စစ်ဖြစ်မည်ကို စိုးရိမ်၍ ရှမ်းပြည်ဒေသခံ ရာနှင့်ချီ ထွက်ပြေး

E-mail Print
စစ်အစိုးရနှင့် ရှမ်းပြည် တောင်ပိုင်း အခြေစိုက် ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့များ အကြား ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် UWSA မိသားစုများ အပါအ၀င် ရာနှင့်ချီသော ရှမ်း၊ လားဟူ တိုင်းရင်းသားများ၊  တရုတ်နှင့် ထိုင်း စီးပွားရေး လုပ်ငန်းရှင်များမှာ ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင် လာကြကြောင်း သိရသည်။

ထောင်ပေါင်း များစွာသော UWSA တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုများသည် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဖန်မြို့နယ်နှင့် မျက်နှာချင်းဆိုင်ရှိ ရှမ်းပြည်တောင်ပိုင်းဒေသများအတွင်း နေထိုင်လျှက်ရှိကြောင်း၊ အင်အား၂၅၀၀၀ ခန့် ရှိသည့် UWSA ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် မြန်မာစစ်အစိုးရက ဖိအားပေးလျက်ရှိကြောင်း UWSA နှင့် နီးစပ်သူများက ဆိုသည်။

ယင်းဒေသတွင်းမှ ဒေသခံပြည်သူများသည် UWSA နယ်ခြားစောင့်တပ် အသွင်ပြောင်းရန်  စစ်အစိုးရကို အကြောင်း ပြန်ရမည့် နောက်ဆုံးရက် ဧပြီလ၂၂ ရက်နေ့တွင် ပို၍လုံခြုံစိတ်ချရသော ထိုင်းမြန်မာနယ်စပ်သို့ အလုံးအရင်းဖြင့် စတင် ထွက်ခွာလာခဲ့ကြ ခြင်းဖြစ်သည်။

စစ်အစိုးရက UWSA တပ်ဖွဲ့များ အခြေပြုရာ ရှမ်းပြည်တောင်ပိုင်းသို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု သတင်းများ ထွက်ပေါ် လာပြီးနောက် ယခုကဲ့သို့ ဒေသခံများ တိမ်းရှောင်ကြခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်နှင့် နယ်နိမိတ်ခြင်း ထိစပ်လျှက်ရှိသည့် ဖန်မြို့နယ်နှင့် ၂၃ ကီလိုမီတာအကွာ ထိုင်း မြန်မာနယ်စပ် အန်ကန်း တောင်ကုန်းပေါ်တွင် နေရာယူထားသော ထိုင်း တပ်ဖွဲ့ဝင်များက UWSA နှင့် မြန်မာစစ်အစိုးရ တပ်များအကြား ဧပြီလ၂၃ နှင့်၂၄ ရက်နေ့များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ပြောသည်။

ယင်းသို့တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ထိုင်း-မြန်မာနယ်စပ်ရှိ နော်လန်းကျေးရွာ၌ ထိုင်းတပ်ဖွဲ့များကို ဖြန့်ချထားခဲ့ကြောင်း ဒေသခံ များက ပြောသည်။

တဆက်တည်းမှာပင် ထိုင်းနယ်မြေအတွင်းသို့ မော်တာ ကျည်ဆန်များ ကျရောက်ပေါက်ကွဲနိုင်သဖြင့် နော်လန်းဒေသရှိ နယ်စပ် အ၀င်အထွက် လမ်းကြောင်းများအား ထိုင်းတပ်မှ ပိတ်ထားခဲ့ကြောင်း၊ စာသင်ကျောင်း ၂ ကျောင်းကိုလည်း ပိတ်လိုက်ပြီး ကလေး သူငယ်များကို လုံခြုံရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

ရှမ်းပြည်တောင်ပိုင်း၌ နေထိုင်ကြသော တရုတ်လူမျိုး အများအပြားသည် UWSA ဌာနချုပ်တည်ရှိရာ ရှမ်းပြည်မြောက်ပိုင်း ပန်ဆန်း သို့ ရွှေ့ ပြောင်းသွားကြကြောင်း ဒေသခံများက ဆိုသည်။ ထိုင်း မြန်မာနယ်စပ် သတင်းရပ်ကွက်များအဆိုအရ ယင်းဒေသ တွင်းရှိ ထိုင်းလူမျိုး အများအပြားသည်လည်း ၎င်းတို့ နေရပ်များဆီ ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။

စစ်ပွဲများ အန္တရာယ်မှ ရှောင်ရှားနိုင်ရန်အတွက် ရှမ်းပြည်တောင်ပိုင်းမှ တရုတ်လူမျိုး ၂၀၀၀ ခန့် ရှမ်းပြည်မြောက်ပိုင်းသို့ ရွှေ့ပြောင်း သွားကြပြီဟု တရုတ် မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည်။

ဝ မိသားစုအများအပြားသည်လည်း ချင်းမိုင်ခရိုင် မဲ့အီမြို့နယ် မျက်နှာချင်းဆိုင်ရှိ နယ်စပ်ဒေသသို့ မပြောင်းရွှေ့မီ ၎င်းတို့ ပိုင်ဆိုင် သည့် ခြံမွေးတိရစ္ဆာန်များ၊ ကားများ၊ ဆိုင်ကယ်နှင့် အခြားပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခဲ့ကြကြောင်း နယ်စပ် သတင်း ရပ်ကွက်များက ပြောကြသည်။
ဝေ ဟန်း မြို့နယ်ရှိ ကုန်းကွာ ဒုက္ခသည်စခန်းကော်မတီ အဆိုအရ လက်ရှိ ဖြစ်ပွားနေသော အခြေအနေများအပေါ် သတိရှိကြရန် စခန်းတွင်းနေထိုင်ကြသော ရှမ်းဒုက္ခသည်များကို ထိုင်းတပ်မတော်က တိုက်တွန်းပြောဆိုထားကြောင်း သိရသည်။ ယင်းစခန်း၌ ဒုက္ခသည် ၆၀၀ ခန့် ခိုလှုံလျှက် ရှိကြသည်။

“ကျနော်တို့ စခန်းကို လွန်ခဲ့တဲ့နှစ်ရက်က ထိုင်းစစ်တပ်က လာသွားတယ်၊ မစိုးရိမ်ဖို့နဲ့ ပစ်ခတ်သံတွေကြားရတယ်၊ တိုက်ပွဲတွေ ဖြစ်ပွားတယ် ဆိုရင် သူတို့လာပြီး လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းပေးမယ်လို့ ပြောသွားတယ်”ဟု အဆိုပါစခန်း၌ နေထိုင်သူ ရှမ်းဒုက္ခ သည်တဦးက ဧရာဝတီသို့ ပြောသည်။

၂၀၀၃ ခုနှစ်၌ ဖြစ်ပွားခဲ့သော ရှမ်းပြည်တပ်တော်(တောင်ပိုင်း) (SSA-S) နှင့် မြန်မာအစိုးရတပ်များအကြား တိုက်ပွဲများ အတွင်း မော်တာ ကျည်ဆန်တချို့ထိုင်းနယ်မြေအတွင်း ကျရောက်ခဲ့သည်ဟု SSA-S ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ဆိုသည်။

အစိုးရတပ်အနေနှင့် UWSA တပ်များကို SSA-S တပ်များဟု ထင်ပြီး ဧပြီ ၂၃ နှင့် ၂၄ ရက်နေ့တို့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟုလည်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ ရှမ်းပြည်တောင်ပိုင်းတွင် တည်ငြိမ်မှုမရှိသည့်အတွက် ထိုင်း မြန်မာနယ်စပ် တာချီလိတ်မြို့နယ် အတွင်း နေထိုင်ကြ သူများသည်လည်း လုံခြုံရာ ဘေးကင်းရာ ထိုင်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလျက်ရှိကြကြောင်း သိရသည်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ်မှ ဒေသခံများသည်လည်း ဒေသတွင်း၌ တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ်သဖြင့် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)ဌာနချုပ်တည်ရှိရာ လိုင်ဇာမှတဆင့် တရုတ်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်း လျက် ရှိကြောင်း မြစ်ကြီးနားမြို့ ဒေသခံတဦးက ပြောပြသည်။

အဆိုပါရွှေ့ပြောင်းသူများအနက် တချို့မှာ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်များ ကိုင်ဆောင်၍ တရုတ်နိုင်ငံအတွင်းသို့ ၀င်ရောက်ပြီး ၎င်းတို့ ဆွေမျိုးများနှင့်အတူ ယူနန်ခရိုင်အတွင်း နေထိုင်လျှက်ရှိကြကြောင်း မကြာသေးမီက ယင်းဒေသသို့ သွားရောက်ခဲ့သူ တဦး က ဆိုသည်။

ရှမ်းပြည်တောင်ပိုင်းတွင် စစ်ပွဲများဖြစ်ပွားလာပါက ထောင်ပေါင်းများစွာသော ဒုက္ခသည်များ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေး တိမ်းရှောင်ကြမည်ဖြစ်ကြောင်း ထိုင်းစစ်ဘက်ဆိုင်ရာ အရာရှိများက သတိပေးပြောကြားခဲ့သည်။ ထိုသို့ ဖြစ်ပေါ်လာပါက ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်များသို့ မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများ အများအပြား ၀င်ရောက်လာနိုင်ကြောင်း ချင်းမိုင် မူးယစ် ထိန်းချုပ် ရေးအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဖွန်ထစ် အင်ပရာဖိုင်က ဆိုသည်။

၂၀၀၉ ခုနှစ် သြဂုတ်လတွင် မြန်မာစစ်အစိုးရက ၎င်းတို့နှင့် အပစ်အခတ်ရပ်စဲထားသော မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု တပ်မတော် (MNDAA) ဟု လူသိများသည့် ကိုးကန့်အဖွဲ့ ဌာနချုပ်ကို ထိုးစစ်ဆင်ခဲ့သည်။ ယင်း ထိုးစစ် ကြောင့် ကိုးကန့်မြို့တော် လောက်ကိုင်တွင် နေထိုင်ကြသော တရုတ်လူမျိုး ဒေသခံများအပါအ၀င် လူ ၃၇၀၀၀ ခန့် တရုတ်နိုင်ငံ အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်