်သားများ၏ အခွင့်အရေးတောင်းဆိုမှုနှင့် အကျဉ်းထောင် အုပ်ချုပ်ရေးကို ထိခိုက်လာသည့်အတွက် ၁၉၇၅  ခုနှစ်ကတည်းက ရပ်ဆိုင်းခဲ့ကြောင်း၊ ယခုအခါ အစိုးရ လက်အောက်ခံ အဖွဲ့အစည်းများက အဆိုပါနေရာတွင် တာဝန်ယူလုပ်ဆောင်ပြီး အကျဉ်းသားများအရေးကို ကူညီလုပ်ဆောင်ပေးနေကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ အဆိုပါ ဘုတ်အဖွဲ့ဆိုင်ရာ လုပ်ပိုင်ခွင့်သည့် အကျဉ်းသားများအား ထောင်အာဏာပိုင်များက မတရား ညဉ်းပန်းနှိပ်စက်မှုများ၊ ကျန်းမာရေး၊ လူမှုရေး စောင့်ရှောက်မှုများနှင့် အကျဉ်းသားအခွင့်အရေးများကို အဓိက ကူညီလုပ် ဆောင်ပေးနိုင်ရန် ၁၈၉၄ ခုနှစ်က ရေးဆွဲခဲ့သော အကျဉ်းထောင်လက်စွဲဥပဒေ ဖြစ်သည်။
သတင်းတိုများ

အမျိုးသားသတင်းဆု ၅ မျိုး ချီးမြှင့်မည်

အမျိုးသားသတင်းဆု (National Press Award) ကို ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ချီးမြှင့်သွားရန် စီစဉ်ထားကြောင်း အမျိုးသားသတင်းဆုကော်မတီ၏ ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ကြေညာချက်အရ သိရသည်။ ဆုအမျိုးအစားများမှာ အကောင်းဆုံးသတင်းဆု၊ အကောင်းဆုံး သတင်းဓာတ်ပုံဆု၊ အကောင်းဆုံး သတင်းဆောင်းပါးဆု၊ အကောင်းဆုံး အာဘော်ဆောင်းပါးဆု၊ အကောင်းဆုံး သတင်းကာတွန်းဆုတို့ဖြစ်ပြီး ဆုတဆုလျှင် ကျပ် ၁ဝ သိန်း ချီးမြှင့်မည်ဟု သိရသည်။
သတင်းတိုများ

အစိုးရပိုင် စက်ရုံများကို နှစ်ရှည်စနစ်ဖြင့် ငှားမည်

အစိုးရပိုင် စက်ရုံများကို နှစ်ရှည်ငှားရမ်းသည့်စနစ်ဖြင့် ပြောင်းလဲ လုပ်ကိုင်သွားမည်ဟု သိရသည်။ စက်တင်ဘာလမှစ၍ စက်မှုဝန်ကြီးဌာနအောက်ရှိ အချိုရည်စက်ရုံ၊ စက္ကူစက်ရုံ၊ သကြားစက်ရုံများ အပါအဝင် စက်ရုံ ၉ ရုံကို နှစ် ၃၀ စာ အငှားချပေးကာ ပုဂ္ဂလိက လည်ပတ်မှုပုံစံဖြင့် လုပ်ဆောင်ခွင့်ပြုမည်ဟု စက်မှုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက်ကို ကိုးကား၍ ရန်ကုန်တိုင်းမ် သတင်းဂျာနယ်က ဖော်ပြထားသည်။
သတင်းတိုများ

အရေးပေါ်စီမံမှု အက်ဥပဒေ ရုပ်သိမ်းရေး ပယ်ချခံရ

သင်္ဃန်းကျွန်းမှ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းထားသော အရေးပေါ်စီမံမှု အက်ဥပဒေ ရုပ်သိမ်းရေးကို ကြံ့ဖွံ့အမတ်များနှင့် ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုတို့က ကန့်ကွက် သောကြောင့် ယမန်နေ့က ပြည်သူ့ လွှတ်တော်တွင် ယင်းအဆိုကို ပယ်ချခဲ့သည်။ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် ယင်းဥပဒေမှာ အရေးကြီးသည်ဟု ဒု ဗိုလ်ချုပ်ကြီး ကိုကို က အကြောင်းပြခဲ့သည်။
သတင်းတိုများ

ဆင်းရဲမွဲတေမှုပပျောက်ရေး ရန်ပုံငွေကောက်

ခယကရုံး၏ ညွှန်ကြားမှုဖြင့် ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက်ဆိုကာ စစ်ကိုင်းတိုင်း တမူးမြို့ရှိ နမ့်ဖာလုံဈေးတွင် ငွေကျပ် သိန်းချီကာ အလှူငွေကောက်ခံနေသည်။ နမ့်ဖာလုံဈေးကော်မတီက ကျပ်ငွေ သိန်း ၅၀၀ ပေးရမည်ဖြစ်ရာ ဈေးဆိုင်တဆိုင်လျှင် ငွေကျပ် ၃ သိန်းခွဲနှုန်းဖြင့် အချိုးကျထည့်ဝင်ရန် လိုက်လံကောက်ခံနေကြောင်း၊ နယ်စပ်ကုန်သည် ၀င်ထွက်မှု နည်းပါးသောကြောင့် ဈေးသည်များ အခက်တွေ့နေ၍ အဆိုပါငွေကို မပေးလိုကြကြောင်း ဆိုင်ရှင်တဦးက ဆိုသည်။ ပြီးခဲ့သည့် လကလည်း မုံရွာမြို့ ကုန်သည်၊ ပွဲစားများအသင်းတွင်လည်း အသင်းဝင် တဦးလျှင် ကျပ်ငွေ ၃ သိန်းနှုန်း မထည့်မနေရ ကောက်ခံခဲ့သည်။ အဆိုပါ ကောက်ခံရငွေများကို စစ်ကိုင်းတိုင်း တိုင်းရုံးသို့ ပေးပို့ပြီး နွမ်းပါးသူများ၊ လုပ်ငန်းလုပ်လိုသူများသို့ ငွေ ကျပ် ၁၀၀ လျှင် ၂ ကျပ်တိုးနှုန်းဖြင့် ချေးငွေပေးမည်ဖြစ်ကြောင်း၊ ချေးလိုသူများမှာ သက်ဆိုင်ရာ မယက၊ ခယက ရုံးများမှတဆင့် တိုင်းရုံးသို့ တင်ပြချေးယူရမည်ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

၉၀ ရွေးကောက်ခံများ အသိအမှတ်ပြုမည် မဟုတ်

၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်သည် ပျက်ပြယ်ပြီဖြစ်ပြီး ယင်းရွေးကောက်ပွဲတွင် တင်မြှောက်ထားသော လွှတ်တော် ကိုယ်စားလှယ် ၁၀၀ ကျော် တို့ကို အသိအမှတ်မပြုတော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ယမန့်နေ့၌ လွှတ်တော်တွင် ပြောကြားသွားသည်။ အစိုးရသစ်အနေဖြင့် ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ်များကို တနည်းနည်းဖြင့် အသိအမှတ်ပြုရန် အစီအစဉ်ရှိမရှိ သင်္ဃန်းကျွန်းမှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ မေးမြန်းချက်ကို ယင်းသို့ ဖြေကြားခြင်း ဖြစ်သည်။
သတင်းတိုများ

ပြည်ပထွက်ခွာခြင်းသည် မျိုးချစ်စိတ်နှင့်သာ ဆိုင်ဟုဆို

ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်နေခြင်းသည် မျိုးချစ်စိတ်ပေါ်တွင်သာ အခြေခံသည်ဟု ပြည်ထဲဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ယမန်နေ့က လွှတ်တော်တွင် ပြောဆိုသည်။ ဘူးသီးတောင်မှ ကိုယ်စားလှယ်တဦးက မြန်မာပညာရှင်များ ပြည်ပသို့မထွက်ခွာအောင်၊ ထွက်ခွာပြီးသူများ ပြန်လာအောင် လုပ်ဆောင်ပေးရန် ရှိမရှိ မေးမြန်းရာတွင် ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။ စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် သက်တမ်းတလျှောက်တွင် အလုပ်အကိုင် အခွင့်အလမ်း ခက်ခဲခြင်း၊ ထိုက်တန်သော နေရာ မရရှိခြင်း၊ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့် မရှိခြင်းတို့ကြောင့် မြန်မာပညာရှင်နှင့် လူငယ်အများအပြား ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားခဲ့သည်။
သတင်းတိုများ

ကျောက်ဆည်မြို့ ရေကြီး

မိုးသည်းထန်စွာရွာခြင်း၊ ဇော်ဂျီမြစ်ရေတက်ပြီး ကင်းတားဆည်နှင့် ငပြောင်ဆည်တို့ကို ရေဖောက်ချရခြင်းတို့ကြောင့် မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ ရာနှင့်ချီသော လူနေအိမ်များ စနေနေ့ ညနေပိုင်းက စတင်ပြီး ရေနစ်မြုပ်သွားကြောင်း သတင်းရရှိသည်။  တံတားလယ်၊ ကြက်မင်းတွန်၊ ရဲစု စသည့် ရပ်ကွက် ၃ ခုတွင် လူတရပ်နီးပါး ရေနစ်မြှုပ်နေ၍ ရေဘေးဒုက္ခသည်တို့က ရေလွတ်ရာ ဒေသများ၊ ဘုန်းကြီးကျောင်းများတွင် ရွှေ့ပြောင်း နေထိုင်လျက်ရှိသည်ဟု ဆိုသည်။ ထိုဒေသရှိ ဆည် ၂ ခုကြောင့် ဇော်ဂျီမြစ်ကြောင်း ကောလာပြီး မိုးများသည့်နှစ်တိုင်း ကျောက်ဆည်မြို့ ရေကြီးလေ့ရှိကြောင်း ဒေသခံများက ပြောသည်။
သတင်းတိုများ

ဥရောပ ရုပ်ရှင်ပွဲတော် ရန်ကုန်တွင် ကျင်းပမည်

ဥပေရာပ ရုပ်ရှင်ပွဲတော်ကို လာမည့် အောက်တိုဘာလအတွင်း ရန်ကုန်မြို့၌ လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ဗြိတိသျှ သံရုံး၏ စီစဉ်မှုဖြင့် ဗြိတိန်၊ အီတလီ၊ ပြင်သစ်နှင့် ဂျာမနီမှ ရုပ်ရှင်ကားများ ပါဝင်ပြသမည် ဖြစ်သည်။ ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံတွင် ပြသမည့် ယင်းရုပ်ရှင်ကားများကို သြဂုတ်လ ၂၂ ရက်နေ့မှ ၂၉ ရက်နေ့အတွင်း ကြည့်ရှုနိုင်မည်ဟု သိရှိရသည်။
သတင်းတိုများ

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် သမ္မတထံ တင်

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင် သြဂုတ်လ ၂၆ ရက်နေ့က သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ကိုယ်စားလှယ် ၁၅ ဦးနှင့် စစ်တပ်ကိုယ်စားလှယ် ၂ ဦးတို့က ထောက်ခံကြသည်။ ယင်းအဆိုကို ကန့်ကွက်မည့်သူ မရှိသဖြင့် သမ္မတထံ တင်ပြရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အတွက် သမ္မတသည် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီမှု ရယူရမည်ဖြစ်သည်။
သတင်းတိုများ

အာဇာနည်နေ့ အခမ်းအနားသွားသူ ထောင်တနှစ်ခွဲကျ

မိထ္ထီလာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးတွင် ကျင်းပသော အာဇာနည်နေ့ အခမ်းအနားသို့ သွားရောက်ခဲ့သည့် NLD ပါတီဝင် ဦးအောင်လှမြင့်သည် ခရီးသွားလာခွင့် ကန့်သက်ချက်ဖောက်ဖျက်မှုဖြင့် ယနေ့ ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခံရကြောင်း သိရသည်။ တပ်ကုန်းမြို့တွင် နေထိုင်သူ အိန္ဒိယနွယ်ဖွား ဦးအောင်လှမြင့် ခေါ် ဦးဖိုးထောင်သည် ဧည့်နိုင်ငံသားဖြစ်သောကြောင့် ခရီးသွားလာခွင့် ကန့်သတ်ခံထားရသူဖြစ်သည်။ ၂၀၀၉ ခုနှစ်ကလည်း ရမည်းသင်းမြို့နယ် NLD အစည်းအဝေးတခုမှ အပြန်တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁ နှစ်ခွဲ ကျခံခဲ့ရသေးသည်။
သတင်းတိုများ

ကနေဒါအတိုက်အခံ ကွယ်လွန်မှု ဒေါ်အောင်ဆန်းစုကြည် သ၀ဏ်လွှာပို့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့တွင် ကွယ်လွန်သွားသူ ကနေဒါ နိုင်ငံ အတိုက်အခံ ခေါင်းဆောင်ဟောင်း မစ္စတာ ဂျက်လေတန် အတွက် ၀မ်းနည်းခြင်း သ၀ဏ်လွှာကို ယမန်နေ့က ပေးပို့လိုက်သည်။ ကနေဒါနိုင်ငံသားအားလုံးနှင့်တကွ မစ္စတာ ဂျက်လေတန်၏ နိုင်ငံရေး ပါတီဖြစ်သော New Democratic Party နှင့် လုပ်ဖော် ကိုင်ဖက်များ၊ မိသားစုဝင်များ၏ မိတ်ဆွေကောင်းတဦး ဆုံးရှုံးရခြင်းအတွက် အလွန် ၀မ်းနည်းမိပါကြောင်း  သ၀ဏ်လွှာတွင် ဖော်ပြထားသည်။ မစ္စတာ ဂျက်လေတန်သည် မြန်မာ့ဒီမိုကရေစီ အရေးအတွက် တက်တက်ကြွကြွ ကူညီ အားပေးခဲ့သူဖြစ်သည်။ ကနေဒါ နိုင်ငံရေးလောကတွင် အလွန်လေးစားကြသည့် မစ္စတာ ဂျက်လေတန်သည် တိုရန်တိုမြို့ နေအိမ်တွင် ကင်ဆာရောဂါ ဖြင့်ကွယ်လွန်ခဲ့သည်။ စနေနေ့တွင် နိုင်ငံတော်ဈာပနအခမ်းအနားဖြင့် သဂြိုင်္ဟ်မည်ဟု သိရသည်။
သတင်းတိုများ

ကျောက်ဖြူဆိပ်ကမ်း အခွန်လျှော့ရန် ဒေသခံတို့ တောင်းဆို

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ဂျပန်မဆိပ်ကမ်းရှိ များပြားလှသည့် အခွန်နှုန်းထားတို့ကို လျှော့ချပေးရန် ဒေသခံ ၁၀၀ နီးပါးက စည်ပင်သာယာဌာန နှင့် မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးများထံ ယနေ့ နေ့လယ်က သွားရောက် တောင်းဆိုလိုက်ကြောင်း သိရသည်။ အရေးဆိုမှုကို ဖြေရှင်းပေးခြင်း မရှိပါက သမ္မတ ဦးသိန်းစိန်ထံ တိုင်ကြားမည်ဟု ဒေသခံတို့က ပြောသည်။ကုန်တင်ကုန်ချသူများကို ဂျပန်မ ဆိပ်ကမ်းတွင် ကောက်ခံနေသည့် နှုန်းထားများမှာ လှေတစီးလျှင် ကျပ် ၂၀၀၀၊ နွားလှည်းတစီးလျှင် ကျပ် ၅၀၀၀၊  လူတဦးလျှင် ကျပ် ၅၀၀ ဖြစ်သည်ဟု ဆိုသည်။
သတင်းတိုများ

သမ္မတ ဦးသိန်းစိန်သည် အပြောင်းအလဲ လိုလားဟု ဆို

သမ္မတ ဦးသိန်းစိန်သည် စစ်မှန်သည့် အပြုသဘောဆောင်သော အပြောင်းအလဲကို လိုလားသည်ဟု ယူဆကြောင်း ဒေါ်အောင်ဆန်းကြည်က ပြောသည်။ ယမန်နေ့ညက ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တားနားနှင့် တွေ့ဆုံအပြီး သတင်းထောက်များကို ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ သြဂုတ်လ ၁၉ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။
သတင်းတိုများ

မစ္စတာ ကင်တားနား အင်းစိန်ထောင်သို့ သွား

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တားနားသည် ယမန်နေ့နံနက်က ရန်ကုန်မြို့ အင်းစိန်ထောင်သို့ သွာရောက်ကြည့်ရှုပြီး အကျဉ်းသားနှင့် အချုပ်သား ၆ ဦး၊ အကျဉ်းသူ ၁ ဦးတို့နှင့် တွေ့ဆုံကြောင်း သိရသည်။ မစ္စတာ ကင်တားနားသည် ညနေပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်းသို့ သွားရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များအား တွေ့ဆုံသည်။
သတင်းတိုများ

ကင်တားနားနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တားနားသည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို  ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် ယနေ့ ညနေ ၃ နာရီခွဲက ၁ နာရီကျော်ကြာ သွားရောက် တွေ့ဆုံခဲ့သည်။ မစ္စတာ ကင်တားနားသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ နံနက်ပိုင်းတွင် အင်းစိန်အကျဉ်းထောင်သို့ သွားရောက်ခဲ့သည်ဟု သိရသည်။
သတင်းတိုများ

လူ့အခွင့်အရေးအရာရှိ လွှတ်တော်ဥက္ကဋ္ဌများနှင့်တွေ့

ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားသည် ယနေ့မနက်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံတွင် လွှတ်တော် ဥက္ကဋ္ဌများနှင့် လာရောက်တွေ့ဆုံခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် နံနက် ၉ နာရီတွင်လည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် နံနက် ၁၀ နာရီတွင် လည်းကောင်း အသီးသီးတွေ့ဆုံခဲ့သည်။
သတင်းတိုများ

စရဖ ညွှန်ချုပ်အဖြစ် ဗိုလ်ချုပ် စိုးရှိန်ကိုခန့်အပ်

စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ) ၏ ညွှန်ကြားရေးမှူးချုပ်ရာထူးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရေးအရာရှိ ဖြစ်ခဲ့သူ ဗိုလ်ချုပ် စိုးရှိန်အား မကြာသေးမီက ခန့်အပ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယခင် စစ်ဘက်ရေးရာ ညွှန်ချုပ် ဗိုလ်ချုပ် ကျော်ဆွေအား ရာထူးမှ ပြောင်းရွှေ့ကာ ဗိုလ်ချုပ် စိုးရှိန်ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ် ကျော်ဆွေကိုမူ ကက (ပြည်) ကို ပို့လိုက်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းတရပ်က ပြောကြားသည်။
သတင်းတိုများ

အတိတ်ကို သင်ခန်းစာယူရန် ဦးရွှေမန်းပြော

အတိတ်သင်ခန်းစာများကို ယူပြီး ဆောင်ရွက်သင့်သည့် ကိစ္စများကို အားလုံး ရဲဝံ့ညီညွတ်စွာ လုပ်ဆောင်ရမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ယနေ့ကျင်းပသော ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေး ဖွင့်ပွဲတွင် ပြောသည်။ ပြည်သူ့အသံ၊ ဆန္ဒသဘောနှင့် မျှော်လင့်ချက်တို့ကို အလေးထား ဆန်းစစ်ဝေဖန်ပြီး လက်တွေ့ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ရန် လွှတ်တော် ကိုယ်စားလှယ်များကို ပြောသွားသည်။ ယခုတကြိမ် လွှတ်တော်အစည်းအဝေးတွင် မီဒီယာများကိုလည်း ဖိတ်ကြားထားသည်။
သတင်းတိုများ

တိုင်းရင်းသားအရေးနှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လိုအပ်

ဂျပန်နိုင်ငံတွင် ယနေ့ထုတ် မာအိနိချိ နေ့စဉ် သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည်၏ “မြန်မာပြည်မှ ပေးစာ - အားလပ်ရက် ၂” အမည်ရှိ ဆောင်းပါးတစ်ပုဒ် ဖော်ပြပါရှိသည်။ ယင်းဆောင်းပါးတွင် ပုဂံဘုရားဖူးခရီးစဉ်အကြောင်း ရေးသားထားပြီ မြန်မာနိုင်ငံ၏ အဓိက လိုအပ်ချက်ကို ဆုတောင်းရန်မှာ တိုင်းရင်းသားများနှင့် ရင်ကြားစေ့ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဖြစ်ကြောင်း၊ ယင်းကိစ္စများအတွက်ဆိုလျှင် အားလပ်ရက်ဆိုသည်မှာ မရှိနိုင်ကြောင်း ဖော်ပြထားသည်။
Page 6 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်