တောင်ကိုရီးယားပြိုင်ပွဲတွင် မြန်မာကာတွန်းဆရာများဆုရ

Thursday, 22 October 2009 17:10
Print
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ The Daejeon International Cartoon Institutes မှ ကျင်းပပြုလုပ်သော ၁၈ ကြိမ်မြောက် Daejeon Inernational Cartoon Contest (DICACO 2009) နိုင်ငံတကာ ကာတွန်းပြိုင်ပွဲတွင် မြန်မာ နိုင်ငံမှ ကာတွန်းဆရာလေးဦး ဆုရရှိခဲ့ကြောင်းသိရသည်။

၎င်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၆၈ နိုင်ငံမှ ကာတွန်းပညာရှင် ၅၈၇ ဦး၊ ကာတွန်းပုံပေါင်း ၅၇၆၅ ပုံ ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်သော ကာတွန်းပညာရှင် ၈ ဦးအနက်မှ The Best Cartoon Prize ဆုကို မန္တလေးမှ ကာ တွန်း လေရူးနှင့် ရန်ကုန်မှ ကာတွန်းဆရာ ဇော်သိန်း တို့ကရရှိခဲ့ပြီး ကာတွန်း အောင်မင်းမင်း နှင့် အောင်ကိုမြင့် တို့က ဂုဏ်ပြုဆု (Honourable Mention) ကို ရရှိခဲ့ကြသည်။

“ကျနော်က သူတို့ သတ်မှတ်ထားတဲ့ ယဉ်ကျေးမှုနဲ့ အ၀တ်အစားဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြိုင်တာပါ။ တခြား အ လွတ်ပြိုင်ပြီး ပထမဆု ရတဲ့သူတွေလည်း ရှိပါတယ်” ဟု အဆိုပါပြိုင်ပွဲတွင် ၅ နှစ် ဆက်တိုက် ဂုဏ်ပြုဆုရရှိခဲ့သူ ကာတွန်း လေရူး က ဧရာဝတီကိုပြောသည်။

အဆိုပါ ပြိုင်ပွဲ၏ စည်းကမ်းချက်များတွင် ပြိုင်ပွဲဝင်လိုသည့် ကာတွန်းများသည် ချမှတ်ထားသော ခေါင်းစဉ်အတိုင်း ၀င်ပြိုင်နိုင်သကဲ့သို့ မိမိတို့စိတ်ကြိုက် အလွတ်တန်းလည်း ပြိုင်နိုင်ပြီး တဦးလျှင်အနည်းဆုံး၂ ပုံပြိုင်နိုင်ကြောင်း သိရသည်။

၎င်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရမည့် ကာတွန်း အရွယ်အစားကို 297 mm x 420 mm အဖြစ် သတ်မှတ်ထားပြီး ပြိုင်ပွဲဝင် မည်သူမှ အမည်၊ အသက်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာနှင့် တကွ ပြိုင်ပွဲဝင်မည့် ကာတွန်းပုံတို့ကို Daejeon International Cartoon Institutes သို့ ၂၀၀၉ ခု ဇွန်လ နောက်ဆုံးထား၍ ပေးပို့ကြရသည်။

ဆုရရှိသူများအား ဆုကြေးငွေနှင့်အတူ ဆုလက်မှတ်၊ ပို့စကတ်များ၊ ကာတွန်းနှင့် ပတ်သက်သည့် လေ့လာစရာ စာအုပ် များကို လက်ဆောင်ပေးပို့၍ စက်တင်ဘာတွင် ပြန်လည် အကြောင်းပြန်ကာ အဆိုပါ ကာတွန်းများကို Daejeon Gallery တွင် အောက်တိုဘာ တလလုံး ပြသထားမည် ဖြစ်သည်။

ပြိုင်ပွဲသို့ ပေးပို့သည့် ကာတွန်းများအား မဂ္ဂဇင်း၊ သတင်းစာ၊ စာအုပ်များ၊ ကက်တလောက်များ၊ ပိုစတာများတွင် ထည့် သွင်း အသုံးပြုခြင်းနှင့် ပြတိုက်များနှင့် ပန်းချီပြခန်းတို့၌ ပြသထားမည်ဖြစ်ကာ အဆိုပါ သတင်းအချက် အလက်များနှင့် ပတ်သက်၍အနုပညာ အွန်လိုင်း ကာတွန်း မဂ္ဂဇင်းဖြစ်သည့် Karcomics နှင့် google တို့တွင် အသေးစိတ်ဖော်ပြထား သည်။

“မြန်မာ ကာတွန်းဆရာ တွေရဲ့ စာမဲ့ကာတွန်းတွေက မညံ့ပါဘူး၊ တော်တာတွေ အများကြီးရှိပါတယ်၊ မပြိုင်ဖြစ်ကြလို့ပါ၊ သူတို့တွေကို နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ၀င်ပြိုင်စေချင်ပါတယ်”ဟု ကာတွန်းလေရူးက ပြောသည်။

၎င်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ကာတွန်းများမှာ စာမဲ့ကာတွန်းများဖြစ်ကာ ဆုအမျိုးအစားပေါင်း ၈ မျိုးသတ်မှတ် ထားကြောင်းသိရသည်။

ယခင်က အဆိုပါပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်သည့် မြန်မာပြည်မှ ကာတွန်းဆရာ ဦးရေမှာ တနှစ်လျှင်၂၀-၂၅ ဦး ခန့်ရှိကြောင်း ကာတွန်းလေရူးကဆိုသည်။

နိုင်ငံတကာ ဖိတ်ခေါ် ကာတွန်း ပြိုင်ပွဲများသို့ မြန်မာပြည်မှ ကာတွန်းများအား စာတိုက်မှ တဆင့် ပေးပို့ရာတွင် စာပေ စိစစ် ရေးသို့ အဆင့်ဆင့် တင်ပြ၍ ခွင့်ပြုမှသာ ပို့ခွင့်ရသဖြင့် မြန်မာ ကာတွန်းဆရာ တော်တော် များများမှာ နောက်ပိုင်းတွင် နိုင်ငံတကာ ကာတွန်း ပြိုင်ပွဲများသို့ ၀င်ရောက် ယှဉ်ပြိုင်မှု အားနည်းလာကြောင်း သိရသည်။

နာမည်ကြီး ကာတွန်းဆရာ တဦးဖြစ်သည့် ကာတွန်း အော်ပီကျယ်က “အချို့ကာတွန်း ပြိုင်ပွဲတွေဆို ခေါင်းစဉ်က ငြိမ်းချမ်းရေး ဆိုတဲ့ အခါကျတော့ ကျနော်တို့ ဆီမှာက ငြိမ်းချမ်းရေးငှက် ချိုးဖြူတို့၊ နောက် လက်နက်တို့ အကျဉ်း ကျနေတာတို့တွေ မရဘူး ဆိုတော့ မပြိုင်ဖြစ် ကြတော့တာပါ”ဟု ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံ ကာတွန်း လောကတွင် ယခုနောက်ပိုင်း၌ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ယခင်  ဖဆပလ ရွေးကောက်ပွဲနှင့်ပတ် သက်သည့် အခြေအနေကိုသာ ဖော်ပြခွင့်ရသဖြင့် ယခုခေတ် လူငယ်များက ၎င်းကာတွန်းများကို ဖတ်ရသည့်အခါ ရွေးကောက်ပွဲ ဆိုသည်မှာ ဘာမှမဟုတ်ပါဘူး ဆိုသည့် အတွေးအခေါ်မျိုး မဖြစ်စေလိုကြောင်းနှင့် ယခုရွေးကောက်ပွဲ အသစ် နှင့်ပတ်သက်သည့် ခံစားချက်များ၊ ယခုခေတ် ကာတွန်းဆရာများ၏ အမြင်သစ်များကို ဖော်ပြခွင့် ပေးစေလိုကြောင်းလည်း ကာတွန်း လောကအပေါ် ၎င်း၏ အမြင်ကိုပြောသည်။