ဒူဘိုင်း ငွေကြေး ပြဿနာ မြန်မာ အလုပ်သမားဈေးကွက် ထိခိုက်

Saturday, 12 December 2009 17:34
Print

အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံ(ယူအေအီး)ရှိ စီးပွားရေးလုပ်ငန်းများ မကောင်းသောကြောင့် ယခုအခါ ယူအေအီး မှ မြန်မာ အလုပ်သမားများ ခေါ်ယူမှု ကျဆင်းလျက် ရှိကြောင်း သတင်းရရှိသည်။


ယင်း ယူအေအီးတွင် စီးပွားရေးလုပ်ငန်းများ ထိခိုက်ရခြင်းသည် ဒူဘိုင်း နိုင်ငံပိုင် ဒူဘိုင်းဝေါလ်(Dubai World)ကုမ္ပဏီ ဒေါ်လာ ၆၀ ဘီလီယံ အကြွေးတင်ရှိမှု၏ နောက်ဆက်တွဲ ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများ ထံသို့ ဒူဘိုင်းအခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ အရောင်းဆိုင် နှင့် စူပါမားကက်များ၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ၊ သင်္ဘောတည်ဆောက်ရေးလုပ်ငန်များမှ အလုပ်ခေါ်စာများ ရရှိမှုမှာ လွန်ခဲ့ သော အောက်တိုဘာလခန့် မှ စတင် လျော့နည်းခဲ့ကြောင်း ပြည်တွင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီ အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

ဒူဘိုင်း၊ ကာတာ အပါအ၀င် အာရပ် စော်ဘွားများပြည်ထောင်စုသို့ လုပ်သားများပုံမှန်ပို့ဆောင်နေသော ပြည်ပအလုပ်အကိုင် ကုမ္ပဏီ ပိုင်ရှင် တဦးက“ဒူဘိုင်းဝေါလ် ကုမ္ပဏီမှာ အကြွေးတွေတင်နေတယ်ဆိုတဲ့ သတင်းက အခုမှ ထွက်လာတာ၊ အဲဒီ သတင်း မထွက်ခင်ကတည်းက ဒူဘိုင်း၊ကာတာနဲ့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေဆီက အလုပ်သမားခေါ်တာတွေ အရမ်းနည်းသွား တယ်”ဟု ပြောသည်။

ယူအေအီး နိုင်ငံတွင် စီးပွားရေးလုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်ထားသည့် ဒူဘိုင်းဝေါလ် ကုမ္ပဏီ ကြီး၏ အကြွေး တင်ရှိမှုကြောင့် ငွေကြေး အကျပ်အတည်းများဖြစ်ပေါ် ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်ခြင်း၊ စတော့ရှယ်ယာ ဈေးများ ထိုးကျခြင်း အပါ အ၀င် စီးပွားရေးအကျပ်အတည်းများဖြစ်ပေါ်နေသောကြောင့် နိုင်ငံခြားသား အလုပ်သမားများ၏ အနာဂတ် မသေချာ မရေရာ ဖြစ်နေကြောင်း သိရှိရသည်။

ယခုအခါ နိုင်ငံပိုင် ဒူဘိုင်းဝေါလ် ကုမ္ပဏီသည် မြီရှင်များအား ပေးရန်ရှိသော အကြွေးကို ခြောက်လ ခန့်ဆိုင်းငံ့ထားရန် မေတ္တာရပ်ခံ ထားကြောင်း သတင်းရရှိသည်။

ယခင်က ဒူဘိုင်း၊ ကာတာရှိ လုပ်ငန်းခွင်များမှ မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင် အေဂျင်စီများထံ အလုပ်သမားခေါ်စာများ ပုံမှန် ပေးပို့ခဲ့ကြောင်း၊ အထူးသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင်လုပ်ကိုင်ရန် သံချည်သံကွေး၊ ပန်းရံအုတ်စီ၊ လက်သမား၊ အင်ဂျင်နီယာများ၊ ဟိုတယ်နှင့်စားသောက်ဆိုင် ၀န်ထမ်းများ၊သင်္ဘောကျင်း များတွင် လုပ်ကိုင်ရန် ဂဟေဆော်လုပ်သားများ ခေါ်ယူ သည့် အလုပ်ခေါ်စာများ လစဉ်ပုံမှန် ပေးပို့ခဲ့ကြောင်း၊ ယခုအခါ ထိုသို့ အလုပ်အကိုင် ခေါ်စာများပေးပို့မှု ရှားပါးလာသည်ဟု သိရှိ ရသည်။

“အရင်ကဆိုရင် လစဉ်ပုံမှန် ဒူဘိုင်းနဲ့ကာတာက အလုပ်ခေါ်စာတွေ လာတယ်၊ အခုတော့ အလုပ်ခေါ်စာတော်တော်လေးကိုပါး တယ်၊ ဥပမာ ကျနော်တို့ကုမ္ပဏီဆီကို ဒူဘိုင်းနဲ့ ကာတာက အလုပ်သမား ၃၀ လောက်ပုံမှန်ခေါ်စာတွေ လစဉ်ရောက် တယ်၊အခု အဲဒီလို ပုံမှန်အလုပ် ခေါ်စာမျိုးမရှိတော့ဘူး”ဟု ပြည်တွင်းရှိ နာမည်ရ ပြည်ပအလုပ်အကိုင်ကုမ္ပဏီကြီးတခု၏ မန်နေဂျင်း ဒါရိုက်တာ တဦးကပြောကြားသည်။

ဒူဘိုင်းနှင့်ကာတာမှ အလုပ်သမားခေါ်ယူမှုလျော့နည်းသွားသည့်အပြင် ပေးပို့ပြီး အလုပ်ခေါ်စာများကိုလည်း ပြန်လည်ရုတ်သိမ်းမှု များရှိကြောင်းသိရသည်။ “အခု ဒီဇင်ဘာလဆန်းပိုင်းမှာ မြန်မာလုပ်သားတွေကို ဒူဘိုင်းလုပ်ငန်းရှင်ကိုယ်တိုင် ရန်ကုန် လာအင်တာဗျူးဖို့ ရှိတာကို ဖျက်လိုက် တယ်၊ လောလောဆယ် သူတို့နိုင်ငံမှာ စီးပွားရေး အခြေအနေမတည်မငြိမ်ဖြစ်နေလို့ အလုပ်သမားမခေါ်သေးဘူး၊ နောင်လိုအပ်မှ ခေါ်မယ်ဆိုပြီး အလုပ်ခေါ်စာပြန်ရုတ်သိမ်းသွားတယ်”ဟု ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်ရှာဖွေ ရေးကုမ္ပဏီတာဝန်ရှိသူ တဦးက ဆိုသည်။

ဒူဘိုင်းနှင့်ကာတာသို့ မြန်မာအလုပ်သမားများ သွားရောက်အလုပ်လုပ်ရာတွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများသို့ တဦးလျှင် ၀န်ဆောင်ခ မြန်မာငွေ ကျပ် ၁၀ သိန်းမှ ၁၅ သိန်း အကြား ကုန်ကျလေ့ရှိပြီး အလုပ်အကိုင်ပေါ်မူတည်ကာ တလလျှင် မြန်မာငွေ နှစ်သိန်း အနည်းဆုံး လုပ်ခလစာအဖြစ်ရရှိသည်ဟု စုံစမ်းသိရှိရသည်။

ဒူဘိုင်းနှင့်ကာတာမှ အလုပ်ခေါ်စာများလျော့ကျရုံမျှမက မလေးရှား၊ စင်ကာပူနိုင်ငံများမှ အလုပ်သမားခေါ်ယူမှုများ ယခုနှစ် အတွင်းလျော့နည်းနေသည့်အပြင် ပြည်တွင်း၌လည်း နိုင်ငံခြားတိုင်းပြည်များသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ရန်
ငွေကြေးမတတ်နိုင်မှုများကြောင့် ရန်ကုန်အခြေစိုက်ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီများ အခက်အခဲဖြစ်နေသေးကြောင်း ယင်း ကုမ္ပဏီ အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

ရန်ကုန်ရှိ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီပိုင်ရှင် တဦးက“မလေးရှား အလုပ်အကိုင်တွေက နည်းနည်းပြန်ကောင်း တယ်၊ ဒါပေမယ့် အရင်ကလိုကြီးတော့ အလုပ်ခေါ်စာတွေအရမ်းမလာဘူး၊ အလုပ်ခေါ်စာပါးတယ်၊ ပြီးတော့ ပြည်တွင်းမှာလည်း နိုင်ငံခြားသွားဖို့ ငွေကြေးသိပ်မတတ်နိုင်ကြဘူး၊ ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်း ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ချိန်ကတည်းက အခုအချိန်ထိ ပြည်ပအလုပ်အကိုင်ကုမ္ပဏီတွေရဲ့ စီးပွားရေးက ရုန်းကန်နေရဆဲပါ”ဟု ပြောသည်။

ပြည်တွင်း၌ မလေးရှားနိုင်ငံသို့ အကြွေးစနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မှုများ ခေတ်စားလျက်ရှိပြီး မလေးရှားသို့ အလုပ် သမားတဦးသွားရောက်လျှင် ၀န်ဆောင်ခ ၁၀ သိန်း နှင့် ၁၅ သိန်းအကြား ကုန်ကျကြောင်း၊ စင်ကာပူနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်မည်ဆိုပါက ၀န်ဆောင်ခ ၂၅ သိန်း နှင့် ၃၅ သိန်းအကြား ကုန်ကျကြောင်း သိရှိရသည်။