သတင်းတိုများ

သတင်းတိုများ

ဒု သမ္မတ တရုတ်ပြည်သွားမည်

ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် လာမည့်ရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်မည်ဖြစ်ကြောင်း လွှတ်တော်အသိုင်းအဝန်းမှ ကြားသိရသည်။ ယခင် စစ်အစိုးရ လက်ထက်က စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူခဲ့သော ဦးတင်အောင်မြင့်ဦးသည် လာမည့် တရုတ်ပြည် ခရီးစဉ်တွင် ဧရာဝတီ မြစ်ဆုံကိစ္စကို တရုတ်အစိုးရနှင့် ဖြေရှင်းဖွယ်ရှိပြီး ၎င်းနှင့်အတူ အမှတ် ၁ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ၀န်ကြီးအပါအ၀င် တခြားသော ပြည်ထောင်စုဝန်ကြီး တချို့ကိုပါ ခေါ်ဆောင်သွားမည် ဟု သိရသည်။ ယင်း တရုတ်ပြည်သွားမည့် ရက်ကိုမူ အတိအကျ မသိရသေးပေ။
သတင်းတိုများ

လွှတ်တော်သတင်းထောက်များ၏ နောက်ကြောင်းရာဝဇင်ကို စုံစမ်း

လွှတ်တော်တွင် သတင်းယူသော စာနယ်ဇင်းသမားများ၏ နောက်ကြောင်းကို မြန်မာနိုင်ငံသတင်းတပ်ဖွဲ့က လိုက်လံ စစ်ဆေးနေကြောင်း သိရသည်။ သတင်းထောက်များ၏ နေအိမ်နှင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးရုံးများသို့ သတင်းတပ်ဖွဲ့မှ သွားရောက်မေးမြန်းမှုများ ပြုလုပ်နေသည်။ သတင်းထောက်များသည် လွှတ်တော်တွင် သွားရောက် သတင်းယူရန် စာပေစိစစ်ရေးရုံးသို့ ကိုယ်ရေးအကျဉ်း လျှောက်လွှာ ဖြည့်စွက်ရပြီး အဆိုပါ ကိုယ်ရေးအကျဉ်းများ မှန်ကန်မှုရှိမရှိနှင့် မည်သည့် ဂျာနယ်မှ သတင်းထောက် ဟုတ်မဟုတ် လိုက်လံစစ်ဆေးခြင်းဖြစ်နိုင်ကြောင်း သိရသည်။
သတင်းတိုများ

ပိတ်ဆို့မှု ဖယ်ရှားရေး မြန်မာအစိုးရ ပိုမိုလုပ်ဆောင်ပြရန် လိုသေး

မြန်မာအစိုးရအနေဖြင့် မကြာသေးမီက အပြုသဘောဆောင်သော လုပ်ဆောင်မှုများ ရှိသော်လည်း စီးပွားရေး ပိတ်ဆို့အရေးယူမှု ဖယ်ရှားပေးရေးအတွက် ထို့ထက် ပို၍ လုပ်ဆောင်ပြရန် လိုအပ်သေးကြောင်း အမေရိကန်က ပြောဆိုလိုက်သည်။ နယူးယောက်မြို့သို့ လာရောက်ခဲ့သော မြန်မာနိုင်ငံခြားရေးဝန်ကြီးက အမေရိကန် အရာရှိများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေး ပြောဆိုခဲ့ခြင်းကို ရည်ညွှန်း၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့တွင် ပြောဆိုခြင်းဖြစ်သည်။
သတင်းတိုများ

မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး အဖွဲ့ ဖွဲ့စည်း

မွန်ပြည်သစ်ပါတီ(NMSP)က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ၎င်းအဖွဲ့သည် မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် အောက်တိုဘာ လလယ်ခန့်တွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် မျှော်လင့်ရသည်ဟု NMSP နှင့် နီးစပ်သူကပြောသည်။ ဆွေးနွေးရာ၌ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC)၏ မူအတိုင်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရ သည်။ UNFC ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နှင့် တခြားသော နိုင်ငံရေးလှုပ်ရှားသည့် အဖွဲ့၆ ဖွဲ့တို့ပူးပေါင်း၍ ယခုနှစ် ဖေဖော်ဝါရီလ က စတင် ဖွဲ့စည်းခဲ့သည်။ UNFC အဖွဲ့ဝင်များသည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာ၌ တဖွဲ့ချင်းမဆွေးနွေးဘဲ အားလုံးနှင့် ဆွေးနွေးရန် မူဝါဒ ချမှတ်ထားသည်။
သတင်းတိုများ

ထိုင်းဝန်ကြီးချုပ်က မြန်မာနှင့် စီးပွားရေးကိစ္စများ ပူးတွဲ ဆောင်ရွက်နိုင်ရန် မျှော်လင့်

ထိုင်းဝန်ကြီးချုပ်သစ် မစ္စ ယင့်လပ် ရှင်နာဝပ်က နက်ဖြန်တွင် မြန်မာပြည်ကို ပထမဆုံးအကြိမ် သွားရောက်မည် ဖြစ်ကာ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ စီးပွားရေးကိစ္စများ ဆက်သွယ် ဆောင်ရွက်ရန် ပြောဆိုနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း သြစတေးလျ အခြေစိုက် ABC သတင်းတွင် ရေးသားထားသည်။ မစ္စ ယင့်လပ်သည် မြန်မာသမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည် ဆောက်လုပ်ရေးကိစ္စကို ရပ်ဆိုင်းမည်ဟု ပြောခဲ့ပြီး တရုတ်အစိုးရဘက်က ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်ကို ဝေဖန်ချိန်တွင် မြန်မာပြည်သို့ သွားရောက်မည်ဖြစ်သည်။
သတင်းတိုများ

ကယားပြည် ရေကာတာစီမံကိန်း ၃ ခု ရပ်ရန် တောင်းဆို

ကယား(ကရင်နီ)ပြည်နယ် အတွင်း မြန်မာအစိုးရနှင့် တရုတ် ကုမ္ပဏီတို့ တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်း ၃ ခုကို ရပ် ဆိုင်းပေးရန် ကရင်နီ ဖွံ့ဖြိုးရေး သုတေသနအဖွဲ့က တောင်းဆိုလိုက်သည်။ မိုးဗြဲရေကာတာ ရေဖောက်ချ၍ ကယားပြည်နယ် လွိုင် ကော်မြို့နှင့် အနီးဝန်းကျင်ရွာများ ရေလွှမ်းခံနေရသည်မှာ တလကျော် ကြာလျက်ရှိရာ ထပ်မံရေလွှမ်းမှုဒဏ် ခံရမည်ကို ဒေသခံများက စိုးရိမ်သောကြောင့် တောင်းဆိုရခြင်းဖြစ်သည်ဟု ဆိုသည်။ ရပ်ဆိုင်းစေလိုသည့် စီမံကိန်းများမှာ သံလွင် မြစ်ပေါ်ရှိ ရွာသစ် ရေ ကာတာ၊ ပွန် ချောင်းပေါ်ရှိ ပွန်ချောင်း ရေကာတာ၊ သဘက်ချောင်းပေါ်ရှိ သဘက်ချောင်း ရေကာတာ တို့ ဖြစ်ကြောင်း ယင်းအဖွဲ့၏ ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်၌ ပါရှိသည်။
သတင်းတိုများ

အစိုးရ နှင့် ၀ အဖွဲ့ ပထမ အကြိမ် ငြိမ်းချမ်းရေး ဆွေးနွေး

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ၀ အထူးဒေသ၂ အဖွဲ့တို့သည် အောက်တိုဘာ ၁ ရက်နေ့က ရှမ်းပြည်နယ် လားရှိုးမြို့တွင် ပထမအကြိမ် ငြိမ်းချမ်းရေး ကိစ္စများ ဆွေးနွေးသည်။ ဆွေးနွေးရာတွင် နှစ်ဘက် ဆက်ဆံရေးရုံးများ ပြန်လည်ဖွင့်လှစ်ရေး၊ မူး ယစ်ဆေးဝါး ပပျောက်ရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး၊ စီးပွားရေး အခြေခံများ စီမံဆောင်ရွက်ပေးရေး ကိစ္စများလည်း ပါဝင်သည်။ အစိုးရဘက်က တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းနှင့် ၉ ဦး ၊ ၀ ဘက်က ဒု ဥက္ကဋ္ဌ ဦးရှောက် မင်လျံနှင့် အဖွဲ့ဝင် ၁၅ ဦးတို့ တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
သတင်းတိုများ

မြစ်ကြီးနားတွင်ဗုံးကွဲ၊ လူတဦးသေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနာမြို့ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန (ကညန) ရုံးအနီးတွင် ယမန်နေ့ ည ၈ နာရီခွဲ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူတဦးသေဆုံး သွားသည်။ ဒေသခံများ၏ အဆိုအရ ကညန ရုံးအနီးတွင် ဗုံးထောင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၎င်းဗုံးထောင်သူပင် သေဆုံးသွားခြင်း ဖြစ်သည်ဟု သိရသည်။
သတင်းတိုများ

တိုင်းရင်းသား ၅ ပါတီ ကြေညာချက်ထုတ်

နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အမြန်ဆုံးခေါ် ယူရန် ရွေးကောက်ပွဲဝင် တိုင်းရင်းသား ညီနောင် ၅ ပါတီက ယမန်နေ့က ကြေညာချက်တစောင် ထုတ်ပြန်တောင်းဆိုလိုက်သည်။ အဆိုပါ ကြေညာချက်တွင် အစိုးရသစ် ဦးဆောင်မှုဖြင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ၊ ဂုဏ်သိက္ခာရှိ ပုဂ္ဂိုလ်များ၊ ပညာရှင်များ ပါဝင်သော ငြိမ်းချမ်းရေးကော်မတီ ဖွဲ့စည်းကာ ငြိမ်းချမ်းရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရန်နှင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံးပြန်လွှတ် ပေးရန် တောင်းဆိုမှုများ ပါရှိသည်။
သတင်းတိုများ

မြစ်ဆုံဆည်စီမံကိန်း ရပ်တံ့မည်ကို ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

သမ္မတဦးသိန်းစိန်၏ မြစ်ဆုံဆည်စီမံကိန်း ရပ်တံ့မည်ဟု လွှတ်တော်သို့ သဝဏ်လွှာပို့သည်ကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်သည်။ ယနေ့နေ့လယ်က အလုပ်သမားရေးရာဝန်ကြီး ဦးအောင်ကြည်နှင့် ရန်ကုန် စိမ်းလဲ့ကန်သာ ရိပ်သာတွင် တွေ့ဆုံစဉ်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ယနေ့ ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာတွင် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရေးကိစ္စ၊ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးကိစ္စ။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထာဝရငြိမ်းချမ်းရေး ကိစ္စ၊ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စရပ်များအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းတိုများ

ဦးသိန်းစိန်အစိုးရလက်ထက် မြစ်ဆုံစီမံကိန်း ရပ်ထားမည်ဟုဆို

ကချင်ပြည်နယ်အတွင်း တည်ဆောက်နေသော ဧရာဝတီမြစ်ဆုံ စီမံကိန်းအား မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်း ထားတော့မည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က လွှတ်တော်အစည်းအဝေးသို့ သ၀ဏ်လွှာ ပေးပို့ခဲ့သည်ဟု Eleven Media အွန်လိုင်း စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။
သတင်းတိုများ

ဂျပန်ခရီးသွားဧည့်သည်တဦး အသတ်ခံရ

Chiharu Shiramatsu အမည်ရှိ အသက် ၃၁ နှစ်အရွယ် ဂျပန် ခရီးသွားဧည့်သည် တဦး ကျောက်ပန်းတောင်း မြို့အနီးတွင် ယမန်နေ့က အသတ် ခံရသောကြောင့် ၎င်းစီးနင်းလာသော ဆိုင်ကယ်တက္ကစီမောင်းသူကို ဖမ်းဆီး ထားကြောင်း မြန်မာ အာဏာပိုင်များက ပြောဆိုလိုက်သည်။ အသက် ၃၉ နှစ်အရွယ်ရှိ ကိုမင်းသိုက် ဆိုသူ ဆိုက်ကယ်တက္ကစီ မောင်းသမားသည် ဂျပန်အမျိုးသမီးအား ရှုခင်းများကို လိုက်လံပြသစဉ် မတရားပြုကျင့်ရန်ကြိုးစား၍ သတ်လိုက်ခြင်းဖြစ်ကြောင်း အာဏာပိုင် တဦးက AFP သတင်း ဌာနသို့ တရားဝင်ပြောကြားလိုက်သည်ဟု သိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တတိယအကြိမ်တွေ့မည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ် အလုပ်သမားရေးရာ ၀န်ကြီးဋ္ဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဦးအောင်ကြည်တို့ မနက်ဖြန် နေ့လယ် ၁ နာရီတွင် စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာ၌ တတိယအကြိမ် တွေ့ဆုံဆွေးမည်ဟု NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းထံမှ သိရသည်။
သတင်းတိုများ

မစ္စတာ ဘန်ကီမွန်းနှင့် ဦးဝဏ္ဏမောင်လွင်တို့ မြန်မာ့အရေး အပြန်အလှန်တောင်းဆို

ကုလ အထွေထွေအတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပနေသည့် ၆၆ ကြိမ်မြောက် ကုလ အထွေထွေညီလာခံအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တိုင်းပြည် အပြောင်းအလဲ အတွက် အင်တိုက်အားတိုက်ဖော်ဆောင်ရန်နှင့် တွေ့ဆုံဆွေးနွေးမှု၏ တိုးတက်မှုကို ပြသလိုပါက ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် ယမန်နေ့က တိုက်တွန်းခဲ့သည်။ ဦးဝဏ္ဏမောင်လွင်ကမူ နိုင်ငံတကာ အသိုင်းအဝန်း၏ စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားပေးရေးကို ပြန်လည် တောင်းဆိုခဲ့ကြောင်း သိရသည်။
သတင်းတိုများ

အင်္ဂါဝတ်ပြုဆုတောင်းပွဲ ငြိမ်းချမ်းစွာ ပြီးစီး

ရွှေတိဂုံစေတီတော် တနင်္လာထောင့်အနီးတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ဝန်းကျင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် မေတ္တာပို့ ဝတ်ပြုဆုတောင်းပွဲ တရပ် ငြိမ်းချမ်းစွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆုတောင်းပွဲကို နော်အုန်းလှ ဦးဆောင်သော အင်္ဂါ ၀တ်ပြုဆုတောင်းအဖွဲ့က စီစဉ်ခဲ့ခြင်းဖြစ်ပြီး လူ ၃၀ နီးပါး ပါဝင်ဆုတောင်းခဲ့သည်။ ယမန်နေ့က စက်တင်ဘာ ရွှေဝါရောင် ၄ နှစ်မြောက် ဆုတောင်းပွဲကို ဆူးလေစေတီတွင် ပြုလုပ်ခဲ့ပြီး လူ ၂၀၀ ခန့်တို့ ဆန္ဒထုတ်ဖော် လမ်းလျှောက်ခဲ့ကြသည့်အတွက် နော်အုန်းလှအား အာဏာပိုင်များက ဖမ်းဆီးခဲ့သည့်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သတင်းများ မမှန်ကန်ပေ။
သတင်းတိုများ

မြန်မာ့အရေး ကုလ ၀င်ရှင်းရန် KIO တောင်းဆို

ဧရာဝတီမြစ်တွင် ဆည်များ တည်ဆောက်နေခြင်းကို ကချင်လူထုနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) က သဘောမတူကြောင်း KIO က ကုလသမဂ္ဂသို့  တနင်္လာနေ့ရက်စွဲဖြင့် ပေးပို့သည့် စာတွင် ဖော်ပြထားသည်။  အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေးအတွက် ကုလသမဂ္ဂ၏ ၀င်ရောက်ဖြေရှင်းမှု လိုအပ်သည်ဟု စာတွင် ရေးသားထားသည်။
သတင်းတိုများ

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်း လွှတ်တော်တွင် တင်သွင်း

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကြမ်းတရပ်ကို ယမန်နေ့က ကျင်းပခဲ့သော လွှတ်တော် အစည်းအဝေး၌ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကို က တင်သွင်းခဲ့ကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများ၌ ရေးသားထားသည်။ အဆိုပါ ဥပဒေကြမ်းအား မည်သည့်ရက်၌ ဆွေးနွေးသွားမည် ဆိုသည်ကိုမူ မသိရသေးပေ။
သတင်းတိုများ

NLD ၂၃ နှစ်ပြည့် ကျင်းပ

ယနေ့ NLD ရုံးချုပ်တွင် ကျင်းပခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စတင်တည်ထောင်ခြင်း ၂၃ နှစ်ပြည့် အခန်းအနားတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးမူအပေါ် အခြေခံ၍ ပျော့ပြောင်းစွာ လျှောက်လမ်းသွားမည်ဖြစ်ကြောင်း၊ အားလုံးစုပေါင်း၍ ညီညွတ်ကြရန် လိုအပ်ကြောင်း ပြောသည်။ ထိုအခန်းအနားကို နိုင်ငံရေး အဖွဲ့အစည်း အသီးသီးနှင့် မီဒီယာအသီးသီးမှ လူပေါင်း ၆၀၀ ကျော် တက်ရောက်ခဲ့သည်။
သတင်းတိုများ

လမ်းလျှောက်သူများလူစုခွဲပြီး ဆူးလေဘက် ပြန်ထွက်လာ

မြောက်ဥက္ကလာဘက်သို့ လမ်းလျှောက်သွားသော လူ ၂၀၀ ခန့်မှာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မိုးလေဝသ ဌာနရှေ့တွင် အာဏာပိုင်များ၏ တားမြစ်မှုကြောင့် ခေတ္တ ပိတ်မိသွားပြီး ရန်ကုန်မြို့ထဲသို့ ကားများဖြင့် ပြန်လည်လူစုခွဲ ထွက်ခွာခဲ့ကြသည်။ လူစုခွဲ လမ်းလျှောက်လျှက်ရှိသော အဖွဲ့အသီးသီးတို့သည် ဆူးလေဘုရားတွင် ပြန်လည်ဆုံကြမည်ဖြစ်ကြောင်း သိရသည်။ ယခုလက်ရှိ ဆူးလေဘုရားပေါ်တွင် တီရှပ် အဝါဝတ် လူ ၂၀ ခန့်တို့ ထိုင်နေကြကြောင်း၊ မြို့တော်ခန်းမရှေ့တွင် ရဲကား ၅ စီးနှင့် အချုပ်ကားတစီး ရပ်ထားကြောင်း မျက်မြင်တဦးက ပြောသည်။
သတင်းတိုများ

လူ ၂၀၀ ခန့် ဆူးလေမှ မြောက်ဥက္ကလာသို့ စုရုံးလမ်းလျှောက်

အဝါရောင်တီရှပ်ဝတ် လူ ၂၅ ဦးခန့် အပါအဝင် လူပေါင်း ၂၀၀ ခန့်တို့ ရန်ကုန်ဆူးလေစေတီမှ စတင်၍ ကမ္ဘာအေး ဘုရားလမ်း အတိုင်း မြောက်ဥက္ကလာ ဘက်သို့ စုရုံး လမ်းလျှောက်သွားကြောင်း သိရသည်။ လက်ပတ်အနီ ပတ်ထားသော ရဲများ၊ လုံထိန်းများစွာ ဆူးလေဝန်းကျင်တွင် စုရုံး၍ အသင့်အနေအထား ရှိနေကြောင်း မျက်မြင်များက ပြောသည်။
Page 2 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်