ယာယီနိုင်ငံကူး လက်မှတ်ကိစ္စ ထိုင်းမန်နေဂျာနှင့် မြန်မာအလုပ်သမားများ အချင်းများ

Thursday, 22 October 2009 16:42
Print
ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင် မြို့နယ်ရှိ ONGKORN COLDSTORAGE Co. Ltd ပုစွန်လုပ်ငန်းစက်ရုံ တွင် ပြီးခဲ့သည့် တနင်္လာနေ့က ယာယီနိုင်ငံကူး လက်မှတ်လုပ်ရန် အတွက် အလုပ်သမားများ၏ လုပ်ခလစာကို မတရား ဖြတ်တောက်မှုနှင့် ပတ်သက်ပြီး စက်ရုံမန်နေဂျာနှင့် အလုပ်သမားများ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

ထိုသို့ လုပ်ခလစာဖြတ်မှုအား အလုပ်သမားများကမကျေနပ်၍ ဆန္ဒပြကြရာ အဆိုပါ စက်ရုံမန်နေဂျာက အလုပ်သမားများကို စတင်ရိုက်ပုတ်သဖြင့် ခိုက်ရန်ဖြစ်ပွားကာ ၎င်းသည် စမွတ်စခွန် ဆေးရုံတွင် ဆေးကုသ မှု ခံယူနေရကြောင်း အလုပ်သမားများကပြောဆိုသည်။

“အောက်တိုဘာလ(၁၉)ရက်နေ့ က ဘိုင်ဆလစ်ထွက်လာတော့ ကျနော်တို့ ရမယ့် ပိုက်ဆံထဲက အဆမတန် ဖြတ်ထားတာ တွေ့ ရတယ်၊ ဥပမာဗျာ ၄၅၀၀ ထွက်တဲ့လူကို ၃၀၀၀ ဖြတ်တယ်၊ ၃၀၀၀ ထွက်တဲ့လူကို ၂၀၀၀ ဖြတ်တယ်ဆိုတော့ ကျနော်တို့ ဘာနဲ့ စားတော့မလဲ၊ ဘယ်လိုနေမလဲ၊ ဒါကြောင့် ကျနော်တို့အားလုံး အလုပ် မလုပ်ဘူးဆိုပြီး ဆန္ဒပြကြတာ၊ အဲဒီလိုဆန္ဒပြတာကို ဖုကျကန်း(မန်နေဂျာ)က အလုပ်သမားတွေထဲလာပြီး တန်းစီရိုက်တယ်၊ မခံနိုင်တဲ့အဆုံး ပြန်ရိုက်လို့ သူနာသွားပြီး ဆေးရုံတင်လိုက်ရတယ်၊ အခုဆေးရုံမှာ”ဟု အထက်ပါ ပုစွန်လုပ်ငန်းစက်ရုံမှ အလုပ်သမား ကိုကျော်မိုးက ဧရာဝတီသို့ ရှင်းပြသည်။

အလုပ်သမားတဦးဖြစ်သူ ကိုအောင်ဆန်းဦးကလည်း“ကျနော်တို့ သူ့ ကို တင်ပြကြပါသေးတယ်၊ ဒီလိုလုပ်ရင် ကျနော်တို့ ဘယ်လို စားသောက်နေထိုင်မလဲ၊ ဖြတ်ရင်လည်း ဒီလောက်တော့ မဖြတ်ပါနဲ့ ဒါမှမဟုတ် တကယ် လုပ်ရတော့မယ် ဆိုတဲ့အခါကျရင် အပြည့်ပေးပါ့မယ် ဆိုတာကိုလည်း မရဘူး၊ ဒါကြောင့် ပြဿနာတက်သွား တာ”ဟု ဆိုသည်။

ယင်းပြဿနာဖြစ်ပြီးနောက်တနေ့တွင် အလုပ်ရှင်သူဌေးကိုယ်တိုင် အလုပ်သမားများထံလာရောက်လာ၍ ယခုကဲ့သို့ ပိုက်ဆံဖြတ်သည်ကို မသိရှိဟု ပြောဆိုသွားကြောင်း အဆိုပါစက်ရုံတွင် အလုပ်သမားခေါင်း လုပ်နေသူ ကိုဂျက်က ပြောသည်။

“သူဌေးလာတယ်၊ အခုလို ငွေဖြတ်တာတွေ ဘာတွေ သူ မသိရကြောင်း၊ ဘယ်သူ့ ကိုမှ တပြားတချပ်မှ မဖြတ်တော့ကြောင်း၊ အကယ်၍ ယာယီပတ်စ်ပို့ လုပ်ရမယ်ဆိုရင်လည်း အခြားစက်ရုံတွေ အခြေအနေကို ကြည့်ပြီးမှ လုပ်မယ်ဆိုတဲ့အကြောင်း ပြောခဲ့တယ်”ဟု ၎င်းက ဆိုသည်၊

ONGKORN COLDSTORAGE  Co. Ltd စက်ရုံသည် အလုပ်သမား ၃၀၀၀ နီးပါးရှိသော ပုစွန်ရေခဲစိမ် စက်ရုံဖြစ်သည်။

ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန် ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ အကြား သဘောတူချက်များအရ ထိုင်း ဘတ် ၃၀၀၀ ခန့်သာ ကုန်ကျဖွယ်ရှိသော်လည်း မြန်မာပွဲစားများနှင့် အလုပ်ရှင် သူဌေး၏ လူများ၊ မန်နေဂျာ များ ပူးပေါင်းကာ အနည်းဆုံး ဘတ် ၇၅၀၀ မှ ၁၅၀၀၀ ထိ တောင်းယူမှုများ ရှိနေကြောင်းလည်း သိရသည်၊

ယာယီနိုင်ငံကူးလက်မှတ်နှင့် ပတ်သက်၍ စစ်တမ်းကောက်နေသူ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့ မှ အလုပ်သမားရေးရာ တာဝန်ခံ ဦးသက်ခိုင်က အလုပ်သမားများအား ယခုထက်ပိုမို ဖိအားပေးပါက ပြဿနာ ပိုမို ကြီးထွားလာနိုင်ကြောင်း ပြောဆိုသည်။

“ထိုင်းနိုင်ငံတွင်းက မြို့ ကြီး လေးငါး ခြောက်မြို့  လောက်မှာ ဒီကိစ္စကို ရုံးဖွင့်ပြီးလာလုပ်ရင် ဖြစ်နိုင်တာကို မလုပ်တော့ ပွဲစားတွေနဲ့ စက်ရုံ အလုပ်ရုံထဲက အုပ်ချုပ်သူတွေ ပေါင်းပြီး စားပေါက်ထွင် လာကြတယ်၊ ဒါကို ထိုင်းနိုင်ငံအနှံ့ အပြားမှာ မကြားချင်အဆုံး ကြားနေရတယ်၊ ဒါပေမယ့် နှစ်ဘက် အာဏာပိုင်တွေက လျစ်လျူ ရှုထားကြတယ်၊ အဲဒီထက်ဆိုးတာက မြန်မာပြည်ဘက်ခြမ်းက ကြုံနေရတဲ့မိဘတွေ မိသားစုတွေ အခက်အခဲ တွေကိုလည်း ထိုင်းဘက်ကပါ ထည့်သွင်းစဉ်းစားသင့်တယ်”ဟုပြောသည်။

မကြာသေးမီ ရက်များက မြန်မာ ဒု နိုင်ငံခြားရေးဝန်ကြီးက ယာယီနိုင်ငံကူးလက်မှတ်လုပ်သူများကို ဖမ်းဆီး ခြင်းနှင့်အခွန်ကောက်ခြင်း မပြုကြောင်း၊ အလုပ်သမားများ အကျိုးအတွက်ဆောင်ရွက်နေကြောင်း ပြောဆို ထားသည်။  

ထိုင်းနိုင်ငံအတွင်း တခြားသောနေရာများရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည်လည်း ယာယီ နိုင်ငံကူး လက်မှတ် မဖြစ်မနေပြုလုပ်ရန်အတွက် ဖိအားပေးမှုများနှင့် ရင်ဆိုင်နေကြရကြောင်း သိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ပါတောင်အရပ်ရှိ ဂျန်စီလုံ ကုန်တိုက်ကြီး သန့်ရှင်း ရေး ဌာနတွင် အလုပ်လုပ်နေသော မချောစု ကို အလုပ်သမားခေါင်းက ယာယီနိုင်ငံကူးလက်မှတ် လုပ်ရန် ပုံစံမဖြည့်ပါက ၁၅ ရက်အတွင်း အလုပ်မှထွက်သွားရန် ဖိအားပေးမှုဖြစ်ပွားခဲ့သေးသည်။

အလားတူ ပါတောင်ရပ် မနှင်းဆီ ပန်းရံဆိုဒ်တွင်လည်း ယာယီ နိုင်ငံကူးလက်မှတ်မလုပ်ပါက တလအတွင်း အလုပ်မှ ထွက်ခွာရမည်ဟု စာကပ်များ ကပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ်ကလည်း ဘန်ကောက်မြို့ရှိ ဘန့်ဘော် ငါးသေတ္တာစက်ရုံတွင်လည်း အလားတူ ပြဿနာ ဖြစ်ပွား ခဲ့ရာ အလုပ်သမား ၆၀ ခန့် အလုပ်မှ ထွက်သွားခဲ့ကြောင်း၊ ပိုမိုဖိအားပေးလာပါလျှင် ဆန္ဒပြမည်ဟု အလုပ် သမားများက ပြန်လည်ပြောဆိုကြသဖြင့် အလုပ်ရှင်ဘက်မှ ဖိအားပေးခြင်းကို ရပ်ဆိုင်းထားကြောင်း အဆိုပါ စက်ရုံဝင်းနေ အလုပ်သမားတဦးကပြောသည်။

ထိုသို့ မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် မပြုလုပ်လိုကြခြင်းမှာ မြန်မာ အာဏာပိုင်များ အပေါ် မယုံကြည်မှုက အဓိကဖြစ်ကြောင်း ဖန်ငခရိုင်အခြေစိုက် အခြေခံလူ့ အခွင့်အရေး ပညာပေး ကော်မတီ (GHRE) မှ ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ ပြောဆိုဖူးသည်။

ယာယီ နိုင်ငံကူးလက်မှတ်ပြုလုပ်ရန်အတွက် နိုင်ငံသားလက်မှတ် စိစစ်သည့် ဌာနများကို ထိုင်း-မြန်မာ နယ်စပ်မြို့များ ဖြစ်သည့် ကော့သောင်း၊ မြဝတီ နှင့် တာချီလိတ် တို့တွင် ဖွင့်လှစ်ထားကြောင်း၊ ၂ နှစ် သက် တမ်း ရှိသော အဆိုပါ ယာယီနိုင်ငံကူး လက်မှတ်ဖြင့် မြန်မာ အလုပ်သမားများ ထိုင်းနိုင်ငံ အနှံ့တွင် အလုပ် လုပ်ကိုင်ခွင့် ရမည် ဖြစ်ပြီး သက်တမ်း ထပ်မံတိုးနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စတင်ခဲ့သော ထိုင်း-မြန်မာ နှစ်နိုင်ငံ အာဏာပိုင်တို့ ၏ နယ်စပ်ဖြတ်ကျော် သွားရောက် အလုပ်လုပ်ကိုင်ရန် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အစီအစဉ်သည် ၂ဝဝ၆ ခုနှစ်က လည်း တကြိမ် ဆောင်ရွက်ခဲ့ရာ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့ပေ။

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၂ သန်း မှ ၄ သန်းအထိ ရှိသည်ဟု အလုပ် သမား အဖွဲ့များ၏ အဆိုအရ သိရသည်။