မွန်ပါတီဟောင်း ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်

Friday, 26 March 2010 12:23
Print
မွန်ပြည်နယ် လူထု ထောက်ခံမှု အများအပြား ရခဲ့သည့် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ (MNDF) သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မှု မပြုရန် ဗုဒ္ဓဟူးနေ့က ဆုံးဖြတ် လိုက်သည် ဟု သိရသည်။

ပါတီခေါင်းဆောင်များက မော်လမြိုင်မြို့တွင် အစည်းအဝေး ကျင်းပပြီး ထိုသို့ ဆုံးဖြတ်ကြခြင်းမှာ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို လက်မခံနိုင်သောကြောင့် ဖြစ်သည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မင်းစိုးလင်းက ဧရာဝတီကို ပြောသည်။

“ဒီမိုကရေစီ နည်းလမ်းနဲ့ ကျနော်တို့ ပါတီ ရှေ့ဆက် လျှောက်သွားမယ်၊ ကိုယ့်ရာဇ၀င် ကိုယ်ရေးကြမယ်၊ ကိုယ်မှားရင် ကိုယ်ခံမယ်၊ အဲဒါ ကျနော်တို့ ပါတီရဲ့မူ ဖြစ်တယ်” ဟု  ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

ယခင်က တောင်းဆိုထားသည့်အတိုင်း အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးပြီး၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ပေးမှသာ ရွေးကောက်ပွဲ ၀င်မည်ဟု ဆိုသည်။

သို့သော်လည်း MNDF သည် မကြာမီ ပေါ်ပေါက်လာဖွယ်ရှိသည့် မွန်နိုင်ငံရေး ပါတီများကို ဆန့်ကျင်မည် မဟုတ်ဟု  ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

MNDF သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ မဲဆန္ဒနယ် ၅ ခုတွင် အနိုင်ရခဲ့သည်။

အာဏာပိုင်တို့က ရွေးကောက်ပွဲအပြီး ၂နှစ်အကြာတွင် MNDF ကို ဖျက်သိမ်းခဲ့သည်။ ပါတီခေါင်းဆောင်တချို့ကိုလည်း ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ သို့သော်လည်း ပါတီခေါင်းဆောင်တချို့က  ပါတီအမည်ဖြင့် နိုင်ငံရေးလှုပ်ရှားမှု တချို့ကို ဆက်လက် လုပ်ကိုင်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် ပါတီတချို့နှင့် ပူးပေါင်းပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီကို ဖွဲ့စည်းလှုပ်ရှားခဲ့သည်။