မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာ

E-mail Print
ယခုနှစ် ခရီးသွား ရာသီတွင် မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသား ခရီသွား အရေအတွက်မှာ ပြီးခဲ့သည့် နှစ်ထက် ၃၀ ရာခိုင်နှုန်း ပိုမိုမြင့်မား လာကြောင်း မြန်မာဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန (ဟိုတယ်/ခရီး) မှ စုံစမ်းသိရှိရသည်။

အဆိုပါဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ရေးဌာနမှ တာဝန်ခံတဦးက“ အခုရာခိုင်နှုန်းက မနှစ်က ဒီအချိန်နဲ့နှိုင်းယှဉ်ကြည့်တာ တော်တော်များတယ်၊ ဒါတောင်အခုခရီးသွားရာသီ မပြီးသေးဘူး”ဟုဧရာဝတီသို့ပြောသည်။

မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးသွားများသည် ဥရောပတိုက်မှ ဂျာမနီ နှင့် ပြင်သစ်နိုင်ငံတို့မှဖြစ်ပြီး အာရှတိုက်တွင် ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ ပိုမိုလာရောက်ကြကြောင်း၊ ခရီးသွားဝင်ရောက်မှု ရာခိုင်နှုန်းမှာ လေကြောင်းခရီးသွားများထက်စာလျှင် နယ်စပ်မြို့ များမှ ၀င်ရောက်မှုမှာပိုမိုများပြားကြောင်း သိရသည်။

နယ်စပ်အိမ်နီးချင်းနိုင်ငံများမှ လာရောက်သည့် ခရီးသွားများသည် နယ်စပ်ဒေသများအတွင်းသာလည်ပတ်နိုင်ပြီး ခရီးသွား အများစုသည် ရာသီဥတုကောင်းမွန်သည့် အောက်တိုဘာလမှ စတင်၍ ဇန်န၀ါရီလ အထိသာ အများအပြားသွားလာကြောင်း ဟိုတယ်/ခရီး ဌာနမှ တာဝန်ခံကပြောသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသည်များ ၀င်ရောက်မှုသည် ပြီးခဲ့သည့် နှစ်က နှစ်သိန်းခြောက်သောင်းကျော် ၀င်ရောက်ခဲ့ပြီး ယခုနှစ်တွင် ခရီးသည်ပေါင်း ၁သန်းခန့် ၀င်ရောက်ရန် ခန့်မှန်းထားသည်ဟု မြန်မာဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အစီအရင်ခံစာများအရသိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားများ ပိုမိုလာရောက်စေရန်အတွက် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့်မြှင့်တင်ရေး ပြပွဲများ ကို ပြုလုပ်နေရာ မကြာသေးမီက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့နှင့် စကာင်္ပူနိုင်ငံတို့တွင် ခရီးသွားလုပ်ငန်းများ မြှင့်တင်ရေး အတွက် ပြပွဲများ ပြုလုပ်ခဲ့ကြောင်း၊ လာမည့်လအနည်းငယ်အတွင်းတွင်လည်း ဗီယက်နမ်နိုင်ငံတွင် ပြပွဲများလုပ်ကိုင်ရန်ရှိကြောင်း အထက်ပါ ဟိုတယ်/ခရီး ဌာန တာဝန်ခံကပြောသည်။

မြန်မာခရီးသွားလုပ်ငန်းသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် သံဃာတော်များဦးဆောင်သော ရွှေဝါရောင်တော် လှန်ရေးနှင့် ၂၀၀၈ ခုနှစ် မေလတွင်တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ခရီးသွားဦးရေ ကျဆင်းသွားကြောင်း ၊ ယခုနှစ်အတွင်းပြန်လည်ဦးမော့လာခြင်း ဖြစ်ကြောင်းသိရသည်။

နိုင်ငံခြားသား ခရီးသွားများ မြန်မာနိုင်ငံသို့လာရောက်လျှင် အများဆုံးသွားရောက်လည်ပတ်သည့် နေရာများမှာ ရန်ကုန်၊မန္တလေး၊ပုဂံ နှင့် ရှမ်းပြည်နယ် အင်လေးကန်ဒေသများသို့ အများဆုံးသွားရောက်လည်ပတ်သည်ဟု တောင်ကြီးမြို့ခံတဦးကလည်း ပြော သည်။

“ကလောမြို့နားက ပလောင်တောင်လို့ခေါ်တဲ့ ပလောင်ရွာတွေကို အများဆုံးလာတယ်၊ ပလောင်လူနေမှုကို လေ့လာတယ်”ဟု အဆိုပါ မြို့ခံကဆိုသည်။

နိုင်ငံခြားသား ခရီးသွားများသည် အောင်ပန်းမြို့အနီးရှိ တောလမ်းခရီးမှ အင်းလေးကန်သို့ ခြေလျင်ခရီးထွက်ခြင်း၊ တောင်ကြီးမြို့ အနီးရှိ ထာ့စမ်းဂူနှင့် ကိုရင်လေးဂူများသို့သွားရောက်လေ့လာခြင်း၊ ကလောမြို့အနီးရှိ တောင်ပေါ်ရွာများမှနေပြီး မိထ္တီလာကန် နှင့် အခြားသောမြေပြန့်ဒေသ ရှုခင်းများကို ကြည့်ရှုကြသည်ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံရှိ သဘာဝအရင်းအမြစ်များ နှင့် သဘာဝအလှအပများ သည် တခြားအိမ်နီးချင်းနိုင်ငံများ နှင့် နှိုင်းစာလျှင် ပိုမိုများ ပြား သည်ဆိုသော်လည်း မြန်မာ့ခရီးသွားလုပ်ငန်းသည် လစ်ဟာမှုအများအပြားရှိနေသေးကြောင်း၊အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နှိုင်းစာ လျှင် ခရီးသည်များ ၀င်ထွက်မှုမှာ နည်းပါးသေးကြောင်း ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် ဦးမောင်မောင်စိုးက ထောက်ပြသည်။

“ခရီးသည်အတွက် ခရက်ဒစ်ကတ်သုံးမရသေးဘူး၊ ကျန်းမာရေးဝန်ဆောင်မှုမရှိသေးဘူးလေ၊ ပြီးခဲ့တဲ့လက ခရီးသည်သုံးယောက် ပုဂံမှာ ဆုံးသွားတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း၏ အခြေခံအဆောက်အအုံများဖြစ်သည့် နိုင်ငံခြားသားခရီးသွားများ အတွက် နိုင်ငံတကာစံနှုန်း နှင့်ညီညွတ်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရှိကြောင်း၊ ငွေကြေးသုံးစွဲမှုတွင်လည်း ခရက်ဒစ်ကတ် (အကြွေးဝယ်ကတ်) အသုံး ပြုမှုမှာနည်းပါးနေသေးပြီး ဟိုတယ်ကြီးများတွင် ငွေလဲလှယ်ပါက အမေရိကန်ဒေါ်လာ ၁၀၀၀ ထုတ်လျှင် ၁၀ရာခိုင်နှုန်းအခွန်ဖြတ် ကြောင်း၊ ခရီးသွား လုပ်ငန်းနှင့်ပတ်သက်၍ စစ်အစိုးရက ထိရောက်စေရန် ခရီးသွားကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှု နည်းပါး ကြောင်း၎င်း ကထောက်ပြသည်။

“အင်းလေးတို့လို တခြားစိတ်ဝင်စားစရာနေရာတွေမှာ တကယ်တမ်းလူကျလာရင် ကားကအစပေါ့ ပေးနိုင်တဲ့ ၀န်ဆောင်မှုက ဘာမှမရှိ ဘူး၊၊မင်းကွန်းကိုကူးချင်လို့ ဖယ်ရီငှားမရဘူး၊ တစီးလုံး ဈေးကြီးပေးငှားနေရတယ်”ဟု၎င်းကဆိုသည်။

ပြီးခဲ့သည့်နှစ်က ခရီးသွားလုပ်ငန်းများ အရှုံးပေါ်ခဲ့သည့်အတွက် ခရီးသွားလုပ်ငန်းပေါ်တွင် တည်မှီ၍ လုပ်ကိုင်နေသည့် ခရီးသည်  များစီးသည့် အင်ဂျင်၊ အဲယားကွန်းနှင့် မောင်းနှင်သူစသည့် ၀န်ဆောင်မှုကောင်းမွန်သည့် ကားလုပ်ငန်းများကို ရောင်းချခဲ့ကြရသည် ဟုသိရသည်။

မြန်မာခရီးသွားလုပ်ငန်းသည် တိုင်းပြည်၏ ၀င်ငွေကို တခြားသောရေနံသဘာဝဓာတ်ငွေ့၊ ဆန်စပါး၊ သစ်လုပ်ငန်းများကဲ့သို့ တိုင်းပြည် ဘဏ္ဍာငွေကို ရှာဖွေပေးသည့်လုပ်ငန်းဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းအား စစ်အစိုးရအနေဖြင့်မြှင့်တင်ချင်လျှင် တိုင်းပြည်၏ နိုင်ငံရေး၊စီးပွားရေးနှင့် ပညာရေးမှအစ အခြေခံအဆောက်အအုံများကို သေချာစွာ ပြုပြင်မှသာလျှင် ခရီးသွား လုပ်ငန်းပိုမို တိုးတက်လာမည်ဟု ဦးမောင်မောင်စိုးကသုံးသပ်ဝေဖန်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်