သတင်းတိုများ

သတင်းတိုများ

ဗိုလ်ချုပ် ၅ ဦး စစ်ဆေးမေးမြန်း ခံနေရ

လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှုများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဗိုလ်ချုပ် ၅ ဦးကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ၎င်းတို့မှာ တပ်မတော်စစ်ရေး အရာရှိချုပ် ဗိုလ်ချုပ် ကျော်ဖြိုး၊ စီးပွားရေးဦးပိုင် လီမိတက် ဥက္ကဋ္ဌနှင့် စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်ဦး၊ ကစထမှူး ဗိုလ်ချုပ် မြင့်စိုး၊ တြိဂံဒေသ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး၊ ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေးတို့ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ပြီးနောက်ပိုင်း ရန်ကုန် တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ထွန်းသန်းနှင့် ကစထမှူး ဗိုလ်ချုပ်တင်ငွေတို့ကိုလည်း အလားတူ စွဲချက်များဖြင့် အနားပေးခဲ့သေးသည်။
သတင်းတိုများ

အင်တာနက် တိုက်ခိုက်မှုလမ်းကြောင်း မြန်မာမှ အများဆုံးဖြစ်လာ

၂၀၁၁ ခုနှစ် ပထမ ၃ လတာအတွင်း အင်တာနက် တိုက်ခိုက်မှု လမ်းကြောင်း အများဆုံးလာသော နိုင်ငံသည် မြန်မာဖြစ်လာသည်ဟု အင်တာနက်ဆိုင်ရာ သတင်းအချက်အလက်အဖွဲ့ Akamai ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၁၀ နှစ်ကုန်တွင် ထင်ထင်ရှားရှားမရှိခဲ့သော်လည်း မြန်မာနိုင်ငံ အင်တာနက်မှ တိုက်ခိုက်မှုနှုန်းသည် ယခုနှစ်တွင် ၁၃ ရာခိုင်နှုန်းဖြင့် ထိပ်တန်းစာရင်း ဝင်လာသည်။ ၂၀၁၀ နှစ်ကုန်တွင် အမေရိကန်သည်ပင် ၁၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ Akamai အစီရင်ခံစာ အယ်ဒီတာကမူ မြန်မာမှ အင်တာနက် တိုက်ခိုက်မှုများသည် အုပ်စုတခုမှ လာခြင်းလား၊ ဟက်ကာများက ထိန်းချုပ် အသုံးပြုနေခြင်းလား သွဲကွဲစွာ မသိရကြောင်း ပြောသည်။
သတင်းတိုများ

တိုရွန်တို ရုပ်ရှင်ပွဲတော်တွင် The Lady ကို ပွဲဦးထွက် ပြမည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူထားသော The Lady ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာလတွင် ကနေဒါနိုင်ငံ တိုရွန်တို ရုပ်ရှင်ပွဲတော်၌ ပွဲဦးထွက် ပြသသွားမည်ဟု သိရသည်။ ယင်းဇာတ်ကားကို ပြင်သစ် ဒါရိုက်တာ Luc Besson က ရိုက်ကူးပြီး ဒေါ်အောင်ဆန်းစုကြည်အဖြစ် မစ်ရှဲယိုးလ်က သရုပ်ဆောင်ထားသည်။
သတင်းတိုများ

အမေရိကန် ဒေါ်လာငွေလဲနှုန်း ပြင်ဆင် သတ်မှတ်ဖွယ်ရှိ

အမေရိကန်ဒေါ်လာ တဒေါ်လာလျှင် မြန်မာငွေ ၆ ကျပ် သတ်မှတ်ထားသော ငွေလဲလှယ် နှုန်းထားကို သမ္မတဦးသိန်းစိန် အစိုးရက ပြင်ဆင်သတ်မှတ် ပြောင်းလဲမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက ပြောသည်။ အစိုးရပိုင်းက ယင်းသို့ ပြောင်းလဲရေးနှင့် ပတ်သက်၍ ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ သဘောထားအမြင်ကို မေးမြန်းနေကြောင်း၊ မည်ရွေ့မည်မျှ သတ်မှတ်မည်ကို မသိသေးကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု အသင်းချုပ်မှ အမှုဆောင် တဦးက ပြောသည်။
သတင်းတိုများ

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် လိုသေး

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံသည်ကို ကြိုဆိုကြောင်း၊ သို့သော် နိုင်ငံရေး အကျဉ်းသားများကိုလည်း လွှတ်ပေးရေး စဉ်းစားသင့်ကြောင်း တိုက်တွန်းလိုက်သည်။ ဤတွေ့ဆုံမှုမှတဆင့် အပြန်အလှန် နားလည်မှုတည်ဆောက်ရန် မျှော်လင့်ကြောင်း မစ္စတာ ဘန်ကီမွန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်းတိုများ

ပဲခူးရပ်ကွက်တချို့ ရေမြှုပ်

မိုးအကြီးအကျယ် ရွာပြီး တောင်ကျရေ ကျဆင်းခြင်းကြောင့် ပဲခူးမြို့ရှိ ကျောက်ကြီးစု၊ ဇိုင်းဂနိုင်းစသည့် ရပ်ကွက် များ၏ အနိမ့်ပိုင်းနေရာများ ယနေ့ရေလွှမ်းနေပြီး ပဲခူးဈေးလည်း ရေနစ်မြှုပ်နေကြောင်း ပဲခူးဒေသခံများက ပြောသည်။ ပဲခူး အနီးရှိ သနပ်ပင် မြို့နယ်တွင်လည်း ရေဘေး ကြုံတွေ့နေရပြီး ကျိုက်မဲ၊ ထောင်မင်းစသည့် ကျေးရွာများရှိ လယ်ဧက သုံးရာခန့်လည်း ရေနစ်မြှုပ်နေကြောင်း သိရသည်။
သတင်းတိုများ

၃ စင်းမြောက် ထိုင်းစစ်တပ် ရဟတ်ယာဉ် မြန်မာနယ်စပ်တွင် ပျက်ကျ

သီတင်း တပတ်ကျော်အတွင်း ထိုင်းစစ်တပ်မှ ၃ စင်းမြောက် ရဟတ်ယာဉ် ယမန်နေ့က ထိုင်း-မြန်မာ နယ်စပ်တွင် ပျက်ကျခဲ့သည်။ ဇူလိုင်လ ၁၆ ရက်နေ့တွင် ရဟတ်ယာဉ် တစင်းပျက်ကျပြီး ၅ ဦးသေဆုံးသည်။ ယင်း သေဆုံးသူများကို သွားရောက်သယ်ယူသော ဘလက်ဟော့ခ် ရဟတ်ယာဉ်သည် ဇူလိုင်လ ၁၉ ရက်နေ့တွင် ပျက်ကျပြီး ၉ ဦး သေဆုံးခဲ့သည်။ အဆိုပါ သေဆုံးသူများကို သွားရောက်သယ်ယူသည့် ယခု ဘဲလ် ၂၁၂ ရဟတ်ယာဉ် ထပ်မံ ပျက်ကျခြင်းဖြစ်ပြီး ၃ ဦးသေဆုံးကာ ၁ ဦး အသက်ရှင်သည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ကြည် တွေ့မည်

ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် ယနေ့ နေ့လည် ၁နာရီ၌ ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ပြောသည်။ အာဏာပိုင်တို့က ဦးအောင်ကြည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့အကြား ဆက်သွယ်ရေး အတွက် ဆက်ဆံရေးဝန်ကြီး အဖြစ် ၂၀၀၇ ခုနှစ် အောက်တိုဘာလက ခန့်အပ်ခဲ့သည်။
သတင်းတိုများ

Egat ကို မြန်မာလျှပ်စစ် စီမံကိန်းများမှ နှုတ်ထွက်ရန် တောင်းဆို

ထိုင်းနိုင်ငံ ချင်းရိုင်အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားနှင့် ကျေးရွာဒေသခံများ ကွန်ရက်က မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများတွင် ပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် ထိုင်း လျှပ်စစ်ဓာတ်အား ရရှိရေး အာဏာပိုင်အဖွဲ့ (Egat) အား တောင်းဆိုသည့် လှုံ့ဆော်မှုကို စတင်လိုက်သည်။ လျှပ်စစ်ဓာတ်အား စီမံကိန်းများကြောင့် ကျေးရွာ ၂၀ ခန့် ရွှေ့ပြောင်းခံရပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ထိုသို့ တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

မဲခေါင် ခရီးသွား ပွဲတော် ပုဂံတွင် ကျင်းပမည်

မဲခေါင်မြစ်ဝှမ်းဒေသ (GMS) စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် GMS ခရီးသွားလာရေး ပွဲတော်ကို မြန်မာနိုင်ငံ ပုဂံမြို့ဟောင်း၌ ယခုနှစ်အတွင်း ကျင်းပဖွယ်ရှိကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက ပြောသည်ဟု ဆင်ဟွာ သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ၂၀၁၁ ခုနှစ် ပထမ သုံးလတွင် မြန်မာနိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့်ခရီးသည် ၁၀၆၇၉၅ ရှိပြီး ၂၀၁၀ နှင့် နှိုင်းယှဉ်လျှင် ၂၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။ မြန်မာနှင့် ဂျပန်သည်လည်း ဂျပန်မှ ခရီးသွားများ မြန်မာသို့ ပိုမိုလည်ပတ်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု ပြည်တွင်း သတင်းများက ဆိုသည်။
သတင်းတိုများ

နျူကလီးယား ပိုင်ဆိုင်ရန် မြန်မာ ကြိုးပမ်းဟု အာဆီယံ မထင်

မြန်မာနိုင်ငံသည် နျူကလီးယား လက်နက် ပိုင်ဆိုင်ရေး ကြိုးပမ်းနေသည်ဟု အာဆီယံအနေဖြင့် မယူဆကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင် ပစ်ဆူဝမ်က ပြောလိုက်သည်။ မြန်မာသည် နျူကလီးယား ကြိုးပမ်းမှု ရှိမရှိ အဆုံးအဖြတ်ပေးရန် ခိုင်မာသော အထောက်အထားကို မတွေ့ဟု မစ္စတာ ပစ်ဆူဝမ်က ဂျကာတာ ပို့စ် သတင်းစာနှင့် အင်တာဗျူးတွင် ပြောထားသည်။
သတင်းတိုများ

မြို့ပတ်ရထားလုပ်ငန်းများ ပုဂ္ဂလိက လွှဲမည်

ရန်ကုန်မြို့ရှိ မြို့ပတ်ရထား ပြေးဆွဲမှု လုပ်ငန်းများအား ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြို့ပတ်ရထား ပြေးဆွဲမှုကို မြန်မာ့မီးရထားက တာဝန်ယူ လုပ်ဆောင်နေပြီး ပုဂ္ဂလိက လွှဲပြောင်းပြီးပါက အဆင့်မြင့် မီးရထားစက်ခေါင်းများ ဝယ်ယူကာ မြို့ပတ်ရထားများအတွက် အသုံးပြုမည်ဟု ပြည်တွင်း မီဒီယာများတွင် ဖော်ပြထားသည်။
သတင်းတိုများ

အာဇာနည်နေ့ အခမ်းအနားမှ ပြန်လာသူကို ခြေချုပ်ဖောက်ဖျက်မှုနှင့် ဖမ်း

မန္တလေးတိုင်း တပ်ကုန်းမြို့နယ်မှ NLD အဖွဲ့ဝင်တဦးကို မိတ္ထီလာမြို့တွင် ကျင်းပသော အာဇာနည်နေ့ အခမ်းအနားမှ အပြန်တွင် ခြေချုပ်ဖောက်ဖျက်မှုဖြင့် ယမန်နေ့က ဖမ်းဆီးလိုက်သည်။ အိန္ဒိယနွယ်ဖွား ဦးအောင်လှမြင့် ခေါ် ဦးဖိုးထောင်သည် ဧည့်နိုင်ငံသားကတ် ကိုင်ဆောင်ထားသူတဦးဖြစ်ပြီး ခရီးသွားလာခွင့် ကန့်သတ်မှုကို ဖောက်ဖျက်သည်ဟုဆိုကာ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဦးအောင်လှမြင့်၏ သားဖြစ်သူကမှု ခြေချုပ်မရှိကြောင်း၊ စရဖနှင့် လဝကတို့က တပ်ကုန်းအဝင်တွင် ဖမ်းဆီးခြင်းဖြစ်ပြီး နိုင်ငံရေးကြောင့် ဖမ်းဆီးသည်ဟု ထင်ကြောင်း ပြောသည်။ ဦးအောင်လှမြင့်သည် ၂၀၀၉ ခုနှစ် မတ်လအတွင်းက ရမည်းသင်းရှိ နိုင်ငံရေးအခမ်းအနားမှ အပြန်တွင်လည်း ဖမ်းဆီးခံရဖူးပြီး ထောင်ဒဏ် ၁ နှစ်ခွဲ ကျခဲ့သေးသည်။
သတင်းတိုများ

စီးပွားရေး ပိတ်ဆို့မှု သက်တမ်း ထပ်တိုး

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေပြီး ဒီမိုကရေစီ ဖော်ဆောင်မှု အားနည်းနေသည့်အတွက် စီးပွားရေးပိတ်ဆို့အရေးယူမှုကို အမေရိကန် အောက်လွှတ်တော်က ယမန်နေ့က သက်တမ်းတနှစ် ထပ်မံ တိုးမြှင့်လိုက်သည်။ ၂၀၀၃ ခုနှစ်တွင် ချမှတ်ခဲ့သည့် ပိတ်ဆို့အရေးယူမှုကို သက်တမ်းတိုးခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု မလုပ်ရန်နှင့် ကျောက်မျက်ရတနာများ ဝယ်ယူတင်သွင်းခြင်း မပြုရန်တို့ ပါဝင်သည်။
သတင်းတိုများ

အမေရိကန် နိုင်ငံသူတဦးကို တာချီလိတ်မှ နှင်ထုတ်

ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်ပုံကို ကိုင်ဆောင်ပြီး ဒီမိုကရေစီ သီချင်းခွေနှင့် ငြိမ်းချမ်းရေး စတစ်ကာများ ဝေသောကြောင့် အမေရိကန်နိုင်ငံသူ တက်ကြွလှုပ်ရှားသူတဦး ဇူလိုင်လ ၁၆ ရက်နေ့မှစ၍ ၃ ရက်ကြာ ထိန်းသိမ်း စစ်ဆေးခံရကြောင်း သိရသည်။ ထိုင်းအခြေစိုက် “မိတ်ဆွေကောင်း” အဖွဲ့မှ စေတနာ့ဝန်ထမ်းဖြစ်သူ မစ္စ ဂျွိုင်း အဂ္ဂနာသည် တာချီလိတ်ရှိ သူတည်းခိုရာ ဟိုတယ်တွင်ပင် ထိမ်းသိမ်းခံရကြောင်း၊ စစ်ဆေးမေးမြန်းခံရပြီးနောက် ဇူလိုင်လ ၁၈ ရက်နေ့တွင် ထိုင်းဘက်သို့ ပြန်လည် နှင်ထုတ်ခဲ့ကြောင်း သိရှိရသည်။
သတင်းတိုများ

ကျောက်ဖြူတွင် နယ်မြေခံတပ် ဗိုလ်ကျ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ နယ်မြေခံစစ်တပ်က အခကြေးငွေ မပေးဘဲ လယ်သမားတို့၏ မွေးမြူရေးပုစွန်များကို ဖမ်းယူ စားသောက်နေကြောင်း ဒေသခံများက ပြောသည်။ ထိုလုပ်ရပ်ကို ရွှေညိုမ နှင့် ပန်းတောပြင် ကျေးရွာအုပ်စု တို့မှ လယ်သမား ၁၇၄ ဦး ကြုံတွေ့နေရသည်ဟု ဆိုသည်။ ခြေလျင်တပ်ရင်း အမှတ် ၃၄ မှ စစ်သည်တို့၏ စည်းကမ်းမဲ့ လုပ်ရပ်ကြောင့် တာတမံများ ကျိုးပျက်ခြင်း၊ စပါးခင်းများ ပျက်ဆီးခြင်းတို့ ဖြစ်ပေါ်နေကြောင်း သိရသည်။ ခရိုင် ငါးလုပ်ဦးစီးဌာနကို တိုင်ကြားသော်လည်း အရေးယူမှု မရှိဘဲ စစ်တပ်၏ ခြိမ်းခြောက် ပြောဆိုမှုများနှင့်သာ ကြုံတွေ့နေရကြောင်း ဒေသခံ လယ်သမားတို့က ဧရာဝတီကို ပြောသည်။
သတင်းတိုများ

ထိုင်းစစ်တပ်မှ ဘလက်ဟော့ခ် မြန်မာ နယ်စပ်တွင် ပျက်ကျ

ထိုင်းအဆင့်မြင့် စစ်ဘက် အရာရှိကြီးတဦးနှင့် သတင်းထောက် ၂ ဦး အပါအဝင် လူ ၉ ဦးထက် မနည်းပါ ထိုင်းစစ်တပ်မှ ဘလက်ဟော့ခ် ရဟတ်ယာဉ်သည် ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ နေ့လည်က ပျက်ကျသွားကြောင်း သိရသည်။ ပြီးခဲ့သည့် စနေနေ့က မြန်မာနယ်စပ်အနီး ပျက်ကျခဲ့သည့် ရဟတ်ယာဉ်မှ စစ်အရာရှိ ၅ ဦး၏ ရုပ်အလောင်းကို သယ်ယူရန်အသွားတွင် ပျက်ကျခြင်းဖြစ်ကြောင်း၊ အသေးစိတ်ကို မသိရသေးကြောင်း ဘန်ကောက်ပို့စ် စက်ရပ်သတင်းတွင် ဖော်ပြထားသည်။
သတင်းတိုများ

မီဇိုရမ်က မြန်မာဝက် အ၀င်မခံ

ဝက်နားရွက်ပြာရောဂါ ပြန့်ပွားနေသော မြန်မာနိုင်ငံဘက်မှ ၀က်များကို တင်သွင်းမှု ပိတ်ပင်ကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရက တနင်္လာနေ့တွင် ကြေညာလိုက်သည်။ ၀က်နားရွက်ပြာ ပြန့်ပွားမှု ကာကွယ်ရန်အတွက် မဏိပူရ်ပြည်နယ် အစိုးရကလည်း ပြီးခဲ့သည့်လက အလားတူ ပိတ်ပင်ထားသည်။ မီဇိုရမ်၊ မဏိပူရ် တို့သည် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နှင့် ကပ်လျက် တည်ရှိသော ပြည်နယ် ၂ခု ဖြစ်သည်။ ဒေသတွင်း လိုအပ်သည့် ဆန်၊ ၀က်၊ ကြက်၊ အစရှိသည့် စားသောက်ကုန်တချို့ကို မြန်မာဘက်မှ နယ်စပ် ဖြတ်ပြီး တင်သွင်းလေ့ရှိသည်။
သတင်းတိုများ

အာဇာနည်နေ့ အခမ်းအနား သတင်းယူခွင့် ကန့်သတ်

အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ကျင်းပမည့်  ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အတွက် ဂျာနယ်တိုက် ၁၀ ခုသာ တက်ရောက် သတင်းယူခွင့် ရမည်ဟု သိရသည်။ ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် ပြုလုပ်မည့် အခမ်းအနားသို့ သွားရောက် သတင်းယူခွင့် မရသော ဂျာနယ် အများစုမှာ သတင်းဂျာနယ်များ ဖြစ်သည်ဟု အခမ်းအနား ဦးစီး ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ အာဇာနည်ဗိမာန်တွင် ဂါရ၀ပြုရန် ဖိတ်ကြားခံထားရသူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်ဟု ဆိုသည်။ အများပြည်သူ ဂါရ၀ပြုရန် သတ်မှတ်ထားသည့် အချိန်မှာ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်သည်။
သတင်းတိုများ

နေပြည်တော် ဆောက်လုပ်ရေးလုပ်ငန်းများ ၃ လ နား

နေပြည်တော်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများကို ဇူလိုင်လဆန်းမှ စတင်၍ ၃ လ ရပ်နားလိုက်ကြောင်း သိရသည်။ ဘတ်ဂျက်လျှော့ချရေး အစီအစဉ်အရ အရေးမကြီးသေးသော တည်ဆောက်ရေးစီမံကိန်းများကို ရပ်နားခြင်းဖြစ်ကြောင်း၊ ဒု ဝန်ကြီးအိမ်ရာများ၊ နေပြည်တော် လေဆိပ်စီမံကိန်းတို့မှအပ ကျန် တည်ဆောက်ရေး လုပ်ငန်းများကို ရပ်နားထားကြောင်း သိရှိရသည်။
Page 10 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်