သတင်းတိုများ

သတင်းတိုများ

ရွှေဝါရောင်နှစ်ပတ်လည် အခမ်းအနားများကျင်းပ

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့်တွင် ကွယ်လွန်သူများအား ရည်စူး၍ ၀ါဆိုသင်္ကန်းကပ်ခြင်းနှင့် မူလတန်း ကလေးများအား စာရေးကိရိယာ လှူဒါန်းခြင်းတို့ကို ယနေ့နံနက်က ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ်ရှိ ပစ္ဆိမာရုံ (မြိတ်) ကျောင်းတိုက်တွင် ကျင်းပခဲ့ရာ နိုင်ငံရေးနယ်ပယ် အသီးသီးမှ တက်ရောက်လာသူ ၁၀၀၀ ခန့်ရှိသည်ဟု ဦးဆောင်ကျင်းပသူ တဦးက ဆိုသည်။ အလားတူ ဒဂုံမြို့သစ် တောင်ပိုင်းရှိ မကွေးကျောင်းတိုက်တွင် လည်းကောင်း၊ ထိုင်းနိုင်ငံ အုန်းဖျန် ဒုက္ခသည်စခန်းရှိ ကမ္ဘာလုံးချမ်းသာ ဘုန်တော်ကြီးကျောင်းတွင် လည်းကောင်း၊ ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် ချင်းမိုင်မြို့တို့တွင်သာမက နိုင်ငံအသီးသီးတွင် ရောက်ရှိနေကြသော မြန်မာ့ဒီမိုကရေစီ အင်အားစုများကလည်း သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင် ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် အထိမ်းအမှတ်ပွဲများ ကျင်းပကြမည်ဟု သိရသည်။
သတင်းတိုများ

မြန်မာ့စီးပွားရေး ၈.၈ ရာခိုင်နှုန်း တိုးတက်ရန် မျှော်မှန်း

မြန်မာ့စီးပွားရေး တိုးတက်နှုန်း ယခုနှစ်တွင် ၈.၈ ရာခိုင်နှုန်းရှိမည်ဟု မျှော်မှန်းထားကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်း က ပြောသည်။ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် ကျင်းပသော နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ် နှစ်ပတ်လည် အစည်းအဝေးတွင် ဦးလှထွန်းက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။ မြန်မာပြည် နိုင်ငံခြားငွေလှဲလှယ်နှုန်း ပြင်ဆင်သတ်မှတ်ရေးတွင် IMF က ပေးမည့် အကူအညီများ အတွက်လည်း ကျေးဇူးတင်ကြောင်း ဦးလှထွန်းက ပြောသည်။
သတင်းတိုများ

အောင်ဆန်းပင်လုံစာဖတ်ခန်း ဖွင့်

ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်သည့် အောင်ဆန်းပင်လုံစာဖတ်ခန်း ဖွင့်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားသည်။ အခမ်းအနားသို့ လူ ၅၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာ ဆက်ဆံရေး ဆုရရှိ

ဗြိတိန်နိုင်ငံမှ နိုင်ငံတကာရေးရာ တော်ဝင် အင်စတီကျုက ဒေါ်အောင်ဆန်းစုကြည်အား Chatham House ဆုကို ပေးအပ်ချီးမြင့်ကြောင်း ကြေညာသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာ ဆက်ဆံရေး တိုးမြင့်မှုတွင် ထူးခြားစွာ ဆောင်ရွက်နိုင်မှုကြောင့် ချီးမြင့်ခြင်း ဖြစ်သည်ဟု သိရသည်။ လန်ဒန်မြို့တွင် ဒီဇင်ဘာ ၁ ရက်နေ့၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်ဒလင်း အောလ်ဘရိုက်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဆုကို လက်ခံရယူမည် ဖြစ်သည်။
သတင်းတိုများ

KIA က ရဲဘက်စခန်းကိုစီးနင်း၊ အကျဉ်းသားများကို လွှတ်ပေး

ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တပ်မဟာ (၄) လက်အောက်ခံ၊ တပ်ရင်း (၉) သည် မူဆယ်-လားရှိုး လမ်းမအနီးရှိ ရွှေပြည်သစ် ရဲဘက်စခန်းကို တိုက်ခိုက်ပြီး အကျဉ်းသားများကို ယမန်နေ့က လွှတ်ပေးလိုက်ကြောင်း သိရသည်။ KIA က ရဲဘက်စခန်း အနီးမှ ဖြတ်သန်း သွားလာစဉ် တာဝန်ကျ ရဲများက စတင်ပစ်ခတ်သောကြောင့် ရဲဘက်စခန်းကို တိုက်ခိုက်စီးနင်း ခဲ့ကြောင်း၊ ပြန်လွှတ်ပေးလိုက် သူများတွင် နိုင်ငံရေးအရ ဖမ်းဆီးခံရသူများပါကြောင်း Kachinland News သတင်းတွင် ဖော်ပြထားသည်။ KIA က စခန်းမှူးနှင့် ရဲတပ်သား များကိုလည်း ဖမ်းဆီးရမိသည်ဟု သိရသည်။
သတင်းတိုများ

အရှေ့တောင်အာရှ သြဇာအရှိဆုံး စီးပွားရေးသမားထဲတွင် မြန်မာ ၂ ဦးပါ

အရှေ့တောင်အာရှမှ သြဇာအရှိဆုံး စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် အမှုဆောင် အရာရှိများကို Wall Street Journal က စာရင်း ထုတ်ပြန်လိုက်ရာ မြန်မာနိုင်ငံမှ ဦးတေဇနှင့် စတီဗင်လော (ခ) ဦးထွန်းမြင့်နိုင်တို့ ၂ ဦး ပါဝင်သည်။ အရှေ့တောင် အာရှသား ၃၀ အနက် ထူး စီးပွားရေး လုပ်ငန်းများ ပိုင်ရှင် ဦးတေဇက နံပတ် ၁၂ ဖြစ်ပြီး အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် စတီဗင်လောက နံပတ် ၃၀ ဖြစ်သည်။ ၎င်းတို့ ၂ ဦးစလုံး အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွင် အမည်ပျက်စာရင်း သွင်းခံရသူများ ဖြစ်သည်။
သတင်းတိုများ

နျူလက်နက် ပိုင်ဆိုင်ရေး ငွေကြေးအင်အား မရှိ

မြန်မာအနေဖြင့် နျူကလီးယား လက်နက်ပိုင်ဆိုင်ရန် ငွေကြေးအင်အား မရှိကြောင်းနှင့် စစ်လက်နက် မပြန့်ပွားရေးကို ထောက်ခံကြောင်း မြန်မာအစိုးရကိုယ်စားလှယ် ဦးတင်ဝင်းက နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ နှစ်ပတ်လည် ဆွေးနွေးပွဲတွင် ယမန်နေ့က ပြောသည်။
သတင်းတိုများ

အသင်းအဖွဲ့များ ထူထောင်ရေး ဥပဒေ ရေးဆွဲဦးမည်

လတ်တလောတွင် အသင်းအဖွဲ့ သမဂ္ဂများ ထူထောင်ခွင့်ပြုရန် အစီအစဉ်မရှိသေးကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဆန်းက ယမန်နေ့က လွှတ်တော်တွင် ပြောသွားသည်။ အမတ်တဦးက တောင်သူလယ်သမားအဖွဲ့ ဖွဲ့စည်းရန် ရှိမရှိ မေးမြန်းရာတွင် ဦးကျော်ဆန်းက ပါလီမန်ဒီမိုကရေစီခေတ် အစည်းအရုံးများအကြောင်း အစချီ၍ ရှည်လျားစွာ ပြောဆိုပြီးနောက် ယင်းသမိုင်းကြောင်းများကို သုံးသပ်ပြီး ဥပဒေရေးဆွဲခြင်း၊ လွှတ်တော်တွင် အတည်ပြုခြင်း၊ ကိုယ်စားပြု အဖွဲ့များဖွဲ့စည်းခြင်းတို့ကို ဥပဒေပြဌာန်းပြီးမှ တဆင့်ချင်း လုပ်ဆောင်ရမည်ဟု ပြောသွားသည်။
သတင်းတိုများ

စစ်မှန်သော အပြောင်းအလဲ မြင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာအစိုးရသစ် တက်လာပြီးနောက် မကြာမီကာလအတွင်း စစ်မှန်သော အပြောင်းအလဲ လက္ခဏာများ မြင်နေရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ အမေရိကန် နယူးယောက်မြို့တွင် ကျင်းပပြီး နိုင်ငံခေါင်းဆောင်များ တက်ရောက်သော Clinton Global Initiative ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည်က ဂြိုလ်တုဆက်သွယ်ရေးမှတဆင့် မိန့်ခွန်းပြောကြားခြင်း ဖြစ်သည်။ နိုင်ငံတကာက မြန်မာကို ကူညီလိုလျှင် မြန်မာပြည်တွင်း လက်ရှိဖြစ်ပျက်နေသည်များကို သိရှိရန် လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သတင်းတိုများ

ကလေးစစ်သား မရှိဟု ကာကွယ်ရေးဝန်ကြီး ငြင်းဆိုပြန်

အစိုးရစစ်တပ်တွင် မည်သည့်အခါကမှ အရွယ်မရောက်သူများကို စစ်သားအဖြစ် အသုံးမပြုခဲ့ဟု ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးလှမင်းက ပြောဆိုလိုက်သည်။ ဒု ဗိုလ်ချုပ်ကြီးလှမင်းက အနောက်တောင်တိုင်းနှင့် အနောက်တိုင်း စစ်ဌာနချုပ်များသို့ ခရီးစဉ်တွင် ယင်းသို့ ပြောခြင်းဖြစ်သည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည်သာ တအိမ်ထောင် တပ်သားတဦးနှုန်းဖြင့် အရွယ်မရောက်သေးသူများကိုပါ အဓမ္မစုဆောင်းနေသည်ဟုလည်း စွပ်စွဲပြောဆိုသွားသည်။ ပြီးခဲ့သည့် သြဂုတ်လအစောပိုင်းက မြန်မာကလေးစစ်သားအရေးကို အမေရိကန်လွှတ်တော်တွင် ကြားနာခဲ့သေးသည်။
သတင်းတိုများ

မြစ်ဆုံ စီမံကိန်း လူထုသို့ ချပြရန် ပါတီ ၁၀ ခု တိုက်တွန်း

ဧရာဝတီ မြစ်ဆုံ ရေကာတာစီမံကိန်းနှင့် ပတ်သက်၍ အစိုးရအနေဖြင့် ပြန်လည်သုံးသပ်ပြီး လူထုသို့ချပြရန် ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီ ၁၀ ခုက ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။ အမျိုးသားဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ စသည့် ပါတီ ၁၀ ခုက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
သတင်းတိုများ

မြန်မာလွှတ်တော်ကို AIPA တင်းပြည့်အဖွဲ့ဝင်အဖြစ် လက်ခံ

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ယမန်နေ့က ကျင်းပသော အာဆီယံ ပါလီမန်များဆိုင်ရာ ညီလာခံ (AIPA) က မြန်မာလွှတ်တော်ကို AIPA တင်းပြည့်အဖွဲ့ဝင်အဖြစ် လက်ခံလိုက်သည်။ မြန်မာကို AIPA လေ့လာသူနိုင်ငံအဖြစ်မှ တင်းပြည့်အဖွဲ့ဝင်အဖြစ် တိုးမြှင့်လက်ခံလိုက်ခြင်းဖြစ်သည်။ ယင်းအခမ်းအနားသို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် တက်ရောက်သည်။
သတင်းတိုများ

မြစ်ဆုံအရေး တကိုယ်တော် ဆန္ဒပြသူ အဖမ်းခံရ

ရန်ကုန်မြို့ တရုတ်သံရုံး ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာနရှေ့တွင် ဧရာဝတီမြစ်ဆုံဆည် ရပ်တန့်ရေး တကိုယ်တော် ဆန္ဒပြသူကို အာဏာပိုင်များက ယမန်နေ့တွင် ဖမ်းဆီးသွားသည်။ ကြွေးကြော်အော်ဟစ်ခြင်းမရှိဘဲ Stop Irrawaddy Dam စာတမ်းကိုင်ဆောင် ဆန္ဒပြသူကို လုံခြုံရေးများက စစ်ဆေးမေးမြန်းသောအခါ ၎င်း၏ အမည်မှာ ကိုအောင်သိန်းလှ ခေါ် ကျော်ဝင်းဖြစ်သည်ဟု ပြောကြောင်း မျက်မြင်သက်သေ တဦးက ပြောသည်။ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင်မူ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းက ထိုဖမ်းဆီးမှုကို မသိရှိကြောင်း ဖြေကြားသည်။
သတင်းတိုများ

သန်လျင် Gas အိုးဆိုင် မီးလောင် ပေါက်ကွဲမှုကြောင့် ရပ်ကွက် အထိတ်တလန့်ဖြစ်

ယမန်နေ့ညနေ ၅ နာရီခန့်က ရန်ကုန်တိုင်း သန်လျင်မြို့နယ် အောင်ချမ်းသာကုန်းထိပ်ရှိ ဆိုင်တန်းတွင်ဖွင့်ထားသော ဆိုင်ကယ်ပြင်ဆိုင်မှ စတင်ကာ Gas အိုးဆိုင်ကို မီးကူးပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ရပ်ကွက်နေပြည်သူ အများ အထိတ်တလန့်ဖြစ်ခဲရကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် ဆိုင် ၃ ဆိုင်ခန့် မီးထဲပါသွားကြောင်း၊ မီးသတ်ကားများ အချိန်မီရောက်လာသဖြင့် လျင်မြန်စွာ မီးငြှိမ်းသတ် နိုင်ခဲ့သော်လည်း ရုံးဆင်းချိန် ဖြစ်သောကြောင့် လမ်းမကြီးပေါ်တွင် ကားလမ်း ၁ နာရီခန့် ပိတ်သွားခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။
သတင်းတိုများ

သက်တမ်းလွန်ကားများ အပ်နှံမှု စတင်လက်ခံ

မှတ်ပုံတင် သက်တမ်းလွန် ကားများကို ယမန်နေ့က စတင်လက်ခံရာ တိုင်းနှင့် ပြည်နယ် ရုံး ၁၈ ရုံးတွင် လာရောက် အပ်နှံသည့်ကား ၃၈၁ စီး ရှိသည်ဟု သိရသည်။ နေပြည်တော် ကညနရုံးတွင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ဝန်ကြီးအဖွဲ့က သက်တမ်းလွန်ကားများ အပ်နှံမှုအတွက် အစားထိုးတင်သွင်းရန် သွင်းကုန်ပါမစ်လျှောက်ထားရေးများကို ရှင်းလင်းပြောကြားကြောင်း သိရသည်။
သတင်းတိုများ

နော်ဝေအစိုးရအကူအညီဖြင့် အင်းလေးကန် ထိန်းသိမ်းရေးလုပ်မည်

အင်းလေးကန် ညစ်ညမ်းလာခြင်းမှား လူဦးရေတိုးလာခြင်း၊ ဟိုတယ် စားသောက်ဆိုင်များ များလာခြင်း၊ ခရီးသွားလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများလာခြင်းတို့ကြောင့် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်းက လွှတ်တော်တွင် ပြောကြားသွားသည်။ အင်းလေးကန် ထိန်းသိမ်းရေး နှစ်ရှည်စီမံကိန်းတခုကို နော်ဝေအစိုးရ၏ ပံ့ပိုးမှုနှင့် အကောင်အထည်ဖော်ရန်စီစဉ်နေကြောင်းလည်း ၎င်းက ပြောသွားသည်။
သတင်းတိုများ

မြန်မာသည် ဆင်ဆာ အတင်းကြပ်ဆုံး နိုင်ငံဖြစ်နေဆဲ

မြန်မာအစိုးရသစ်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ စတင်အကောင်အထည် ဖော်နေသည် ဆိုသော်လည်း ကမ္ဘာပေါ်တွင် ဆင်ဆာအတင်းကြပ်ဆုံး နိုင်ငံတခုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း စာနယ်ဇင်းသမားများ ကာကွယ်ရေး ကော်မတီ (CPJ) က ထုတ်ပြန်ကြေညာလိုက်သည်။ စာနယ်ဇင်းသမားများ၏ လှုပ်ရှားမှုကို စောင့်ကြည့်ခြင်း၊ ဖုန်းများကြားဖြတ်နားထောင်ခြင်း၊ ဆင်ဆာကြိုတင်ရခြင်းများကြောင့် အပတ်စဉ်ထုတ် စာစောင်များအဖြစ်သာ ရပ်တည်နေရဆဲဖြစ်သည်ဟု CPJ ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
သတင်းတိုများ

ကျောက်ဖြူ အိမ်ခြံမြေဈေး အဆမတန်မြင့်တက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ဆက်စပ်၍ အချက်အချာကျသည့် မြေနေရာများ ဈေးနှုန်းအဆမတန် မြင့်တက်နေပြီး ယခင်က ကျပ်သိန်း ၂၀၀ ၀န်းကျင် မြေတကွက်လျှင် ယခုအခါ ကျပ်သိန်း ၇၀၀ မှ ၁၀၀၀ ထိဈေး ပေါက်နေကြောင်း၊ အိမ်ငှားခဈေးနှုန်းများမှာလည်း ယခင် ကျပ် ၅ သောင်းခန့် ပေါက်သော အိမ်ကို ယခုအခါ ကျပ် ၂ သိန်းခွဲ၊ ၃ သိန်းအထိ ပေးနေကြရကြောင်း၊ ဈေးမြင့်သွား၍ ဒေသခံများ အိမ်မငှားနိုင်ကြတော့ကြောင်း သိရသည်။ ကျပ် သိန်း ၅၀၀ ခန့်တန်းဖိုးရှိ ကျောက်ဖြူဈေးအနီးမှ နေအိမ်တအိမ်အား ဘဏ်ဖွင့်လှစ်ရန်အတွက် ကမ္ဘောဇ ကုမ္ပဏီက ကျပ်သိန်း ၅၀၀၀ ဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
သတင်းတိုများ

လူမှုကွန်ရက်ဆိုဒ်များ သုံးချိန်မရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

အလုပ်အလွန်များသည့်အတွက် တွစ်တာ ကဲ့သို့သော အင်တာနက် လူမှုကွန်ရက် ဝက်ဘ်ဆိုဒ်များကို မသုံးနိုင်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ လူမှုကွန်ရက်ဆိုဒ်များ သုံးနေလျှင် အချိန်ကုန်များစွာ ကုန်နေမည်ကို စိုးရိမ်မိကြောင်း ဒေါ်အောင်ဆန်းစုကြည်က AFP သို့ ပြောထားသည်။ ယမန်နှစ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က မျိုးဆက်သစ်များနှင့် ထိတွေ့ရန် အင်တာနက် လူမှုကွန်ရက်များ သုံးလိုကြောင်း ပြောကြားခဲ့ဖူးသည်။
သတင်းတိုများ

ပိတ်ဆို့အရေးယူမှု သက်တမ်းတနှစ် ထပ်တိုး

ယမန်နှစ်က အတုအယောင် ရွေးကောက်ပွဲကျင်းပပြီး အစိုးရသစ် ဖွဲ့ပြီးသည့်တိုင် စစ်မှန်သော ဒီမိုကရေစီရရှိရေးနှင့် လူ့အခွင့်အရေးတို့တွင် ပြောင်းလဲတိုးတက်မှု မရှိခြင်းကြောင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုကို အမေရိကန် အထက်လွှတ်တော်က သက်တမ်း တနှစ်တိုးရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ အမေရိကန်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူရန် ၂၀၀၃ ခုနှစ်တွင် ဥပဒေပြဋ္ဌာန်းခဲ့ပြီး နှစ်စဉ် သက်တမ်းတိုးခဲ့သည်။
Page 3 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်