ရွေးကောက်ပွဲမတိုင်မီ ဖိနှိပ်မှုများရပ်ရန် AI အဖွဲ့ တောင်းဆို

Tuesday, 16 February 2010 18:01
Print
ယခုနှစ် အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲ မတိုင်မီ ဒီမိုကရေစီအရေး လှုပ်ရှားသူ တိုင်းရင်းသား လူမျိုးစုတို့အပေါ် ဖိနှိပ်မှုများ ရပ်တန့်ရန် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (AI) က မြန်မာ အစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။

မြန်မာပြည် နိုင်ငံရေး လှုပ်ရှားမှုတွင် တိုင်းရင်းသား လူမျိုးစုတို့၏ အခန်း ကဏ္ဍသည် အလွန် အရေးကြီး သည်ဟု AI အဖွဲ့မှ မြန်မာ့ ရေးရာ သုတေသီ မစ္စတာ ဘင်ဂျမင် ဇာဝါကီက ပြောသည်။

“သူတို့ရဲ့ နိုင်ငံရေး လှုပ်ရှားမှု တွေကို အစိုးရက အပြင်းအထန် ဖိနှိပ်တဲ့ နည်းနဲ့ တုံ့ပြန် နေပါတယ်။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် မှာလည်း တိုင်းရင်းသား လူနည်းစုတွေ အပေါ် ဖိနှိပ်မှုတွေ ပိုများ လာမှာကို စိုးရိမ်ရပါတယ်” ဟု သူက ပြောသည်။

စာမျက်နှာ ၅၈ မျက်နှာ ပါရှိသော အစီရင် ခံစာတွင်  ဒီမိုကရေစီအရေး လှုပ်ရှားသူ တိုင်းရင်းသား ဦးရေ  ၇၀၀ ကျော်တို့၏ ၂ နှစ်တာ အတွင်း ကြုံတွေ့ခဲ့သည့် အဖြစ်အပျက်များကို ဖော်ပြထားသည်။

တိုင်းရင်းသားများ၏ နိုင်ငံရေး လှုပ်ရှားမှုများကို အာဏာပိုင်တို့က အသေးစိတ် စောင့်ကြည့်ပြီး အနှောင့်အယှက်ပေးခြင်း၊ ခွဲခြား ဆက်ဆံခြင်းများ ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

AI အဖွဲ့၏ ထုတ်ပြန်ကြေညာချက်ကို သဘောတူ ထောက်ခံကြောင်း ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ စောအဲလ်ဘတ်က ဧရာဝတီသို့ ပြောသည်။ တိုင်းရင်းသား ဒေသမှ အရပ်သားများလည်း အန္တရာယ်နှင့် ကြုံနေရသည်ဟု သူက ဆိုသည်။

“တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့အတွက် ဒေသခံ ရွာသူ ရွာသားတွေက တောထဲတောင်ထဲကို ထွက်ပြေးနေကြရတယ်” ဟု  စောအဲလ်ဘတ်က ပြောသည်။

ထို့အပြင် ၂၀၁၀ ပြည့်နှစ် အတွင်း ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည်ဟု မယူဆကြောင်း  စောအဲလ်ဘတ်က ဆက်ပြောသည်။

ရွေးကောက်ပွဲ မတိုင်မီ တိုင်းရင်းသားများအပေါ် ဖိနှိပ်မှုများ ရပ်တန့်ရေး တောင်းဆိုသည့် AI အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မြန်မာ အစိုးရက တုံ့ပြန်ခြင်း မရှိသေးပေ။

AI အဖွဲ့သည် နိုင်ငံအသီးသီးရှိ အခြေအနေများကို စောင့်ကြည့်နေသည့် လူ့အခွင့်အရေးအဖွဲ့ကြီး ဖြစ်သည်။ မြန်မာစစ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် AI အဖွဲ့ ကိုယ်စားလှယ်တချို့သည် ၂၀၀၃ခုနှစ်က မြန်မာနိုင်ငံသို့ သွားရောက်ပြီး လူ့အခွင့်အရေး အခြေအနေများကို လေ့လာခဲ့သည်။