ဆန္ဒပြ မြန်မာအလုပ်သမားများ တောင်းဆိုချက် အလုပ်ရှင်လိုက်လျော

Saturday, 30 January 2010 19:53
Print
ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့ရှိ OSAKA MARUNI (Thailand) Co. Ltd ဖိနပ်စက်ရုံမှ မြန်မာအလုပ်သမားများ၏ ပြီးခဲ့သည့် ဇန်န၀ါရီ လ၂၃ ရက်က လုပ်ခလစာ တိုးမြှင့်ပေးရန် ဆန္ဒပြ တောင်းဆိုမှုကို စက်ရုံတာဝန်ရှိသူများက လိုက် လျောရန် ယမန်နေ့က သဘောတူခဲ့ကြောင်း သတင်း ရရှိသည်။

ယခုလမှစ၍ ထိုင်းအလုပ်သမားများကို တနေ့လျှင် ဘတ် ၃၀ ကျစီ တိုးပေးသဖြင့် မြန်မာအလုပ်သမား ၇၂ ဦး က ၎င်းတို့ကိုလည်း ၁၀ ဘတ်စီတိုးပေးရန် နေ့တ၀က် အလုပ်ရပ်ဆိုင်း၍ ဆန္ဒပြ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ယင်းဆန္ဒပြမှုကြောင့် စက်ရုံ တာဝန်ရှိသူများက ဆန္ဒပြပွဲ ဦးဆောင်သည့် အလုပ်သမား ၄ ဦး ကို အလုပ်မှ ထုတ်ပစ်မှု၊ မြန်မာအလုပ်သမားများကို စက်ရုံမှထွက်ခွာသွားရန်ဖိအားပေးအကျပ်ကိုင်မှုများ ပြုလုပ်ခဲ့ပြီးနောက် တပတ်ခန့်အကြာ တွင်မှ လိုက်လျောရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ယင်းပြဿနာကိုစေ့စပ်ညှိနှိုင်းပေးခဲ့သော မြန်မာရွှေ့ပြောင်း အလုပ်သမား အရေး ကူညီပေးနေသည့် MAP ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ထိုင်းလူမျိုး ကိုအေးက ပြောသည်။

“မနေ့ နေ့လယ်ပိုင်းမှာ အလုပ်သမားတွေ အားလုံးခေါ်ပြီး တနေ့ လုပ်ခ ၁၅၇ ဘတ်ကို ဒီနေ့ ကစပြီး ပေးပြီလို့ တရား ၀င် ကြေညာပေးတယ်၊ အလုပ်သမားတွေကလည်း သဘောတူကြတယ်၊ ၀မ်းလည်းဝမ်း သာကြတယ်”ဟု ၎င်းက ပြောပြသည်။

အလုပ်ထုတ်ခံရသည့် အလုပ်သမား ၄ ဦး၏ နစ်နာချက်အတွက် လျော်ကြေးပေးရန် တောင်းဆိုထားကြောင်းနှင့် လျော်ကြေးပေးမပေးကို လာမည့် ဖေဖ၀ါရီလ (၄) ရက်တွင် အလုပ်ရှင်ထံမှ အကြောင်းပြန်မည်ဟုလည်း သိရသည်။

အလုပ်ရှင်က လိုက်လျောသည်ဟု ဆိုသော်လည်း တင်းကျပ်သော စည်းကမ်းများကို ချမှတ်လိုက်သည်ဟု အလုပ်ဖြုတ်ခံထားရသူ အလုပ်သမားကိုယ်စားလှယ် တဦးက ပြောသည်။

“လုပ်ခတိုးပေးတယ် ဆိုတာ ဟုတ်ပါတယ်။ အရင်က တနေ့ကို ဘတ် ၈၀ ပဲ ရနေရာ ကနေ ၁၅၇ ဘတ်ထိတိုးရတာ ဟာ ၀မ်းသာစရာပါ၊ ကျမတို့လုပ်တာ အောင်မြင်တယ်လို့ တွက်ရင် ရတာပေါ့၊  တိုးတောင်းတာက ၁၀ဘတ်ထဲပါ၊ ဒါပေမယ့် သူတို့ချမှတ်လိုက်တဲ့ စည်းကမ်းက အိမ်သာတခါသွားရင် နှစ်မိနစ်ပဲ  ကြာရမယ်တို့၊ ဘာမလုပ်ရ ညာမလုပ် ရ စသဖြင့် အရင်တုန်းကမရှိခဲ့တဲ့ စည်းကမ်းတွေနဲ့တင်းကျပ်တဲ့သဘောကို လုပ်လာတာဟာ နှိပ်ကွပ်တာတမျိုးပဲလို့ ကျမထင်တယ်”ဟု ၎င်းက ဆိုသည်။

၂၀၀၉-၂၀၁၀ ခုနှစ်များအတွင်း အလုပ်သမားများ ဆန္ဒပြ တောင်းဆိုခဲ့သည်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဘန်ဖီ ဖိနပ်ချုပ် စက်ရုံနှင့် မဲဆောက်မြို့Top Form အမျိုးသမီးအတွင်းခံ အင်္ကျီစက်ရုံများမှ အလုပ်ရှင်များသည် အာဏာပိုင်များရှေ့ ၌ လိုက်လျောပါမည်ဟု ကတိပေးသော်လည်း နောက်ပိုင်းတွင် အလုပ်သမားများကို စက်ရုံမှ ထွက်သွားစေရန် နည်းမျိုးစုံဖြင့် ပြုလုပ်ခဲ့ကြသည်၊ ထို့ကြောင့် ရာနှင့်ချီသော အလုပ်သမားများ စက်ရုံမှ ထွက်သွားရ ခြင်း အလုပ်ထုတ်ပစ်ခံရခြင်းများရှိခဲ့ကြောင်း၊ ယခု စက်ရုံတွင်လည်း လက်ရှိအလုပ်သမား ၂၀ခန့်အလုပ်မှ ထွက်ရန် စာတင်ထားကြောင်း သိရသည်။

OSAKA MARUNI (Thailand) Co. Ltd မှာ ဂျပန်လူမျိုး သူဌေး ပိုင်ဆိုင်ကြောင်း၊ စက်ရုံတွင် အလုပ်သမား ၁၅၀ ခန့်ရှိပြီး မြန်မာအလုပ်သမား ၇၂ဦးရှိကြောင်း သိရသည်။ အများစုမှာ အမျိုးသမီးများဖြစ်ကြသည်ဟု ဆို သည်။

ထိုင်းနိုင်ငံအတွင်း၌ မြန်မာနိုင်ငံသား စုစုပေါင်း ၂ သန်း မှ ၄ သန်းအထိ ရှိကြောင်း အလုပ်သမား အဖွဲ့များက ပြောဆိုကြသည်။