မြန်မာ တိုက်လေယာဉ် တစီးပျက်ကျ၊ လေယာဉ်မှူး သေဆုံး

Friday, 22 January 2010 18:24
Print
မြန်မာ စစ်အစိုးရ လေတပ်မှ တိုက်လေယာဉ် တစီး ယနေ့နံနက်က ပျက်ကျသွားသဖြင့် လေယာဉ် မောင်းသူ သေဆုံးသွားကြောင်း အေပီ သတင်းတွင် ဖော်ပြထားသည်။

လေယာဉ်သည် ရန်ကုန်မင်္ဂလာဒုံ လေဆိပ်တွင် ဆင်းသက်ရန် ကြိုးစားစဉ် ပျက်ကျသွားခြင်းဖြစ်ကြောင်း  ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ အမည်မဖော်လိုသူ ၀န်ထမ်း တဦးက အေပီသတင်းဌာနကို ပြောကြောင်းသိရသည်။

ထို လေယာဉ်သည် တရုတ် နိုင်ငံလုပ် F – 7 အမျိုးအစား ဂျက် တိုက်လေယာဉ် ဖြစ်ပြီး လေယာဉ် ပျက်ကျသည့် အကြောင်းရင်းကို မသိရသေးဟု ဆိုသည်။

မင်္ဂလာဒုံ လေတပ်စခန်းမှ လေယာဉ်များသည် အပြည်ပြည် ဆိုင်ရာ လေယာဉ်ကွင်း၏  လေယာဉ်ပြေး လမ်းကြောင်းကို အသုံးပြု နေသည်ဟု သတင်းတွင် ဖော်ပြထားသည်။

မြန်မာ လေတပ်သည် တရုတ် နိုင်ငံလုပ် F – 7 အမျိုးအစား ဂျက် တိုက်လေယာဉ် ၃၆ စီးကို ၁၉၉၀ ပြည့်နှစ် အတွင်း ၀ယ်ယူခဲ့သည်ဟု ဆွီဒင်နိုင်ငံ အခြေစိုက် စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနကို ကိုးကားပြီး အဆိုပါသတင်းတွင် ဖော်ပြ ထားသည်။